Saturday, June 13, 2015

အီရန်က တာလီဘန်များထံသို့ ငွေကြေးနှင့် စက်လက်နက်ပစ္စည်းများ တိုးမြှင့်တင်ပို့လျက်ရှိဟုဆို


မကြာသေးမီလများက အာဖဂန်နစ္စတန်မှ တာလီဘန်များထံသို့ အီရန်အစိုးရ က လက်နက်နှင့် ငွေများ တိုးမြှင့်တင်ပို့ပေးခဲ့သည်ဟု Fox News သတင်း တစ်ပုဒ် တွင် ဖော်ပြထားသည်။ အာဖဂန်နှင့် အနောက်နိုင်ငံ အရာရှိများကို ကိုးကားဖော်ပြခဲ့သည့် Wall Street ဂျာနယ်သတင်းအရ၊ စစ်သွေးကြွများကို တိုးမြှင့်ထောက်ပံ့ရသည့် အီရန်၏ အဓိကရည်ရွယ်ချက်မှာ အိုင်အက်စ်အကြမ်းဖက် အုပ်စုအား အာဖဂန်နစ္စတန်တွင် ခြေကုပ်ရယူခြင်းမှ တားဆီး ရန်နှင့် ၂၀၁၆ခုနှစ် နှစ်ကုန် တွင်စီစဉ် ထားသည့်အတိုင်း အမေရိကန် တပ်သားအများစု မရုပ်သိမ်းမီတွင် အမေရိကန် သြဇာကို နှောင့်ယှက် ဟန့်တားထားရန် ဖြစ်သည်ဟု ဆိုသည်။
အီရန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် သုံးနိုင်ငံဆုံရာ ဝေးခေါင်သော နယ်စပ်ဒေသသို့ မှောင်ခိုကုန်ပစ္စည်းများကို မောင်းသယ်လာ သည့် အီရန်အစိုးရက အခကြေးငွေ ပေးထားသော မှောင်ခိုကုန်သည်များထံမှ လက်နက်များကို လက်ခံရရှိခဲ့ကြောင်း တာလီဘန် သူပုန်တစ်ယောက်က ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းတွင် ကိုးကားဖော်ပြထားသည်။ တာလီဘန်တို့ လက်ခံရရှိခဲ့သည် ဆိုသော လက်နက်များထဲတွင် စိန်ပြောင်းများ၊ စက်သေနတ်များ၊ ရိုင်ဖယ်များနှင့် ဒုံးတွန်း ဗုံးများ ပါဝင်နေသည်ဟု ဆိုသည်။ 

သို့ရာတွင်အီရန်ကမူ တာလီဘန်တို့ကို ငွေကြေး၊ စစ်ရေး ထောက်ပံ့နေ သည်ဟူသည့် ပြောဆိုမှုများကို ငြင်းဆန်ထားသည်။ ယခု Wall Street ဂျာနယ်၏ သတင်းနှင့် ပတ်သက်၍လည်း မည်သည့် အီရန်အာဏာပိုင်ကမျှ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။ 

အီရန် နျူကလီးယားအစီအစဉ်၏ အနာဂတ်နှင့်ပတ်သက်၍ အနောက်အင်အားကြီး နိုင်ငံများနှင့် တီဟီရန်တို့ကြား စေ့စပ်ညှိနှိုင်းနေ မှုများကို ဝေဖန်နေသည့် ရီပတ် ဘလီကင်များကမူ တာလီဘန်၊ ဟစ်ဇ်ဘိုလာနှင့် အရှေ့အလယ်ပိုင်းမှ အခြားစစ်သွေးကြွ အုပ်စုများကို အီရန်၏ ထောက်ပံ့ မှုမှာ နိုင်ငံ့စီးပွားရေးကို လည်ပင်းညှစ်နေ သည့် ဒဏ်ခတ်ပိတ်ဆို့မှုများမှ သက်သာရာရမည့် အလားအလာများကြောင့် ပိုမိုတိုးမြင့်လာဖွယ်ရာရှိ သည်ဟု ဆိုသည်။ 

‘‘ဒါဟာ အီရန်က ဒေသတွင်းမှာ ရန်လိုအကြမ်းဖက်နေတဲ့ လက်တွေ့မျက်မြင် အချက်အလက်တွေအပေါ် အမေရိကန်အစိုးရရဲ့ အလေးအနက် မထားမှုကို ပြတဲ့ သက်သေသာဓက တစ်ခုပါပဲ’’ဟု ဆီးနိတ်အမတ် ဂျွန် မက္ကိန်းက Wall Street ဂျာနယ်ကို ပြောကြားသည်။ 

ယမန်နှစ် အောက်တိုဘာလက ပင်တဂွန်က ပြုစုခဲ့သည့် အစီရင်ခံစာအရ အီရန်၏ တော်လှန်ရေး အစောင့်တပ်က ၂၀၀၇ ခုနှစ်မှ စတင်ကာ တာလီဘန်များကို လက်နက်များ ထောက်ပံ့လာခဲ့သည်ဟု ဆိုသည်။ အစ္စလာမ် ညီလာခံတစ်ခုသို့ တက်ရောက်ရန် တာလီဘန် ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီတွင်မူ တီဟီရန်နှင့် တာလီဘန်ကြား ဆက်ဆံရေးမှာ ပိုမိုခိုင်မာသွားခဲ့သည်ဟု Wall Street သတင်းတွင် ဖော်ပြထားသည်။ 

လွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက အီရန်မှာ ၎င်း၏ပိုင်နက်အတွင်းတွင် တာလီဘန်တို့အတွက် လေ့ကျင့်ရေးစခန်းများ ထူထောင်ကာ သင်တန်းပေး နေခဲ့ပြီး လက်ရှိ တွင်လည်း လေ့ကျင့်ရေးစခန်း အနည်းဆုံး လေးခုခန့် ရှိနေသည်ဟု ဆိုသည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List