Wednesday, June 10, 2015

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် ခရီးထွက်တော့



ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးမြင်ကွင်းသစ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုလည်း တရုတ်က ဆက်ဆံရေး စ ထူထောင်ပါတယ်မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံဆီ ပထမဆုံးအကြိမ် ခရီးထွက် တရားဝင် လည်ပတ်ခဲ့ပါပြီ။ ဇွန်လ ၁၀ ရက်က ၁၄ ရက်ထိကြာမယ့် ဒီခရီးစဉ်ကို စီစဉ်နေခဲ့တာ မနှစ်က နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပါတယ်။ အခုတော့ တရုတ်အစိုးရရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါ နှစ်ဖက်စလုံး တရားဝင် ပြောဆိုကြေညာပြီး စတင်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီက အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားတာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရော တရုတ်အစိုးရခေါင်းဆောင်တွေနဲ့ပါ တွေ့မယ်လို့ သိရပါတယ်။
တရုတ်နဲ့ မြန်မာ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ဦးသိန်းစိန်ဦးဆောင်တဲ့ လက်ရှိအစိုးရတက်လာတဲ့ ၂၀၁၁ ခုနှစ်ကစပြီး ခပ်စိမ်းစိမ်းဖြစ်သွားပြီး မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းတာ၊ လက်ပံတောင်း ကြေးနီစီမံကိန်း ပြန်စာချုပ်ချုပ်တာတို့ ဖြစ်လာတဲ့အပြင် လတ်တလော မြန်မာနယ်စပ်မှာ တရုတ်တပ်တွေ ကျည် လက်နက် အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်လာတဲ့အထိ အခြေအနေ ပျက်ယွင်းလာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရှိနိုင်ခြေရှိတဲ့ မြန်မာအတိုက်အခံခေါင်းဆောင်ကို တရုတ်က အခုအချိန်မှာ လက်ခံတွေ့ဆုံတာ စိတ်ဝင်စားစရာပါ။

မြစ်ဆုံဆည်စီမံကိန်းကို ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းလိုက်ကတည်းက မြန်မာဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ တရုတ် သဘောပေါက်လာခဲ့ပါတယ်။ ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးမြင်ကွင်းသစ်နဲ့အတူ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အလွှာအရပ်ရပ်ကို ထိတွေ့ဆက်ဆံရေး လမ်းကြောင်းတွေ ဖောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုလည်း ဆက်ဆံရေး စ ထူထောင်ပါတယ်။

သံအမတ်ဟောင်းတွေ၊ တာဝန်ထမ်းဆောင်ဆဲ သံအရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလာခဲ့ကြပြီး ၂ နိုင်ငံဆက်ဆံရေးတွေ ဆွေးနွေးခဲ့ကြတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ NLD ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းအပါအဝင် ထိပ်တန်းကိုယ်စားလှယ်တွေကို တရုတ်ပြည်လာဖို့ ဖိတ်ကြားခဲ့တယ်။ ၂၀၁၄ ဖေဖော်ဝါရီမှာ တရုတ်ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာဌာနရဲ့ ဒု-ဦးစီးမှူး အိုင်ပင်း NLD ဗဟိုဌာနချုပ်ကို လာလည်တယ်။ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနလို တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေးကို အပြည်ပြည်ဆိုင်ရာဌာနက တာဝန်ယူပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက တရုတ်ပြည်သွားမယ်လို့ NLD က နိုဝင်ဘာမှာ ကြေညာတုန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ရော NLD နဲ့ပါ နီးစပ်သူတွေအဆို နှစ်ဘက် အဆင့်တူ တွေ့ဆုံရေး သံတမန်ရေးရာ စည်းကမ်းတွေ ညှိမရခဲ့ဘူးလို့ သိရပါတယ်။ အခု ညှိနှိုင်းရခဲ့ပုံပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ ပါတီအချင်းချင်း ဖိတ်ကြားပေမယ့် ပါတီခေါင်းဆောင်တွေအပြင် အစိုးရခေါင်းဆောင်တွေပါ တွေ့ဆုံဖို့ ဖြစ်လာပါတယ်။ ဦးဉာဏ်ဝင်းရဲ့အဆို တရုတ်သမ္မတ ရှီကျင်ဖျင့်ရော ဝန်ကြီးချုပ် လီကီကွမ်းပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ပါမယ်။

အမေရိကန်အခြေစိုက် တရုတ်သတင်းဝက်ဘ်ဆိုက် Boxun News က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကို ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ် သမ္မတလည်း ဖြစ်သူ ရှီကျင်ဖျင့် ဦးစီးပြီး ဝန်ကြီးချုပ် လီကီကွမ်းနဲ့ အခြားပါတီပေါလစ်ဗျူရိုတွေပါတဲ့ အမျိုးသားလုံခြုံရေး ဗဟိုကော်မရှင် (Central National Security Commission – CNSC) က အဆုံးအဖြတ်ပေးခဲ့တာလို့ ဆိုပါတယ်။

သတင်းဌာနရဲ့အဆို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာပြည်အရေး ကိုင်တွယ်နေပုံကို တရုတ်သမ္မတက အားမရဘူးလို့ သိရပါတယ်။ ၂၀၁၃ နိုဝင်ဘာမှာ CNSC ကို ဖွဲ့ပြီးပြီးချင်း တရုတ်သမ္မတဟာ မြန်မာပြည်အရေး ပြန်သုံးသပ်ဖို့ ညွှန်ကြားခဲ့ပြီး မြန်မာအစိုးရနဲ့ တပ်ခေါင်းဆောင်တွေကိုသာမက မကြာသေးခင်က အလည်ရောက်လာတဲ့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် အာဏာရ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်လည်းဖြစ်သူ သူရဦးရွှေမန်းလို ဩဇာရှိ နိုင်ငံရေးသမားတွေနဲ့ပါ တွေ့ဆုံနေပါတယ်။ တချိန်တည်းမှာ ကိုးကန့်စစ်ပွဲက ယူနန်ပြည်နယ်ထဲ ဖိတ်စင်ကျခဲ့တဲ့ ဗုံးကြောင့် လူ ၅ ဦးသေဆုံးအပြီး နယ်စပ်မှာ တပ်တွေချလိုက်ပြီး စစ်ရေးလေ့ကျင့်မှုလည်း လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဆိုတယ်။ ဒါဟာ မြန်မာ့အရေးကို တရုတ်သမ္မတက နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး ၃ ဘက်သွား ချဉ်းကပ်မှုနဲ့ အရေးတယူဖြစ်နေကြောင်း ပြသတာပါပဲ။

တရုတ်အနေနဲ့ သမ္မတဦးသိန်းစိန်တက်လာအပြီး တရုတ် – မြန်မာနယ်စပ်တကြော ပြန်လည် ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ပွဲတွေ မရပ်ဆိုင်းနိုင်တဲ့အပေါ် စိတ်ပျက်နေပုံပါ။ ဒါ့ကြောင့် ၂၀၁၅ အလွန် မြန်မာ့တပ်မတော်နဲ့ နိုင်ငံရေးအရ ချိန်ခွင်ညှာ ညှိလာရမယ့် NLD ခေါင်းဆောင်ကို တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာလို့ မြင်ကြသူတွေလည်း ရှိပါတယ်။

တရုတ်ဟာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD က မဲအများစုနဲ့ အနိုင်ရနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်ပုံပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သေးပေမယ့် နိုင်ငံရေးမှာ ဆက်ပြီး ဩဇာကြီးမားနေဦးမှာဆိုတာလည်း သိပါတယ်။ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအနေနဲ့ အစီရင်ခံပြီးနောက် စီမံကိန်း ပြန်စနိုင်ခဲ့တာလည်း သတိပြုမိပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေး အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် မျက်နှာသာပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးတည်ငြိမ်မှုနဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းက ထိပ်ဆုံး ဖြစ်ဖို့ များပါတယ်။ တရုတ်ဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမယ့် မြစ်ဆုံရေကာတာ ပြန်ဆောက်ချင်ပါတယ်။ မြန်မာပြည် အနောက်ဖက် ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အဆင့်မြှင့်ချင်သလို ယူနန်ကနေ ရခိုင်ထိ မြန်မာပြည်ကို ဖြတ်ဖောက်ထားတဲ့ ပိုက်လိုင်းနဲ့အပြိုင် ရထားလမ်းဖောက်ချင်နေပါတယ်။

တရုတ်လူမှုသိပံ္ပအကယ်ဒမီက အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ရှုလီပင်းက China Daily အွန်လိုင်းသတင်းစာကို တရုတ်အနေနဲ့ မြန်မာ့အရေးမှာ ပြဿနာတွေ ကြုံခဲ့ရအပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် “ပတ်ဝန်းကျင်ကောင်းတခုကို ရှာဖွေနေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် “တရုတ်ဟာ မြန်မာ့ နိုင်ငံရေး လွန်ဆွဲပွဲမှာ ဝင်ပြီး ဘက်လိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အပြန်အလှန် ဆွေးနွေးဖလှယ်တာတွေကို တိုးချဲ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကို ယူဆောင်လာတဲ့ သတင်းစကားက သူ့ပါတီ နိုင်ရင် တရုတ်နဲ့ ထုံးတမ်းစဉ်လာ ဆက်ဆံရေးကို ထိန်းသိမ်းသွားမယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေကို အဆင့်မြှင့်သွားမယ် ဆိုတာပါ”လို့လည်း ယုံကြည်စိတ်ချစွာ ပြောပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကို ပြသလိုပါတယ်။ ဒါပေမယ့် အနောက်ကမ္ဘာရဲ့ ကြိုဆိုပုံမျိုးနဲ့ အလားသဏ္ဍာန်တူတဲ့ သံတမန်ရေး ကြိုဆိုမှုကို အလိုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ မှာ ဒေးဗစ်ကင်မရွန်းက ဗြိတိန်နိုင်ငံလာဖို့ ဖိတ်ကြားခဲ့ပြီး ဟီလာရီကလည်း အမေရိကန်ပြည်ထောင်စုကို လာဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဝါရှင်တန်မှာ ကွန်ဂရက်ဆိုင်ရာဆုကို ချီးမြှင့်ပြီး လန်ဒန် ဝက်စ်မင်စတာခန်းမမှာ မိန့်ခွန်းပြောခိုင်းပါတယ်။ ဒါ့ကြောင့်လည်း ဒီဇင်ဘာကတည်းက ဖြစ်ရမယ့် ခရီးစဉ်ဟာ ခုထိ ကြာရှည်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ တရုတ်နဲ့ သံတမန်ရေးစည်းကမ်းဆိုင်ရာ သဘောတူညီပြီမို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် စခဲ့ပါပြီ။ အရင်စစ်အစိုးရလက်ထက် ဆက်ဆံရေးကို ရည်ညွှန်းပြီး တရုတ်အစိုးရ အာဘော် ဆင်ဟွာသတင်းဌာနက “မိတ်ဆွေစိတ်ထားသူ မည်သူ့ကိုမဆို တရုတ်က ကြိုဆိုသည်။ ယင်းသည် အတိတ်က မပြေလည်ခဲ့မှုကို ဆက်ပြီး မသိမ်းဆည်းချင်တော့ကြောင်း ပြသခြင်းဖြစ်သည်” လို့ ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို “မြန်မာနှင့် သူ့ထက်ပိုသော ဒေသများတွင် လူသိများသည့် နိုင်ငံရေးသမား”လို့ ခေါ်ပါတယ်။

“မြန်မာပြည်တွင် အလွန်အရေးပါသော နိုင်ငံရေးသမားတဦး အနေဖြင့် ၂ နိုင်ငံကြား အထူးချည်နှောင်ထားမှုအပေါ် လေးနက်သော နားလည်သဘောပေါက်မှုကို ဒေါ်အောင်ဆန်းစုကြည် ပြသရမည်။ သူမ၏ ကျော်ကြားသော နှိုင်းယှဉ်ချက်ဖြစ်သော အမြဲလို ကွာရှင်းပြတ်စဲတတ်သော စုံတွဲများကဲ့သို့ မဟုတ်ဘဲ တရုတ်နှင့် မြန်မာတို့သည် အိမ်နီးချင်းများ အမြဲဖြစ်နေမည်ဟူသောအချက်ကို မည်သည့်အရာကမျှ ပြောင်းလဲမပစ်နိုင်ပေ”လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်မီ ဆင်ဟွာက ရေးပါတယ်။

အရင်စစ်အစိုးရ လက်ထက် မြန်မာနဲ့ အလွန်နီးစပ်ခဲ့တဲ့ တရုတ်နိုင်ငံက အခုအချိန်မှာ မြန်မာအစိုးရနဲ့ တပ်ခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ အနောက်ကမ္ဘာဆီ ပိုယိမ်းသွားပြီလို့ မယုံသင်္ကာတွေ ဖြစ်ပြီး ခွာပြဲလာချိန် မြန်မာ့ဒီမိုကရေစီသူရဲကောင်းလို့ သူ့ကို အရင်က ချီးမြှောက်ခဲ့တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို နေပြည်တော်အစိုးရအပေါ် ယုံလွန်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခပ်တင်းတင်း ဝေဖန်နေပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ငြိမ်းချမ်းရေးသံလွင်ခက် ကမ်းပြီး ကြိုဆိုလိုက်တာကတော့ တရုတ်ရဲ့ (ပိုလို့ အတိအကျဆိုရရင် တရုတ်သမ္မတ ရှီကျင်ဖျင့်ရဲ့) တိမ်တောင်သဖွယ် မင်းရေးကြွယ်တဲ့ သံတမန်ရေးဆိုင်ရာ နိုင်ငံရေးခြေလှမ်းလို့သာ ဆိုပါရစေတော့။

ဧရာဝတီ



No comments:

Post a Comment

My Blog List