Thursday, June 11, 2015

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲတွင် မဖြိုးဖြိုးအောင် ကျေးဇူးတင်စကား ဗီဒီယိုဖိုင်ပြမည်


သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့်အတွက် ရန်ကုန်မြို့တွင် ပြုလုပ်မည့် ပြည်သူ့ဂုဏ် ရည်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်နိုင်ခြင်း မရှိသော ပြည်သူ့ဂုဏ်ရည်ဆုရှင် ဗကသ အထွေထွေအတွင်း ရေးမှူး မဖြိုးဖြိုးအောင်၏ ကျေးဇူးတင်စကားနှင့် ရည်မှန်းချက်ကို ဗီဒီယိုဖိုင် ဖွင့်၍ ပြသမည်ဖြစ်ကြောင်း Citizen of Burma Award အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်မောင်အေးက The Voice သို့ ပြောကြားသည်။

“သူ့မိဘတွေတော့ တက်မယ်။ သူ့ကိုယ်စား သူ့ရည်မှန်းချက်အကြောင်း ပြောထားတဲ့ ဗီဒီယို ပြသမှာပါ” ဟု ဦးတင်မောင်မောင်အေးက ဆိုသည်။

ဆဋ္ဌမအကြိမ်မြောက် ၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ချီးမြှင့်ခြင်းကို ဇွန်လ ၇ ရက်က အမေရိ ကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကျင်းပခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း Citizen of Burma Award ထံမှ သိရှိရသည်။

ပြည်သူ့ဂုဏ်ရည်ဆုကို မဖြိုးဖြိုးအောင်၊ အထူးဆုကို ပရဟိတ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်သူ ဦးဇော်ဇော်၊ အခြေခံလူတန်းစားများအတွက် ဈေးသင့်ညစာ ရောင်းချပေးသည့် ဒေါက်တာနန္ဒဝင်းကို ရွေးချယ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း၊ အထူးဆုရှင်များအတွက် ဒေါ်လာတစ်ထောင်စီ ချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာထားသည်။

“ဖြစ်နိုင်ရင်တော့ သူကိုယ်တိုင် ဆုတက်ယူစကား ပြောတာကို မြင်ချင်တာပေါ့” ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုချစ်ဝင်းမောင်က ပြောကြားသည်။

မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ရာ ရန်ကုန်သို့ ချီတက်ရေး အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှု မပြေလည်ရာမှ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပဋိပက္ခဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု၊ ဥပဒေနှင့် မညီသော လူစုလူဝေးတွင် ပါဝင်မှု စသည့် ပုဒ်မငါးခုဖြင့် သာယာဝတီတရားရုံးတွင် တရားစွဲထားကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ပဉ္စမအကြိမ်မြောက် ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အတွင်းရေး မှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ အထူးဆုကို တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာကို ချီးမြှင့်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

Citizen of Burma Award အဖွဲ့ကို ပြည်ပရောက် မြန်မာတိုင်းရင်းသားများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ အများအကျိုး ဆောင်ရွက်သူများကို နှစ်စဉ်ရွေးချယ်၍ ၂၀၁၀ ခုနှစ်မှ စတင်ရွေးချယ် ပေးခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List