Tuesday, June 09, 2015

ခြင်္သေ့တို့၏ ဖြစ်ပျက်သဘော



ယုံကြည်လို့လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ် ကျော်ခဲ့ပြီ။ အသင်းအဖြစ် စတင် တည်ထောင်စဉ်ကတည်းက ဒီပါတီ၏ မြို့နယ်စည်းရုံးရေးမှူး တာဝန်ကို ယူခဲ့သူ။ ဒီတစ်ကြိမ် တော့ သူယုံကြည်စွာ လက်တွဲခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ကို လက်တွဲဖြုတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ စည်းရုံးရေးမှူး တစ်ယောက်အနေဖြင့် တင်ပြခဲ့သည့် ပြည်သူ့လိုအပ် ချက်တွေကို မြို့နယ်၊ ခရိုင်အဆင့်ဆင့်မှ မဖြေရှင်းပေး နိုင်သည်က ပြည်ခိုင်ဖြိုးပါတီကို လက်တွဲဖြုတ်ဖို့ အ ကြောင်းဖန်လာခြင်းဖြစ်သည်ဟု လောလောလတ်လတ် ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ထားသူ၊ ပဲခူးတိုင်း နတ်တလင်းနယ်သား ဦးမြင့်နိုင်က ဆိုပါသည်။

''မူဝါဒတွေရှိပေမယ့် အခက်အခဲကိုရင်ဆိုင် ဖြေရှင်းတဲ့အခါမှာ ရှောင်တယ်''ဟု အသက် ၄ဝ ကျော် အရွယ် ဦးမြင့်နိုင်က ပြောသည်။

နတ်တလင်းမြို့နယ်တွင် လယ်ယာသိမ်း ဆည်းခံရမှု များပြားတာကြောင့် သိမ်းဆည်းခံလယ် ယာမြေများ ပြန်လည်ရနိုင်နိုး၊ ဒေသခံများ၏ လယ်ယာ များလည်း ပြန်လည်ရယူပေးနိုင်နိုးဖြင့် လက်ရှိမှာ အင် အားအကြီးဆုံးပါတီလည်းဖြစ်၊ အာဏာရပါတီလည်း ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း လယ်ယာအငြင်းပွားမှု ဖြေရှင်းရေးလုပ် ငန်းများတွင် လုပ်ကိုင်ခွင့်မရခြင်း၊ လက်တွေ့ဖြေရှင်း ပေးနိုင်မှုမရှိခြင်းတို့ကြောင့် နတ်တလင်းမြို့နယ်ပလံပင် အုပ်စု၊ ဆီဆုံကုန်းအုပ်စု၊ စမ်းချောင်းအုပ်စုနှင့် ကြို့ပင်သာအုပ်စုတို့ မှ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်ရှိသူ ၄ဝကျော်နှင့် ပါတီဝင်ကတ်မရှိသူ ၁၃ဝ ကျော်တို့သည် ဦးမြင့်နိုင်နှင့်အတူ မေ၂၁ရက်တွင် ပါတီဝင်အဖြစ်မှ တရားဝင်နုတ်ထွက် လိုက်ကြသည်။

''ပါတီရဲ့ဥပဒေတွေ၊ မူဝါဒတွေ၊ ဖွဲ့စည်းပုံ တွေက ကောင်းပေမယ့် အောက်ခြေမှာ ဖြစ်ပျက်နေ တာတွေ၊ မူဝါဒတွေအတိုင်း မလုပ်ဆောင်ပေးနိုင်တာ တွေက ကျွန်တော်တို့လို အောက်ခြေပါတီဝင်တွေအ တွက် ဝမ်းနည်းဖို့ကောင်းပါတယ်''ဟု ၄င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီ၏ အောက် ခြေပိုင်းတွင်သာ ယခုလို ဖြစ်တည်နေခြင်းမဟုတ်ဘဲ ပါတီဗဟိုဌာနချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များကလည်း အချင်းချင်း သဘောထားမတိုက်ဆိုင်မှုများ၊ အကွဲအပြဲ များ ရှိနေသည်ဆိုသည့် သတင်းများကလည်း ပြီးခဲ့ သည့်ရက်ပိုင်းက ကျင်းပခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ်မြောက် ဗဟိုညီလာခံအစည်းအဝေးမှ တစ်ဆင့် ထွက်ပေါ်လာသည်။ လေ့လာစောင့်ကြည့်နေ သူများနှင့် ပါတီဝင်များကတော့ ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲများရှိနေသည်ဟု ယူဆနေကြသည်။

ပြီးခဲ့သည့် ဗဟိုညီလာခံတုန်းက တက် ရောက်ခဲ့ဖူးသည့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒုတိယသမ္မတ နှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့သည် ယခု စတုတ္ထ အကြိမ်အစည်းအဝေးတွင် မတက်ရောက်ခဲ့ခြင်းကို ပြည်ခိုင်ဖြိုးပါတီဝင်များက သဘောတွေ့ကြဟန်မတူ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများကို ဝင် ရောက်လုပ်ကိုင်ရန် အဆိုပါပုဂ္ဂိုလ်များကို ကန့်သတ် ထားသည်မှန်သော်လည်း ခေါင်းဆောင်ပိုင်းအချင်း ချင်း သဘောထားမတိုက်ဆိုင်မှုများ ရှိနေနိုင်သည်ဟု ပါတီအလုပ်အမှုဆောင်များက သံသယရှိနေကြခြင်း ဖြစ်သည်။ 

ထို့ပြင် အစည်းအဝေးကြီးပြီးဆုံးသွားသည် အထိ လာမည့်ရွေးကောက်ပွဲအတွက် သမ္မတလောင်း လျာထားချက်ကို မထုတ်ပြန်နိုင်သေးသော်လည်း ရွေး ကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများကို ဦးဆောင်သူ အဖြစ် လက်ရှိပါတီဥက္ကဋ္ဌဦးရွှေမန်းအား ရွေးချယ်လိုက် ခြင်းအပေါ်တွင်လည်း ပါတီဝင်အချင်းချင်း သဘော ထားကွဲလွဲမှုများရှိနေသည်ဟု သုံးသပ်သူများရှိသည်။

''အရင် ဗဟိုကော်မတီအစည်းအဝေးတွေ မှာတော့ တက်ကြပါတယ်။ ဖွဲ့စည်းပုံအရ ပါတီလုပ် ငန်းစဉ်တွေမှာ ပါဝင်လုပ်ကိုင်ခွင့်မရှိတဲ့အတွက် သမ္မတ ကြီးမတက်တာတော့ လက်ခံပေမယ့် ဒုသမ္မတတွေနဲ့ သမ္မတရုံးဝန်ကြီးတွေ မတက်တာတော့ထူးခြားတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ တော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများအနေဖြင့် အစိုးရတာဝန်များ ထမ်းဆောင်နေစဉ်အတွင်း ပါတီ၏ လုပ်ငန်းဆောင်တာ များတွင် ပါဝင်လုပ်ကိုင်ခွင့်မရှိကြောင်းကို ပြဋ္ဌာန်းထား သည်။ ယင်းကြောင့်သာ ပါတီ၏ လက်ရှိဥက္ကဋ္ဌရာထူး ကို ၄င်းက ရယူထားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောသည်။

သို့သော်လည်း သမ္မတဦးသိန်းစိန်၏အစိုးရ အဖွဲ့နှင့် သူရဦးရွှေမန်း၏ ဥပဒေပြုရေးပိုင်းတို့ကြား မကြာခဏဆိုသလို သဘောထားမတိုက်ဆိုင်မှုများ၊ ထိပ် တိုက်အငြင်းပွားမှုများ တွေ့ရသည်။ အစိုးရ၏ ဘတ် ဂျက်ကိုလွှတ်တော်က အတည်ပြုပေးရေးဆိုင်ရာများ မှာ အစိုးရနှင့်လွှတ်တော်ကြား မကြာခဏဆိုသလို အငြင်းပွားလေ့ရှိသည်။ မကြာခင်ကပဲ လွှတ်တော်အ မတ်များ လစာတိုးမြှင့်ပေးရေးကိစ္စကို သမ္မတ၏လက် မှတ်မပါဘဲ လွှတ်တော်က အတည်ပြုခဲ့သလို မေ၂၉ရက် ကလည်း သူရဦးရွှေမန်းက လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့သည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို သမ္မတနဲ့ တပ်ချုပ်ဘက် က ရှောင်နေတယ်လို့ယူဆလို့ရတယ်။ ဒါကြောင့် ခြောက် ပွင့်ဆိုင်မတွေ့ဆုံဖြစ်ခဲ့ရင် လွှတ်တော်ပိုင်းကပဲ ပြင်လို့ ရအောင်လုပ်ကြမယ်၊ ပါတီအားလုံးကတိုက်တွန်းလုပ် ဆောင်ကြမယ်လို့ ဆွေးနွေးတော့ လွှတ်တော်ဥက္ကဋ္ဌက ရော ပါတီတွေကပါ လက်ခံကြတယ်''ဟု သူရဦးရွှေမန်း နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ရွေးကောက်ပွဲနီးလာသည်နှင့် ပါတီတွင်း အပြောင်းအလဲလုပ်မှုများ၊ အမြင်မတူမှုများနေရာအ တွက် ပြိုင်ဆိုင်မှုများ၊ သဘောထားချင်း မတိုက်ဆိုင်မှု များကတော့ နိုင်ငံတကာမှာလည်း ကြုံတွေ့ရသလို နိုင်ငံ ရေးပါတီတိုင်းလည်း ကြုံတွေ့ရတတ်သည်။ သို့သော် ပါတီ၏ မူဝါဒနှင့်ပတ်သက်သော သဘောထားကွဲလွဲမှု များ၊ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေး ဆောင် ရွက်ချက်များအတွက် သဘောထားကွဲလွဲသည်ဆိုလျှင် တော့ ပါတီတစ်ခုအတွက် အန္တရာယ်ရှိသည့်အနေအ ထားဖြစ်သည်။

ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးသိန်းဆွေ က လက်ရှိ အပြင်မှာပျံ့နှံ့နေသည့် ပါတီအသစ်များ ထူ ထောင်သည်။ ပါတီခွဲထူထောင်သည်ဆိုသည့်သတင်း များမှာ လုံးဝမှန်ကန်မှုမရှိကြောင်းနှင့် ပါတီကွဲစရာအ ကြောင်းမရှိဟု ငြင်းဆိုထားသော်လည်း ပါတီသဘော တရားအရ သဘောထားချင်း မတိုက်ဆိုင်မှုတော့ရှိနိုင် ပြီး ကွဲမသွားရန် တာဝန်ရှိသူများက ကြိုးပမ်းဆောင် ရွက်နေကြောင်းပြောထားသည်။

''ပါတီထိပ်ပိုင်းမှ သဘောထားတွေ ကွဲလွဲ နေကြတယ်ဆိုတာက လူတစ်ယောက်ချင်းအနေနဲ့ ကွဲ ချင်ရင် ကွဲနေလိမ့်မယ်။ ပါတီမှာတော့ ဗဟိုကော်မတီ ဝင် အများဆုံးကြိုက်တဲ့အတိုင်း ဆောင်ရွက်ကြရတာ ပေါ့။ ပါတီတွင်း သဘောနည်းနည်းကွဲလွဲနေတာတော့ ရှိမှာပဲ။ မိသားစုတောင်မှ သဘောထားကွဲလွဲတာတွေ အများကြီးရှိနေတာပဲ''ဟု ပြင်ဦးလွင်မြို့နယ်မှ ပြည်ခိုင် ဖြိုးပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင် မောင်ဝင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ သမိုင်းကြောင်းကိုပြန် လှန်လေ့လာကြည့်မည်ဆိုလျှင် ယခင်ဗိုလ်ချုပ်မှူးကြီး (ဟောင်း)ဦးသန်းရွှေဦးဆောင်၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ခုနှစ်ကတည်းက ပင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လူမှု ရေးအသင်းအဖွဲ့အနေဖြင့် ၁၇နှစ်ကြာရပ်တည်ခဲ့ပြီး မှ ၂ဝ၁ဝပြည့်နှစ် သြဂုတ်လတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပါတီဥက္ကဋ္ဌရာထူးကို လက်ရှိသမ္မတဦးသိန်းစိန်က တာ ဝန်ယူခဲ့သည်။ 

အသင်းအဖွဲ့အဖြစ် စတင်တည်ထောင်စဉ် ကတည်းက တပ်မတော်သားများက အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သလို ပါတီအဖြစ် ရပ်တည်ချိန်တွင်လည်း ပါတီ၏အဓိကနေရာများမှာ တပ်မတော်သားများကသာ အရပ်ဝတ်လဲ၍ တာဝန်ယူထားကြခြင်းဖြစ်ပေသည်။

ယင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဆိုသည်မှာ လက်ရှိအာဏာရပါတီ၊ တပ်မ တော်နှင့် နီးစပ်မှုအရှိဆုံး၊ နားလည်မှုအရှိဆုံးပါတီဖြစ် သည့်အပြင် အာဏာကို စစ်အစိုးရလက်မှလွှဲပြောင်း ရယူခဲ့သောပါတီလည်းဖြစ်သည်။ ယင်းသို့ အာဏာလွှဲ ယူထားသည့်အလျောက် ယခင်အစိုးရလက်ထက်က ထိပ်ပိုင်းခေါင်းဆောင်များကပင် အဓိကနေရာများကို ဆက်လက်ယူထားကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်မှုအခန်းကဏ္ဍ တွင် ရယူထားသည်ဟု ယူဆနိုင်သည်။

ယင်းသို့သော တပ်မတော်နှင့်အနီးစပ်ဆုံး ပါတီဖြစ်သလို အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းမည်ဆိုလျှင် တပ်မတော်၏ထောက်ခံမှုပါမှသာ ဖြစ်နိုင်သည့်အတွက် ကြောင့် လက်ရှိအခြေအနေကိုစွန့်လွှတ်ကာ ပါတီအကွဲ အပြဲခံမည်မဟုတ်ကြောင်းနှင့် အကွဲအပြဲသတင်းများ သည်လည်း လာမည့်ရွေးကောက်ပွဲအတွက် ဗျူဟာ တစ်ခုသာဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့ က သုံးသပ်ကြသည်။ 

ဥပမာပြောရလျှင် စတုတ္ထအကြိမ် မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ခိုင်ဖြိုး ပါတီက သမ္မတလောင်းရွေးချယ်မည်ဟု ကြေညာခဲ့သော် လည်း မေ ၃၁ ရက်အစည်းအဝေးအပြီးတွင် သမ္မတ လောင်းနေရာအတွက် မည်သူဆိုသည်ကိုမကြေညာခဲ့ သလို လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာများ လည်းကြေညာခဲ့ခြင်းမရှိခဲ့ပေ။ ယင်းသို့သဘောထား ကွဲသယောင်၊ ပါတီကွဲသယောင် လုပ်ဆောင်မှုမျိုးသည် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့ထံ မှ မဲတစ်ပြားအား တစ်ဖက်လှည့်ဖြင့် ရယူရန်ကြိုးပမ်း နေခြင်းလည်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူတချို့ က သုံးသပ်ကြသည်။

''လွှတ်တော်ထဲမှာရှိတဲ့သူတွေနဲ့ အုပ်ချုပ် ရေးပိုင်းက လူတွေအားလုံးဟာ ထူးထူးခြားခြားကွဲပြား နေတာမျိုးတော့ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ အားလုံးက ကြံ့ခိုင်ရေးကလာတဲ့သူတွေချည်းပဲ။ သိပ်ပြီး ကွဲလိမ့်မယ်မထင်ဘူး။ လက်ရှိ ကြံ့ဖွံ့ဆိုတာက နိုင်ငံ ရေးအခြေအနေတစ်ရပ်မှာ တပ်မတော်နဲ့နီးစပ်တဲ့ပါတီ တစ်ရပ်ပဲ။ ဒီလိုအနေအထားမျိုးကို အဆုံးရှုံးခံပြီးတော့ ပါတီကွဲသွားလောက်တဲ့အထိတော့ အဖြစ်ခံလိမ့်မယ် မထင်ဘူး''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော် လင်းဦးက ပြောသည်။

ယခင်ကတည်းက နိုင်ငံရေးမှာတပ်မတော် က ဦးဆောင်မှုအခန်းကဏ္ဍတွင် နေရာယူထားခဲ့ပြီး လက်ရှိအချိန်အထိလည်း ဘယ်လိုမှ ပြောင်းလဲလာနိုင် သည့်အနေအထားမျိုး မရှိသေးသောကြောင့် အစိုးရ က တပ်မတော်၏ထောက်ခံမှုကို ဆက်လက်ရယူဦး မည်ဖြစ်ပြီး တပ်မတော်၏ထောက်ခံမှုမယူဘဲ အစိုးရ ဖွဲ့မည်ဆိုပါကလည်း လက်တွေ့ကျလိမ့်မည်မဟုတ် ဟု ဦးကျော်လင်းဦးကပြောသည်။

အုပ်ချုပ်ရေးပိုင်းနဲ့ဥပဒေပြုရေးပိုင်း သဘော ထားကွဲလွဲတာ၊ ပါတီတွင်း အမြင်မတူဖြစ်နေခြင်းသည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက နေရာချ ထားပေးရေးကိစ္စရပ်များအတွက် ပါတီတွင်းကွဲပြဲမှုများ သာဖြစ်နိုင်ပြီး ပါတီ၏မူဝါဒပိုင်းဆိုင်ရာ သဘောထား ကွဲလွဲမှုမဖြစ်နိုင်ကြောင်း ယင်းက ဆက်ပြောသည်။

ယင်းသို့သော တပ်မတော်နှင့်အနီးစပ်ဆုံး ပါတီဖြစ်သော၊ အင်အားအကြီးမားဆုံးသော ပြည်ခိုင် ဖြိုးပါတီအနေဖြင့် လာမည့်အထွေထွေရွေးကောက် ပွဲ၌ အတိုက်အခံပါတီထဲတွင် လူထုထောက်ခံမှုအများ ဆုံးဆိုသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီနှင့်ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုး သိမ်းက ''ယေဘုယျပြောရရင် ပြည်ခိုင်ဖြိုးပါတီထဲမှာ ခေါင်းဆောင်ပိုင်းမှာ အကွဲအပြဲရှိနေတယ်ဆိုတာကို လုံးဝလက်မခံဘူး။ ဒီအကွဲအပြဲဆိုတာ အယောင်ပြ၊ ဟန်ပြသဘောမျိုးဖြစ်ပြီး တကယ်တမ်းတော့ အဲဒီလို အကွဲအပြဲသဘောမျိုးဖန်တီးပြီး ဒီမိုကရက်တစ်အင်အား စုတွေကြားထဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးကို မြှင့်တင်နိုင်ဖို့ရည်ရွယ်တယ်လို့ မြင်တယ်''ဟုပြောသည်။

''ပြည်ခိုင်ဖြိုးပါတီ အာဏာရပြီး လက်ရှိအ စိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်းမှာ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကဏ္ဍအလုံးစုံတွင် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုမတွေ့ရဘူး''ဟု အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။ သို့သော် စီးပွားရေးတွင်တော့ သီလဝါအထူးစီးပွားရေးဇုန်က သိသာထင်ရှားသည့်ပြု ပြင် ပြောင်းလဲမှုတစ်ခုအဖြစ် လက်ခံရမည်ဟု စီးပွား ရေးပညာရှင်များက သုံးသပ်ကြသည်။

သို့သော် လယ်ယာသိမ်းဆည်းမှု၊ လယ်ယာ အငြင်းပွားမှု၊ အလုပ်သမားများ၏ အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးစသည့် အောက်ခြေလူနေမှုဘဝများ ကိုမြှင့်တင်မှုမရှိခြင်း ပြဿနာများအပါအဝင် ပြဿနာ တော်တော်များများကို လက်ရှိအချိန်အထိ ဖြေရှင်းမပေး နိုင်သေးသည်တော့ အမှန်ပင်ဖြစ်သည်။ စီမံကိန်းများအ တွက် လယ်ယာမြေသိမ်းဆည်းမှုများ ရှိနေသေးသလို တပ်မတော်ကစွန့်လွှတ်သည့် လယ်မြေများ မူလပိုင်ရှင်ထံ ပြန်မရောက်မှုအပါအဝင် မြေယာအငြင်းပွားမှုများက တော့ လက်ရှိအချိန်အထိရှိနေဆဲပင်ဖြစ်သည်။

''လွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလနဲ့ နှိုင်းယှဉ် လိုက်ရင် အောက်ခြေပြည်သူလူထုဟာ ပိုပြီးတော့ ကျပ် တည်းလာတယ်။ ပိုပြီးဆင်းရဲလာတယ်။ မြေသိမ်း၊ ယာ သိမ်းပိုပြီးများလာတယ်။ ဖိနှိပ်မှုတွေ ပိုပြီးများလာတယ် လို့ပဲပြောမယ်''ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

မြင်သာသည့် ဥဒါဟရုဏ်ဆောင်ရမည်ဆို လျှင် ပြည်ခိုင်ဖြိုးပါတီနှင့် အနီးစပ်ဆုံးသောတပ်မတော် နှင့် ပါတီနှင့်အနီးစပ်ဆုံး စီးပွားရေးလုပ်ငန်းရှင်များ က လယ်မြေယာသိမ်းဆည်းမှုများကို ပြန်လည်ရလိမ့် နိုးဖြင့် ပါတီဝင်အဖြစ်လျှောက်ထားခဲ့သော နတ်တ လင်းမြို့နယ်မှ ပါတီဝင်များ ပြန်လည်နုတ်ထွက်သွား ခြင်းဖြစ်သည်။ သည်ပါတီနှင့် အနီးစပ်ဆုံးသူများက သိမ်းထားသောမြေများကို သည်ပါတီဝင်၍ ဆောင် ရွက်လျှင် ဖြေရှင်းပေးနိုင်မည်ဟု တွေးထင်ခဲ့သော်လည်း အယူအဆနှင့်လက်တွေ့က ထပ်တူမကျခဲ့ဟု ဦးမြင့်နိုင် က ဆိုသည်။ သူက ယခုလိုလည်း ပြောပါသေးသည်။

''သက်ဆိုင်ရာဌာနက လူသစ်၊ အုပ်ချုပ်ရေး မှူးကလဲ လူသစ်၊ ပါတီတာဝန်ရှိသူတွေကလဲ အသစ်။ အဲဒီအသစ်ဆိုတာနဲ့ပဲ ကိုင်ကိုင်ပေါက်နေကြတာ''။

စိုးမြင့်နိုင် ၊ ညီတူး 
TheFlowerNews


No comments:

Post a Comment

My Blog List