Thursday, June 11, 2015

တရုတ်နိုင်ငံသားတစ်ရာကျော်က အပြစ်မရှိကြောင်းငြင်းဆို၍ သစ်မှောင်ခိုမှုပြန်လည်စစ်ဆေးမည်


ကချင်ပြည်နယ် ဝိုင်း မော်မြို့နယ်အတွင်း တရားမဝင် သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်မှု ကြောင့် တရားစွဲဆို ခံရသော တရုတ်နိုင်ငံသားတစ်ရာကျော်က အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သဖြင့် အမိန့်ချမှုကို ရွှေ့ဆိုင်းပြီး အစမှ ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန က အများပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက် ရေးဥပဒေ အပက (၃)ဖြင့် အရေးယူရန် အမှုဖွင့်စစ် ဆေးပြီးနောက် အမိန့်ချမှတ်ရန် မြစ်ကြီးနားခရိုင်တရား ရုံးသို့ စွဲချက်တင်ခဲ့ရာ တရားစွဲဆိုခံ တရုတ်နိုင်ငံသားများက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

‘‘အမှုကို မနေ့ကတည်းက စစ်နေတာ။ တရားစွဲခံထားရတဲ့ တရုတ်တွေက အကုန်လုံးအပြစ် မရှိဘူး ငြင်းထားလို့ ဒီလ ၁၆ ရက် မှာ ပြန်စစ်ဖို့ တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။ ဒီနေ့က အယောက်၇၀ ကို စစ်တာပါ။ မနေ့ကလည်း စစ်ပါတယ်’’ဟု ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှုကို ပြန်လည်စစ်ဆေးရန် တရားလိုပြသက်သေများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပါအဝင် ဆက်စပ်သူများကို ပြန်လည်စစ်ဆေးသွားမည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများသည် တရားမဝင်နေထိုင်မှု လဝကဥပဒေဖြင့် ပြစ်ဒဏ်ကျခံရသူများဖြစ်ပြီး လက်ရှိတွင် (၆၁/၉) ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသူများဖြစ်သည်။

တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား စွဲဆိုထားသော (၆၁/၉) ဥပဒေသည် ရဲအရေးပိုင်အမှုဖြစ်ပြီး အာမခံမရသည့် အမှုဖြစ်ကာ ပြစ်ဒဏ်ခုနစ်နှစ် ကျခံနိုင်သည့် ပုဒ်မဖြစ်သည်။

ဖမ်းဆီးစဉ်က မူးယစ်ဆေး ဝါးများပါ ယှဉ်တွဲပါရှိသော ကြောင့် သုံးစွဲထားပါက ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်ကျခံရမည်ဖြစ်ပြီး လက်ဝယ်ထားရှိသူက ထောင်ဒဏ်အနည်းဆုံးငါးနှစ်မှ ဆယ်နှစ်၊တစ်သက် တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ်နိုင်သည်။

ဖမ်းဆီးရရှိသူများသည် မြန်မာပိုင်နက် နယ်မြေအတွင်း လူအင်အားတစ်ရာကျော်ဖြင့် သယံဇာတ ခိုးယူနေ သောကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်၍ သေချာစွာကိုင်တွယ်ဖြေရှင်းရမည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများ က ဝေဖန်သုံးသပ်ကြသည်။

ကချင်ပြည်နယ်တွင် တပ်မတော်က ဦးဆောင်၍ ဇန်နဝါရီ ပထမပတ်အတွင်း သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးရရှိ သူ တရုတ်နိုင်ငံသားများကို မှန်မှန်ကန်ကန်နှင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ တောင်းဆိုခဲ့သည်။

အဆိုပါ သစ်မှောင်ခိုစခန်း တွင် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် တရုတ်နိုင်ငံသား ၁၂၅ ဦးအပြင် မူးယစ်ဆေး ဝါးများ၊ တရုတ်ယွမ် ငွေနှင့် ယာဉ်ယန္တရား ၅၀၀ ကျော် ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသတို့တွင် တပ်မတော်လေကြောင်း၏ ကင်းထောက်မှုဖြင့် ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး)
7Day Daily

No comments:

Post a Comment

My Blog List