Wednesday, June 10, 2015

ဝှိုက်ကတ် အစားထိုးကတ် ရရှိသူများ မဲထည့်ရန် ဥပဒေ မရှိသေး


ယာယီနိုင်ငံသားကတ် (ဝှိုက်ကတ် ) များ ပြန်လည် အပ်နှံပြီးနောက် အစားထိုးကတ်များ ထုတ်ပေးရန် စီစဉ်လျက်ရှိသော်လည်း ယင်းကတ် များသည် ရွေးကောက်ပွဲတွင် မဲထည့်ရေးအတွက် ဥပဒေ ပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်း မရှိသေးဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ဝှိုက်ကတ်များကို ပြန်လည် အပ်နှံပြီး ထိုကတ်များအစား အခြားကတ် တစ်ခုကို ထုတ်ပေးရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက စီစဉ်လျက်ရှိသည်။

“ဝှိုက်ကတ်အစား ကတ်တစ်ခု ထုတ်ပေးရင် အဲဒီကတ်တွေမှာ မဲပေးပိုင်ခွင့် ရှိလား၊ မရှိဘူးလား ဆိုတာကတော့ ဥပဒေတစ်ခု ပြဋ္ဌာန်းရမယ်။ ဥပဒေ ပြဋ္ဌာန်းလို့ရှိရင် ကော်မရှင်ကတော့ ဥပဒေ ပြဋ္ဌာန်းချက် အတိုင်းပဲ လုပ်ရမှာပေါ့” ဟု ဦးတင်အေးက ဆိုသည်။

“ဝှိုက်ကတ် ကိုင်ဆောင်သူများကို နိုင်ငံသား စိစစ်မှု ခံယူစဉ်ကာလအတွင်း အသိအမှတ်ပြု ကတ်တစ်ခု ထုတ်ပေးမည်ဖြစ်ပြီး ထိုကတ်များ ပေးအပ်နိုင် ရေးအတွက် စတင်ဆောင်ရွက်နေပြီ” ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

“ပြန်ပေးမယ့် ကတ်က “နိုင်ငံသားစိစစ်ခြင်း ခံရမည့်သူ၏ သက်သေခံလက် မှတ်” လို့ ပါတာဖြစ်တဲ့အတွက် သူသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံ သားဆိုတဲ့ အဆင့်တွေ မရောက်သေးဘူး၊ မဲထည့်ခွင့် ရှိ၊ မရှိကတော့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထားရင် ထည့်ခွင့်ရှိမှာပေါ့” ဟု ၎င်းက ပြောသည်။

ဝှိုက်ကတ် အပ်နှံသူများကို “မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေအရ နိုင်ငံသား စိစစ်ခြင်း ခံရမည့်သူ၏ ‘သက်သေခံကတ်’ အမည်ရှိ ကတ်ကို ကိုင်ဆောင် မည့် သူများအဖြစ် ၎င်းတို့၏ အခွင့်အရေးအတွင် မဲထည့် နိုင်ခြင်း မပါဝင်” ဟုလည်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ ဖြစ်သည်။

ထိုကတ်၏ အရောင်နှင့် ပတ်သက်၍ “ အရောင်ကတော့ အပြာနဲ့ အစိမ်း ရောထားပြီး အပြာဘက်ကို ပိုသန်းတယ်၊ အရင်က ဒီလိုကတ်မျိုး တစ်ဦးတစ်ယောက်ကိုမှ ထုတ်ပေးထားခြင်း မရှိသေးပါဘူး” ဟု ဦးခင်စိုးက ဆိုသည်။

ထိုအစားထိုးကတ်ကို ၁၉၅၁ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင် သူများ အက်ဥပဒေ ပုဒ်မ ၁၃/၄ အရ ထုတ်ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးခင်စိုးက ပြောသည်။

ယာယီနိုင်ငံသားကတ် (ဝှိုက်ကတ် ) ကိုင်ဆောင်သူများသည် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် မဲပေးခွင့် ရရှိခဲ့သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List