Monday, June 08, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဘေဂျင်းအစိုးရက သံလွင်ခက် ကမ်းလှမ်းလိုက်ခြင်းကို ပြသနေကြောင်း တရုတ်မီဒီယာများ သုံးသပ်


တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တင်းမာ နေချိန်တွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပထမဆုံး ၂၀၁၅ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ လာမည့်အပတ်တွင် အလည်အပတ် သွား ရောက်တော့မည် ဖြစ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ လည်ပတ်နေထိုင်မည်ဟု တရုတ် ကွန်မြူနှစ် ပါတီဗဟိုကော်မတီမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် တရုတ် အရာရှိများ မည်သူဖြစ်သည်ကို ဖော်ပြထားခြင်း မရှိသော်လည်း NLD ၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရသူ ဦးဉာဏ်ဝင်း က ဒေါ်အောင်ဆန်း စုကြည်သည် ၅ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ဇီကျင်းပင်းနှင့် ၀န်ကြီးချုပ် လီတို့နှင့် တွေ့ဆုံလိမ့်မည်ဟု ပြောဆိုထားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင်းတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆက်ဆံရေး တင်းမာလျက် ရှိနေပါသည်။ 

တရုတ်စစ်တပ်က ယခုရက်ပိုင်းအတွင်း နယ်စပ်ဒေသ တစ်လျှောက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံဘက်က မိမိတို့၏ နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြော ဆိုခြင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး ဆောင်ရွက်ရန် တိုက်တွန်းခြင်းတို့ ရှိခဲ့သည်။ မတ်လအတွင်းတွင် မြန်မာ စစ်လေယာဉ်မှ ပစ်ချသည့် ဗုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦး အသက် ဆုံးရှုံးခဲ့ရသည်။

“နယ်စပ်ဒေသ လုံခြုံရေးကိစ္စက ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် အရာရှိများ အဓိက ပြောဆိုမည့် အကြောင်းအရာ ဖြစ်ပါလိမ့်မယ်” ဟု တရုတ်လူမှုသိပ္ပံ အကယ်ဒမီမှ အရှေ့တောင်အာရှ လေ့လာရေး ပါမောက္ခ ရှုလီပင်းက ယခုကဲ့သို့ ပြောဆိုထားသည်။

“မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက နှစ်နိုင်ငံကြား နိုင်ငံရေးအရ ယုံကြည်မှုကို ထိခိုက်စေ ခဲ့တယ်။ နှစ်ဖက်ကြား စစ်ရေး တင်းမာမှုတွေ ပြေ လည်စေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့နိုင်ငံရေး အပေါ် လွှမ်းမိုးနိုင် မှုကို အသုံးချ ဖြေရှင်းနိုင်တယ်လို့ ဘေကျင်းဘက် က မျှော်လင့်ထားတာမျိုး ရှိပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နိုင်ငံရေးပါတီနှစ်ခုအကြား အရေးပါသော အမြင်ချင်း ဆွေးနွေးဖလှယ်မှုဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ ဟောင်လေ က သောကြာနေ့တွင် ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံရှိ မတူကွဲပြားသည့် ပါတီများနှင့် အမြင်ချင်း ဆွေးနွေးဖလှယ်ခြင်းများကို တရုတ်က လက်ခံထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ်ခရီးက နှစ်ဖက် နားလည်မှုများကို တိုးမြှင့်စေနိုင်မည်ဟု ၎င်းက ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခြင်းအားဖြင့် မြန်မာအာဏာရ ပါတီနှင့်သာမက အခြား အရေးပါသူများနှင့်ပါ ဆက်ဆံရေး ရှိလာစေ ရန် ဘေကျင်းက ခြေလှမ်းများ လှမ်းလိုက်ခြင်းဖြစ်သည်ဟုလည်း တရုတ်နိုင်ငံတကာဆက်ဆံရေးကို လေ့လာသူများက ဆိုပါသည်။ 

အစဉ်အလာအရ နှစ်နိုင်ငံအကြား နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့ပြီး အနောက်နိုင်ငံများ ပိတ်ဆို့ထားစဉ်အချိန်က မြန်မာနိုင်ငံသည် ၎င်း၏ အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံအား စီးပွားရေးနှင့် သံတမန်ရေးအရ မှီခိုခဲ့ရသည်။ ယခင်စစ်အစိုးရ နေရာတွင် အစားထိုး ပေါ်ပေါက်လာသည့် ပြည်ခိုင်ဖြိုး အစိုးရသစ်က ၀ါရှင်တန်နှင့် အလွမ်းသင့်သွားသောအခါ အဆိုပါ ပြုပြင်ပြောင်းလဲမှုများက ဘေကျင်း အတွက် စိုးရိမ်မှုများ ဖြစ်လာစေသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အား သမ္မတဖြစ်ခွင့် မပေးထားသော်လည်း သူမ၏ NLD ပါတီ သည် နိုဝင်ဘာလ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အလားအလာကောင်းလိမ့်မည်ဟု ဘေကျင်းက ခန့်မှန်းထားသည်။

၂၀၁၁ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် အကြောင်းပြချက်ဖြင့် တရုတ်က လုပ်ဆောင်နေသည့် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခိုင်းလိုက်သည့်အခါ အဆိုပါ ဆက်ဆံရေး အရွှေ့က သိသာလာ ခဲ့သည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီက လက်ရှိလုပ်ကိုင်နေသည့် လက်ပတောင်းကြေးနီ စီမံကိန်းကြောင့် အစိုးရနှင့် ဒေသခံများအကြား ဖြစ်ပွားခဲ့ သည့် သွေးထွက် သံယိုမှုများ၊ လယ်မြေလုပ်ငန်းဆုံးရှုံးမှုများ ကို ဒေါ်အောင်ဆန်းစုကြည် က ကော်မရှင်ဥက္ကဌအနေဖြင့် ၀င်ရောက်ဖြေရှင်းခဲ့သော်လည်း အစိုးရ ဘက်မှ ကော်မရှင်၏ အကြံပြု ချက်များကို အပြည့်အ၀လုပ်ဆောင်မှု မရှိခြင်းကြောင်း အဆိုပါ ဒေသတွင် အခြေအနေများ တင်းမာနေဆဲဖြစ် သည်။၂၀၁၄ ခုနှစ် တွင်လည်း တရုတ်ကျောထောက်နောက်ခံပြု သတ္ထုတွင်း တစ်ခုအနီးတွင် အမျိုးသမီး ဆန္ဒ ပြသူတစ်ဦး မှားယွင်း အပစ်ခတ်ခံ ရသည့်နောက်ပိုင်းတွင် ရန်ကုန်ရှိ တရုတ်သံရုံးနှင့် မန္တလေးရှိ ကောင်စစ်ဝန် ရုံးတွင် ဆန္ဒပြမှုများ ယခုနှစ်အစောပိုင်း တွင် ဖြစ်ပွားခဲ့သည်။

“သြဇာကြီးမားတဲ့ သူတွေနှင့် တတ်နိုင်သမျှ မိတ်ဆွေဖွဲ့နိုင်ဖို့ ဘေကျင်းက ပိုမို အားထုတ်လာနေ ပါတယ်။ အာဏာရ စစ်အစိုးရကိုဘဲ အာရုံစိုက်တာမျိုး မလိုချင်တော့ဘူးလေ။” ရှာမင်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး ပါမောက္ခ ဖန်ဟုန်ဝေက ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ဒီဇင်ဘာတွင် တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် မူလက စီစဉ်ထားခဲ့သော်လည်း အခြေအနေ အရ ခရီးစဉ်နှောင့်နှေးခဲ့ရသည်။ ရုတ်တရက် ဖိတ်ခေါ်သည့် အချိန်ကာလ သည် နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေကြောင်း လေ့လာ အကဲဖြတ်သူများက ထောက်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဘေကျင်းက သံလွင်ခက်အဖြစ် ကမ်းလှမ်း နေကြောင်း သူမ၏ လာမည့် အလည်အပတ်ခရီးစဉ် က ပြသနေသည်ဟု တရုတ်နိုင်ငံမှ ဒေါဝေ့သတင်းဌာနက ရေးသားခဲ့သည်။

The Ladies News Journal


No comments:

Post a Comment

My Blog List