Tuesday, June 09, 2015

အမေရိကန် နိုင်စေချင်သောပါတီ မနိုင်၍ မြန်မာနိုင်ငံကို နှစ်တစ်ရာမက ပိတ်ဆို့လည်း ဂရုမစိုက်ကြောင်း ဦးတင်အေး ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမေရိကန်အစိုးရက အနိုင်ရရှိစေလိုသော ပါတီမနိုင်၍ မြန်မာနိုင်ငံကို နှစ်တစ်ရာမက ပိတ်ဆို့လျှင်လည်း ဂရုမစိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တုံ့ပြန်ပြောကြားသည်။

ဇွန်လ ပထမပတ်အတွင်း အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျမက်ကောနဲလ်က မြန်မာနိုင်ငံ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချို့ယွင်းအားနည်းချက်များ ရှိပြီး ပြည်သူ့ဆန္ဒ မထင်ဟပ်ပါက အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် အဟန့်အတား ဖြစ်လာနိုင်ကြောင်း ပြောဆိုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယင်းကဲ့သို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော် မကြောက်ပါဘူး။ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုတာ ဘာတိုင်းတာတာလဲ၊ သူနိုင်စေချင်တဲ့ပါတီ နိုင်စေချင်တာက လူထုဆန္ဒ ထင်ဟပ်တာလား၊ ဘယ်ပါတီနိုင်နိုင် လူထုသဘောထားအတိုင်း ဖြစ်ရမယ်၊ သူနိုင်စေချင်တဲ့ ပါတီ မနိုင်ဘူးဆိုလို့ ရှိရင် လူထုဆန္ဒ သဘောထား မထင်ဟပ်ဘူးဆိုရင် မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုရင် အခါတစ်ရာ ပိတ်ဆို့ပါစေ ဂရုမစိုက်ဘူး၊ ပိတ်တာဆို့တာတွေ လာမပြောနဲ့” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် နိုင်ငံတကာအနေနှင့် မြန်မာနိုင်ငံကို ဆက်ဆံပါက အပြုသဘောဆောင် ဆက်ဆံရန် လိုအပ်ပြီး ဖိအားပေးမှုများ မပြုလုပ်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ယင်းသို့ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ပြောဆိုချက်ကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူထားသူ အနေနှင့် ရွေးကောက်ပွဲ တရားမျှတမှုရှိစွာ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်သင့်ကြောင်း ဆိုသည်။

“ဒါကတော့ ဘယ်လောက်ပိတ်ပိတ် ဂရုမစိုက်ဘူးလို့ ပြောတာ မသင့်ဘူးပေါ့၊ Gentleman (လူကြီးလူကောင်း) ဆန်ဆန် ကျွန်တော်တို့ ဒါတွေလုပ်နေတယ်။ အဲလိုတော့ ပြောဖို့မသင့်ပါဘူးဆို ရတာပဲလေ၊ တစ်ခုရှိတာက အရင်က ဗိုလ်ချုပ်ဟောင်းဆိုတဲ့ မာနနဲ့ အနာပေါ် တုတ်ကျတာလည်း ဖြစ်နိုင်တာပေါ့” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒ ထင်ဟပ်သော ရွေးကောက်ပွဲ ဖြစ်မလာပါက အမေရိကန်-မြန်မာ ပုံမှန်ဆက်ဆံရေးများ ထပ်တိုးလုပ်ရန် အခက်အခဲများ ရှိလာနိုင်ပြီး အမေရိကန်-မြန်မာ စီးပွားရေး ဆက်ဆံရေးများနှင့် တပ်မတော်အချင်းချင်း ဆက်ဆံရေးများတွင် အဟန့်အတားများ ဖြစ်လာနိုင်ကြောင်း ဇွန်လ ၄ ရက်နေ့ အမေရိကန် ဆီးနိတ်လွှတ်တော် အစည်းအဝေးတွင် ဆီးနိတ်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List