Thursday, June 11, 2015

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ် ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ



ဘေဂျင်းမြို့တော်သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ် အစိုးရအဖွဲ့၏ ထိပ်တန်းအရာရှိတစ်ဦးက ကြိုဆို တွေ့ဆုံခဲ့သည်။ တရုတ် အာဏာရ ကွန်မြူနစ် ပါတီ၏ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်ပြီး တရုတ်ပြည်သူ့ မူဝါဒရေးရာ အတိုင်ပင်ခံ ညီလာခံ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝမ်ဂျိုင်ရီက ဇွန် ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့် ပတ်သက်သည့် အတွေးအမြင်များကို ဖလှယ် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်သတင်းဌာန အချို့က အစိုးရသည် သဘောတရားရေးရာ အမြင်ကွဲလွဲမှုအချို့ကို ချိန်ဆနေသဖြင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ကို ဖိတ်ကြားရန် ယခင်က အတန်ငယ် တုံ့ဆိုင်းနေခဲ့ကြောင်း ဖော်ပြခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း မှုတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ ပြန်ပြီး ညှိနှိုင်းဆက်ဆံလာပါတယ်။ ဥပဒေပြု အမတ်တစ်ဦး ဖြစ်လာတဲ့ နောက် သူမအနေနဲ့ တရုတ်နိုင်ငံကို တရားဝင် လည်ပတ်ခွင့် ရရှိလာပါတယ်”ဟု Phoenix TV၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

နယ်စပ်ဒေသတွင် မြန်မာစစ်တပ်နှင့် ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားသည့်နောက် နှစ်နိုင်ငံ ဆက်ဆံရေး အတန်ငယ် အေးခဲနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ် ခရီးစဉ်က တရုတ်-မြန်မာ ဆက်ဆံရေးကို တစ် ကျော့ပြန် နွေးထွေးလာစေမည်ဟုလည်း China Daily သတင်းစာက မှတ်ချက်ပြု ရေးသားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသား များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခြင်းက အပြန်အလှန် ယုံကြည်မှုကို တိုးပွားလာစေမည်ဟုလည်း ယင်းသတင်းစာက ဆိုသည်။

CNN သတင်းဌာနကမူ တရုတ်အနေဖြင့် ကွန်မြူနစ်ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကြား နိုင်ငံရေး ပါတီချင်း အပြန် အလှန် ဆွေးနွေးညှိနှိုင်းမှုများက မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုး သက်ရောက်မှုကို ပြန်လည် မြှင့်တင်နိုင်မည်ဟု မျှော် လင့်နေဖွယ် ရှိကြောင်း ဝေဖန်ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များနှင့်အတူ အနောက်အုပ်စု နိုင်ငံများနှင့် ဆက်ဆံရေး နွေးထွေးလာခြင်းအပေါ် တရုတ်အစိုးရက စိုးရိမ်လျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကွန်မြူနစ်ပါတီ၏ ဖိတ်ခေါ်မှုအရ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် သွားရောက်ပြီး တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ 



ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ စီကျင်းပင်၊ ဝန်ကြီးချုပ် လီကီကျန်းတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး အခြား အသေး စိတ် အချက်လက်များကိုမူ မသိရသေးချေ။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့် နားလည်မှုတို့ကို တိုးတက်လာစေပြီး နယ်ပယ် အသီးသီး တွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် အထောက်အပံ့ ဖြစ်စေမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆို ခွင့်ရ အရာရှိ ဟောင်လိုင်က ပြောကြားထားသည်။

_Ref: CNN, Xinhua
7day

No comments:

Post a Comment

My Blog List