Wednesday, June 10, 2015

သမ္မတဦးသိန်းစိန် အင်းလေးဖောင်တော်ဦးဘုရားတွင် ကိုးန၀င်းနှင့် ဆက်စပ်သော အလှူပြု


သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်အချို့သည် ဇွန်လ၉ ရက် နံနက်တွင် အင်းလေးဖောင်တော်ဦးစေတီတော်သို့ သွားရောက်ဖူးမြော်၍ သံဃာတော် ကိုးပါးအားပရိက္ခရာများ လှူဒါန်းခဲ့ပြီး ဘုရား အတွက်  အလှူငွေကျပ် ကိုးသိန်း ကိုးသောင်းတစ်ထောင်တိတိ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဘက်စုံအလှူအတွက် လှူ တာပါ။ ဘုရားဝေယျာဝစ္စသုံးဖို့ လှူတာ’’ဟု ဖောင်တော်ဦးစေတီ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသုအောင် က ပြောသည်။

သမ္မတနှင့် အဖွဲ့သည် ဖောင်တော်ဦးဘုရားရှိ ရှေးဟောင်း ဘုရားငါးဆူအား ရွှေသင်္ကန်း ကပ်လှူခဲ့ကြပြီး သံဃာတော် ကိုးပါးအား တစ်ပါးလျှင် ပရိက္ခရာအစုံ၊ဆန် ၁၀ အိတ်၊ ဆီတစ်ပုံးလှူဒါန်း ခဲ့ကြောင်း ညောင်ရွှေမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကျော်ဇောလှက ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ဖောင်တော်ဦးစေတီတွင် ကျောင်းသူ၊ ကျောင်းသားများက ကြိုဆိုခဲ့ကြသည်။

မြန်မာအယူအဆအရ ကိုး ဂဏန်းကို ကိုးန၀င်းကိုက်အဖြစ် ယူဆ၍ အထွတ်အမြတ်အဖြစ် အ သုံးပြုကြပြီး လုပ်ငန်းအောင်မြင် စေရန် သုံးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှု ဆောင်အရာရှိ ဦးဇေယျာကိုက ရှင်းပြသည်။

‘‘ကိုးန၀င်း   ကိုက်တော့ အောင်မြင်တာပေါ့။ လှူဒါန်းတဲ့ နေရာမှာ အရေးကြီးကိစ္စလုပ်ကြတယ်’’ ဟု ဦးဇေယျာကိုက ရှင်းပြ သည်။

သမ္မတနှင့်အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် အစိုးရအဖွဲ့ဝင်များ က အင်းလေးကန်အတွင်းသို့ စက် လှေများဖြင့် ကွင်းဆင်းလေ့လာ ခဲ့ကြသည်။

အင်းလေးဖောင်တော်ဦး ဘုရားသည် အင်းလေးကန်ရှိ နန်ဟူရွာ၌ တည်ထားပြီး ဘာသာ ရေးဆိုင်ရာ ကိုးကွယ်မှု တစ်ခုအ နေဖြင့်သာမက ကမ္ဘာလှည့်ခရီး သွားဧည့်သည်များအား ဆွဲဆောင်ရာနေရာလည်းဖြစ်သည်။

ဘုရားဖူးများနှင့် ကမ္ဘာလှည့် များ လာရောက်လေ့ရှိသော ဖောင်တော်ဦးဘုရားဝန်းကျင်ရှိ ချောင်းရေမှာ နွေရာသီတွင် ဆိုးရွားစွာ ခန်းခြောက်လေ့ရှိပြီး ယခုအခါ မိုးပြန်ရွာနေပြီဖြစ်၍  ကန်အတွင်း ရေမျက်နှာပြင်ပြန်လည်မြင့်တက် နေပြီဖြစ်သည်။

ပြီးခဲ့သည့်လကုန်ရက်များ က  စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပြုလုပ်ခဲ့သော ရှင်အပါး ငါးထောင်အလှူပွဲသို့ သမ္မတဦးသိန်းစိန်တက် ရောက်ခဲ့ပြီး ရှင်လောင်းများလှည့်လည်ရာ၌ ဆင်ကိုးကောင်၊မြင်း၁၀၈ ကောင်နှင့် နွားလှည်း အစီး ၉၀ အသုံးပြုခဲ့သဖြင့် ဗေဒင် ကိန်းခန်းအရ ယတြာချေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုခဲ့ကြသည်။

7Day News Journal


No comments:

Post a Comment

My Blog List