ကမ္ဘာ့နိုင်ငံများ အလေးအနက်ထား စောင့်ကြည့်နေရသည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ ဘာဗားရီးယန်းတောင်တန်းရှိ အပန်းဖြေစခန်းတွင် တနင်္ဂနွေနေ့က စတင်ကျင်းပရာ IS အစွန်းရောက် အကြမ်းဖက်အုပ်စု နှိမ်နင်းရေး၊ ယူကရိန်း စစ်မက်ပဋိပက္ခနှင့် ဂရိနိုင်ငံ ကြွေးမြီပြဿနာတို့က ယင်းဆွေးနွေးပွဲကို လွှမ်းမိုးထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ အိုဘားမားလည်း တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်ပင် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ အမေရိကန်အစိုးရ အရာရှိကြီးများ၏ အဆိုအရ အိုဘားမား အနေနှင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း စစ်မက်ပဋိပက္ခနှင့်ဆက်နွှယ်ပြီး ရုရှားအပေါ် အမေရိကန်၏ မဟာမိတ်နိုင်ငံများ ထပ်မံ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရေးနှင့် IS အစွန်းရောက် အကြမ်းဖက်အုပ်စု နှိမ်နင်းရေးကိစ္စတို့ကို အလေးပေး ဆွေးနွေးသွားဖွယ် ရှိကြောင်း ဂျာမနီသို့ ရောက်ရှိနေသည့် နိုင်ငံတကာမီဒီယာအချို့က ဖော်ပြသည်။
BBCသတင်းဌာန၏ ဖော်ပြချက်အရ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွင် ရုရှားနှင့်ယူကရိန်းအရေးကိစ္စသည် အကြီးမားဆုံးသော ပြဿနာတစ်ရပ်အဖြစ် ပါဝင်မည်ဖြစ်ပြီး ဂရိကြွေးမြီ ကိစ္စကိုလည်း ဆွေးနွေးပွဲတက်ရောက်သည့်
ခေါင်းဆောင်များ အလေးပေး ဆွေးနွေးရလိမ့်မည် ဖြစ်သည်။
အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အားနက်စ်က အိုဘားမား အနေနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အပြုအမူကို ပြောင်းလဲပစ်နိုင်ခြင်းမရှိသည်မှာ ထင်ရှားကြောင်း ပြောကြားသည်။
“စီးပွားရေး ပိတ်ဆို့အရေးယူပြီး ဖိအားပေးတဲ့လုပ်ရပ်က ယူကရိန်းအပေါ် ထားရှိတဲ့ ပူတင်ရဲ့ သဘောထားနဲ့ မူဝါဒကို အပြောင်းအလဲဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။
ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသော ဂျာမနီ အဓိပတိ အင်ဂလာမာကယ်လ် အနေနှင့် အထက်ဖော်ပြပါ အရေးကိစ္စကြီးများအပြင် ကမ္ဘာကြီးပူနွေးမှု လျှော့ချရေး၊ အီဘိုလာရောဂါ အပါအဝင် ပဋိဇီဝဆေးဝါးများ၊ အပူပိုင်းဒေသရောဂါများ အစရှိသည့် ကျန်းမာရေးဆိုင်ရာ အရေးကိစ္စများကို အလေးပေးဆွေးနွေးလိမ့်မည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။
ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် နေရာနှင့်နီးကပ်သည့် ဂါမစ်ပါတန်ကီချန်မြို့တွင် စနေနေ့က ဂျီ-၇ ဆန့်ကျင်ရေး ဆန္ဒပြအုပ်စုထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း၊ ဆန္ဒပြသူအချို့ ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ခဲ့ရကြောင်း ဂျာမနီမီဒီယာများက ဖော်ပြသည်။
သို့သော် ယခုဆန္ဒပြပွဲနှင့် ပဋိပက္ခသည် ယခင်ထိပ်သီးဆွေးနွေးပွဲများ ကျင်းပစဉ် ထွက်ပေါ်ခဲ့ဖူးသော ဆန္ဒပြပွဲများနှင့် နှိုင်းယှဉ်မည် ဆိုပါက အင်အားနည်းပါးသည်ဟု ဆိုသည်။
ဂျီ-၇ ထိပ်သီးနိုင်ငံများမှာ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့ ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment