Tuesday, June 09, 2015

မူးယစ်ဆေးဝါး သယ်လာသည့် မြန်မာ ၆ ဦးကို ထိုင်းရဲဖမ်းမိ


စိတ်ကြွမူးယစ်ဆေးဝါး (အိုက်စ်) ၁၄ ကီလို သယ်ဆောင်လာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီး ၅ ဦး အပါအ ၀င် မြန်မာနိုင်ငံသား ၆ ဦးကို ဇွန် ၇ ရက်နေ့ မနက်က ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ ဖမ်းဆီးမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

လင်းယုအောင် (၃၅ နှစ်)၊ ကေသီနွယ် (၂၉ နှစ်)၊ ၀င်းမေ (၅၄ နှစ်)၊ သန်းသန်းဝင်း (၄၂ နှစ်)၊ ဇင်မာနွယ် (၃၄ နှစ်) နဲ့ ဝေယံထွေး (၃၂ နှစ်) တို့ဟာ အငှားယာဉ်တစီးနဲ့ သွားနေစဉ်အတွင်း သန်ယာဘူရီခရိုင်၊ ပတူနန်းချူလာလောင်ကွန်း ရဲအဖွဲ့က စစ်ဆေးရေးဂိတ်အရောက် တားဆီးစစ်ဆေးအပြီးမှာ ဖမ်းဆီးခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို ၁ ကီလိုဂရမ် အလေးချိန်ရှိ အိတ် ၁၄ အိတ်နဲ့ အဲဒီအိတ်တွေပေါ်မှာ လက်ဖက်ခြောက်အိတ်အဖြစ် တံဆိပ်ကပ်ထားပြီး ပလတ်စတစ်အိတ် အကြီးတအိတ်ထဲမှာ ထည့်သွင်းသယ်ဆောင်လာတာကို လက်ရဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ မြန်မာအမျိုးသမီးတွေထဲက တဦးက သူတို့ဟာ တပ်ခ်ခရိုင်၊ မဲဆောက်ကနေ ဒီမူးယစ်ဆေးတွေကို သယ်လာခဲ့ကြတာလို့ ထိုင်းရဲတွေကို ပြောပါတယ်။

သူတို့က မူးယစ်ဆေးဝါးတွေကို ဘန်ကောက် ရန်းဆစ်ဈေးမှာရှိတဲ့ မူးယစ်ဆေးဝါး ၀ယ်လက်ဆီ လက်ဖက်ခြောက်တွေသွင်းတဲ့ ပုံစံမျိုးနဲ့ သယ်ဆောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး အဲဒီနေရာမရောက်ခင် လမ်းမှာတင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

DVB


No comments:

Post a Comment

My Blog List