Saturday, June 13, 2015

နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုပါက ပဋိပက္ခဒေသရှိ အမျိုးသမီးများ ပါဝင်ရန်လို


လော်ခီးလာတွင် ပြုလုပ်သည့် တိုင်းရင်းသား ညီလာခံအတွင်း သဘောတူညီ ခဲ့သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက် နိုင်ငံရေးဆွေး နွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် သဘောတူလိုက် ခြင်းအပေါ် ယင်း ၃၀ ရာခိုင်နှုန်း တွင် ပဋိပက္ခ ဒေသများရှိ အမျိုးသမီးများ ပါဝင်ရန် လိုအပ်သည်ဟု ယင်းညီလာခံတွင် အဆိုတင်သွင်းခဲ့သည့် လားဟူ အမျိုးသမီး အဖွဲ့မှ နန့်ပေ့ပိုးက မဇ္ဈိမကို ပြောသည်။
နန့်ပေ့ပိုးက “ကျွန်မတို့ ဒီ NCA စာချုပ်မူကြမ်းကို လေ့လာတဲ့အခါမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ဆိုတာလည်း မပါဘူး။ အမျိုးသမီး ပါဝင်ဖို့ တိတိကျကျ ရေးဆွဲထား တာလည်း မရှိဘူး။ သင့်တင့်လျောက်ပတ်သော အချိုးအစားဆိုတော့ ပါတယ်ဆိုရုံ ၁ ရာခိုင်နှုန်း လောက်၊ ၂ ရာခိုင်နှုန်း လောက်ပဲဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ဒီတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလို့ ပြောလိုက်ခြင်း အားဖြင့် မပါမဖြစ် ပါရတော့မယ်။ ပါအောင်လည်း အစိုးရဘက်ကနေ ယာယီ အထူးလုပ်ဆောင်ချက် အနေနဲ့ လုပ်ဆောင်ရမယ့် စံနှုန်းလည်း ရှိလာရတော့မယ်” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိအခြေအနေတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ တိုင်းရင်းသားပေါင်းစုံ ထိပ်သီးဆွေးနွေးပွဲများ တွင် အမျိုးသမီးပါဝင်မှုနှုန်း လွန်စွာနည်းပါးနေ၍ အမျိုးသမီးများ၏ အခွင့်အရေး၊ အခက်အခဲနှင့် လိုအပ်ချက်များကို ထောက်ပြ ပြောဆိုပေးနိုင်မှုနှင့် ထောက်ပြပြောဆိုမှုအပေါ် ထောက်ခံမှု အားနည်းနေသည်ဟု ဆိုသည်။

အပစ်ရပ်လက်မှတ် ထိုးပြီးပါက နောက်တစ်ဆင့်အဖြစ် နိုင်ငံရေးဆွေးနွေး ပွဲများ (National Dialogue) စတင်ချိန်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း မပါဝင်ပါက အမျိုး သမီးများ၏ ကိစ္စများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများရှိ အမျိုးသမီးများ၏ အခွင့် အရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် အခက်အခဲများကို သေချာ ကျနစွာ တင်ပြပြောဆိုနိုင်သူ မရှိဘဲ လျစ်လျူရှု ခံလာရနိုင်သည့်အတွက် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်မှုသည် အရေးကြီးသည်ဟု နန့်ပေ့ပိုးက ဆိုသည်။

ချင်းတိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှုး(၁) ဦးရှိန်းထွန်းက “ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းက ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အမျိုးသမီးတွေက သားကောင်တွေ ဖြစ်ခဲ့ကြရတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ခုလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြု လိုက်တာကို ကြိုဆိုတယ်။ တကယ့် သားကောင်ဖြစ်ခဲ့ရတဲ့ ဒေသက အမျိုးသမီးတွေရဲ့ အသံတွေ တကယ် ပါလာဖို့ သူတို့ကိုပါ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးဖို့ လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။

လော်ခီးလာ ညီလာခံတွင် အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၏ လေ့လာ သုံးသပ်ချက်ကို လားဟူအမျိုးသမီး အဖွဲ့က တင်ပြဆွေးနွေး ခဲ့ပြီး ယင်း မူကြမ်းတွင် အမျိုးသမီးပါဝင်မှုကို သင့်တင့်လျောက်ပတ် သော ရာခိုင်နှုန်းဟုသာ ဖော်ပြထားခြင်း ကို ထောက်ပြကာ တိကျသော ရာခိုင်နှုန်း ရရှိရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရက်တစ် ပါတီမှ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက “အမျိုးသမီးပါဝင်မှု သတ်မှတ်တာ ကောင်းပါတယ်။ ပဋိပက္ခဒေသမှာ ဆိုရင်တော့ ပညာပေး ကိစ္စတွေကို အမျိုးသမီး အချင်းချင်း လုပ်ဆောင်ပေးတာ ပိုထိရောက်တယ်။ ဒါပေမဲ့ အမျိုးသမီးအရေးကို အမျိုးသမီးပဲ ပြောနေတာထက် အမျိုးသားတွေ လည်း ပါဖို့လိုတယ်။ လက်ရှိ အနေအထားအရ ဆိုရင်တော့ အမျိုးသားတွေ ပြောဆိုတာက ပိုထိရောက်နေတယ်လေ။ အမျိုးသားတွေဘက်က စိတ်ပါဝင် စားပေးဖို့လည်း လိုအပ်ပါတယ် ”ဟု ဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဒေါ်စောမြရာဇာလင်းက "အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရဖို့ ဆိုတာ လော်ခီးလာ ညီလာခံမှာ လက်ခံလိုက်တာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ခရီးလမ်းဆိုတာ အရမ်းကိုရှုပ်ထွေးတယ်၊ အခက်အခဲတွေ သိပ်များတယ် ဒါကိုကျော်ဖြတ်နိုင်တဲ့ အမျိုးသမီးတွေဖြစ်ဖို့ အရေးကြီးတယ်” ဟု ဆိုသည်။

အမျိုးသမီးများသည် နိုင်ငံရေးတွင် ထိုက်တန်သော နေရာရရှိနိုင်ကြောင်း အသိရှိရန်နှင့် ထိုက်တန်ကြောင်း ပြသရန် ကြိုးစားဖို့ လိုအပ်ကြောင်း ၎င်းက သုံးသပ် သည်။

Mizzima - News in Burmese



No comments:

Post a Comment

My Blog List