Saturday, June 13, 2015

မဲစာရင်းမှန်ကန်ရေး ပြည်သူကိုယ်တိုင် ဆောင်ရွက်ကြပါစို့


လက်ရှိ အစိုးရ၏ သက်တမ်း ငါးနှစ်ကုန် လွန်ချိန်နေပြီ ဖြစ်၍ ၂၀၁၅ အတွင်းမှာ ရွေးကောက်ပွဲ အသစ်တစ်ခုကို မဖြစ်မနေလုပ်ရ တော့မည်။ ရွေးကောက်ပွဲသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရလည်း မပျက်မကွက်လုပ် ဆောင်ရမည်ဖြစ်သလို လက်ရှိ အာဏာရ အစိုးရ၏ မြန်မာသိ၊ ကမ္ဘာသိပေးထားခဲ့သော ကတိက ၀တ်များ တည်တံ့ခိုင်မာစေရန်လည်း လုပ်ကိုလုပ်ရမည့်ကိစ္စဖြစ် သည်။ ယခုအချိန်တွင် ၂၀၁၅ရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာ ရင်းများကိုလည်း စတင်ကြေညာ နေပြီဖြစ်သည်။
ယခင့် ယခင်အချိန်များက မြင်သာထင်သာမှုသိပ်ပြီး မရှိလှ သော ရွေးကောက်ပွဲများသည် မည်သို့သော မဲဆန္ဒရှင်စာရင်းများ ဖြင့် ရွေးကောက်ပွဲများလုပ်သွားခဲ့ သည်ကို သေချာအတိအကျ မသိ ရသော်လည်း ယခုတစ်ကြိမ်ရွေး ကောက်ပွဲအတွက် ထုတ်ပြန် သော မဲဆန္ဒရှင်စာရင်းများတွင် ကား အမှားအယွင်းမှာ နည်းလမ်း မျိုးစုံဖြစ်ပေါ်နေကြောင်းလည်း တွေ့မြင်ကြားသိနေရသည်။

ကွယ်လွန်ပြီးသူများ၏ အ မည်များမဲဆန္ဒစာရင်းတွင်ပါဝင် နေသလို အချို့သော မြို့နယ်များ တွင် မိသားစုလိုက်ပင် မဲဆန္ဒရှင် စာရင်းတွင်မပါဝင်ကြောင်းလည်း ပြောဆိုနေကြသည်။ ထို့အပြင် မဲ စာရင်းတွင် အမည်နှစ်ကြိမ်ထပ်၍ ပါဝင်ခြင်း၊ အသက် (၁၈) နှစ် မ ပြည့်သေးသူကလေးငယ်များ၏ အမည်စာရင်းများ ပါဝင်ခြင်း လည်းရှိနေသည်။ မကွေးတိုင်းအ တွင်းမှာတော့ ကျေးရွာ၊ ရပ်ကွက် တစ်ခုလုံး၏ မဲစာရင်းတွင် မဲဆန္ဒ ရှင်ဦးရေ ရာနှင့်ချီ၍ စာရင်း ပျောက်နေခြင်း၊ မွေးသက္ကရာဇ် များတူညီနေခြင်း အစရှိသော အ မှားအယွင်းများကို တွေ့ကြရ သည်ဟု သတင်းမီဒီယာများက ဆိုနေသည်။

ထို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခု ဇွန်လ ၈ရက် တွင် ပြုလုပ်ခဲ့သည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် မဲစာရင်းမှန်ကန် အောင် စာရင်းပြုစုရန် မေတ္တာရပ် ခံပြီး ပြုလုပ်နေရ၍ အရည်အချင်း ပြည့်စုံသူများကို ရရှိနိုင်ရန်စိန်ခေါ် မှုတွေ့ရှိနေသည်ဟု ဆိုခဲ့သည်။ ထိုကဲ့သို့သော် စိန်ခေါ်မှုမျိုးများ သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲ များမှာကော မရှိခဲ့ဘူးလားဟုမေး ရန်ရှိသည်။ သေချာသည်မှာ လွန် ခဲ့သော ၂၅ နှစ်အချိန် ကာလက ပြုလုပ်ခဲ့သည့် ၁၉၉၀ရွေးကောက် ပွဲတွင် မဲဆန္ဒရှင်စာရင်းမှားယွင်းမှု ပြဿနာဟူ၍ တစ်စုံတစ်ရာ ကြီး ကြီးမားမားမရှိခဲ့ သည်ကတော့ သေချာသည်။

အတိတ်ကို ပြန်ပြောင်းပြော ရလျှင် စစ်အစိုးရအဆက်ဆက်တွင် အုပ်ချုပ်ရေးရုံးများမှအစ အစိုးရနှင့်ပတ်သက်သမျှ ရုံးဌာနအသီး သီးမှာ အရည်အချင်းရှိသူများကို မခန့်ထားဘဲ နာခံမှုရှိသူကိုသာ ရွေးချယ်ခဲ့ကြခြင်းကိုသာ အပြစ် တင်ရတော့မည်ထင်သည်။ ကျွန် မ၏ မိတ်ဆွေအိမ်နီးချင်းလူငယ် တစ်ဦးသည် ခရိုင်အဆင့်အုပ်ချုပ် ရေးရုံးတစ်ခုမှာ စာရေးလေးအ ဖြစ်ဝင်ရောက်လုပ်ကိုင်ဖူး သည်။ ထိုစာရေးကလေး၏ ပြောပြချက် အရ ကွန်ပျူတာအသုံးချနိုင်သူ များကိုသာ ခေါ်ယူခဲ့သော်လည်း ၀န်ထမ်းဆယ်ယောက်မှာ တစ် ယောက်မျှသာ အမှန်တကယ် တတ်ကျွမ်းအသုံးချနိုင်ပြီး ကျန် ၀န်ထမ်းများမှာ ကွန်ပျူတာတတ် ရန်ဝေးစွခြောက်ပါး အိယောင်ဝါး တွေဟုဆို၏။

ထို့အပြင် အုပ်ချုပ်ရေးရုံး များမှာ ကွန်ပျူတာများရှိသော် လည်း အနည်းငယ်ချို့ယွင်းရုံမျှ ဖြင့် ချောင်ထိုးထားလိုက်ကြသည် ဟုလည်း ကြားရသည်။ အောက် ခြေကျေးရွာ၊ ရပ်ကွက်များမှာ ကွန်ပျူတာနှင့် စာရင်းဇယားပြုစု နိုင်ရန်ကား စစ်အစိုးရ၏ အုပ်ချုပ် မှုဖြင့်သာ ဆက်နေထိုင်ကြရလျှင် ကမ္ဘာလဆန်းတစ်ရက်နေ့အထိ စောင့်ရဦးမည်ထင်၏။ ထိုကဲ့သို့ သော အခြေအနေအောက်မှာ မဲ ဆန္ဒရှင်စာရင်းအတွက် မှန်မှန် ကန်ကန် မြန်မြန်ဆန်ဆန်ဖြစ်ရန် စိန်ခေါ်မှုများရှိသည်ဆိုသည်မှာ သံသယမရှိ။

ထပ်လောင်းဆိုရလျှင် တိုင်း ပြည်တွင်းမှ ပြဿနာအများစု သည် နာခံမှုနှင့် အခွင့်အရေးပေး မှုကို အသုံးချကာ ခိုင်းစေတတ် သော စစ်အုပ်ချုပ်ရေး၏ ဆိုးမွေ များဟုသာဆိုချင်သည်။ တကယ် တော့ စစ်အစိုးရများအဆက် ဆက်မှာ မည်သည့်အုပ်ချုပ်ရေး ရုံး အဆင့်ဆင့်ကမှ မိမိမှာ ဘာတာ ၀န်တွေရှိနေလဲဟုသိခဲ့ကြဟန်မ တူ။ အရပ်သားပြည်သူလူထုကို ဧည့်စာရင်းတိုင်ခိုင်းခြင်း၊ ဧည့်စာ ရင်းစစ်ဆေးခြင်းနှင့် ရပ်ကြေး၊ ရွာကြေး၊ ငွေကြေးခွဲတမ်းကောက် ခံခြင်းများနှင့်သာ အချိန်ကုန်ခဲ့ သည်ထင်၏။

အကျင့်စာရိတ္တ ကောင်း ကြောင်း ထောက်ခံစာတောင်း လျှင် အလှူငွေထည့်ခိုင်းမည်။ ဧည့်စာရင်းတိုင်ကြားလိုလျှင် အ လှူငွေ ထည့်ဝင်ခိုင်းမည်။ ကျေး လက်တောရွာများမှာတော့ လမ်း ဖောက်၊ တံတားဆောက်လုပ်အား ပေးဆင့်ခေါ်မည်။ ကိုယ်တိုင်လုပ် အားပေး မလိုက်နိုင်သူများကို တစ်အိမ်ထောင် ငွေကျပ် ၃,၀၀၀ ကောက်မည်။ အခြား အခြား အုပ်ချုပ်ရေးမှူးတို့ ထမ်းဆောင်ရ မည့်တာဝန်ကို စေ့စေ့ငုငုမထမ်း ဆောင်ခဲ့ကြ။ တကယ်တော့ မွေး၊ ရှင်၊ ပြောင်း၊ သေ စာရင်းအင်း များကို ပုံမှန်စစ်ဆေးနေရမည်မှာ အစိုးရသက်ဆိုင်ရာဌာနတိုင်း၏ တာဝန်ဖြစ်သည်။

ယခုတော့ လွန်ခဲ့သော ဆယ်နှစ်ကျော်က ကွယ်လွန်ခဲ့သူ က မဲစာရင်းပါရှိနေပြီး သက်ရှိ ထင်ရှားရှိနေသူက မဲစာရင်းမှာမ ပါ။ မဲစာရင်းမပါ၍ ခုနစ်ရက်အ တွင်း မဲစာရင်းအမည်တင်သွင်း ရန် ပုံစံ(၃) တောင်းတော့ မရှိ။ ကွယ်လွန်သူကို ပယ်ဖျက်ချင် တော့ ပုံစံ၎(ဂ) အဆင်သင့်မဖြစ် ဘဲ လွန်ခဲ့သောဆယ်နှစ်ကျော် အချိန်ကာလက ထုတ်ပေးခဲ့သော သေစာရင်းကို ပြန်တောင်းနေ သည်ဆိုပါကလား။ တကယ် တော့ စာရင်းသည် မြို့ပြဒေသမှာ ဆိုလျှင် ကျန်းမာရေးဦးစီးဌာနက ထုတ်ပေးပြီး လူဝင်မှုကြီးကြပ် ရေး ဌာနသို့ လစဉ်စာရင်းရောက်ရှိရ မည်။ ရောက်ရှိလျှင် သက်ဆိုင်ရာ ဌာနအသီးသီးက ပယ်ဖျက်ပြီး ဖြစ်နေရမည်။

ရှိစေတော့ ရှိစေတော့။ အ စိုးရဌာနတိုင်းမှာ ဆရာဝန် တ ရားသူကြီးများပါမကျန် ဌာနဆိုင် ရာမှန်သမျှ ကိုယ့်အလုပ်ကိုယ်မ လုပ် ရ။ စစ်ဗိုလ်ချုပ်ကြီးများ အာ ဏာတည်မြဲရေးနှင့် လုံခြုံရေးအ တွက် နေ့နေ့ညညကင်းစောင့် ပေးနေရသည်ကလည်း ရှိသေးသ မို့ အပြစ်တင်ရခက်လှ၏။

ယခုအချိန်မှာတော့ ပြည်သူ လူထုက မဲစာရင်းမှာ မိမိအမည် ပါဝင်ရေးအတွက် ကိုယ့်အား ကိုယ်သာ ကိုးစားရတော့မည့်အ ခြေအနေသို့ ဆိုက်ရောက်နေပြီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးတင်အေး ကိုယ်တိုင်က အာဏာရပါတီမှား နေလျှင် တည့်ပေးပါဟုဆိုသွား သည် မဟုတ်လား။ ဒီလိုဆိုလျှင် ကော်မရှင်ဥက္ကဋ္ဌကြီးကလည်း ပြည်သူကို မဲစာရင်းမပါလျှင်၊ ပါ ရှိသော်လည်း အမှားများကို ပြင် ဆင်လိုလျှင် လွယ်ကူအောင်၊ချော မွေ့အောင် ဆောင်ကြဉ်းပေးသင့် သည်။

အစိုးရလုပ်သမျှကို ခင်ဗျား တို့ ပြည်သူတွေကလည်း အ ကောင်းမမြင်ကြ။ လက်ပေါက် ကတ်သည်၊ အဆိုးမြင်သည်ဟု မ ထင် ပါလေနှင့်။ လက်ရှိအာဏာရ အစိုးရကိုယ်တိုင် နိုင်ငံရေးယဉ် ကျေးမှုသစ်ဖြင့် အပြောင်းအလဲ ကို သွားချင်ပါသည်ဟု ဆိုခဲ့သည် မဟုတ်လော။ ဒီလိုဆိုလျှင်ဖြင့်ရွေးကောက်ပွဲကို အဆင်ချော အောင် မဲစာရင်းမှစတင်ကာ အ ကောင်းဆုံးဖြစ်အောင် လုပ် ဆောင်ရမည်မှာ တာဝန်တစ်ရပ် မဟုတ်ပါလား။ လက်ရှိအခြေအ နေမှာ အနည်းဆုံးတော့ ပုံစံ(၃) နှင့် ပုံစံ၎(ဂ) မျှကိုတော့ အဆင် သင့်ဖြစ်အောင် ကြိုးစားဆောင် ရွက်သင့်သည်။

ကျွန်မတို့ ပြည်သူလူထုက လည်းဖြစ်ပေါ်ရရှိနေသည့် အခြေ အနေတစ်ခုအောက်မှာ လူတိုင်း၊ လူတိုင်းက လိုအပ်ချက်ကို ဖြည့် စွက်တာဝန်ယူကြရန်သာရှိတော့ သည်။ မဲစာရင်းမှာ မိမိအမည်နာမ ပါဝင်ခြင်းရှိ၊ မရှိကိုယ်တိုင် ကိုယ်ကျကြည့်ရှုရန် တာဝန်ရှိ သည်။ ဖြစ်နိုင်လျှင် သူတစ်ပါးကို မဲစာရင်းအကြည့် မခိုင်းသင့်။ အ မည်စာလုံးပေါင်း၊သတ်ပုံ၊ သတ် ညွှန်း၊ အဘအမည် နိုင်ငံသား မှတ်ပုံတင်အမှတ်များလွဲချော်နေ ပါလျှင် မဲပေးခွင့်ရရှိရန် ပယ်ဖျက် ခြင်းခံရနိုင်သည်။

မိမိ၏ မိသားစုမှာ အသက် (၁၈) နှစ် ပြည့်ပြီးသူများ မဲဆန္ဒ ရှင်စာရင်းတွင် ကျန်ရှိနေပါက လည်း ခုနစ်ရက်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်ထံတွင် ပြန် လည်လျှောက်ထားရန် အတတ် နိုင်ဆုံး ကိုယ်တိုင်၊ လုပ်ဆောင်ကြ ရလိမ့်မည်။ ကွယ်လွန်ပြီးသူ၊ နိုင် ငံရပ်ခြားသို့ရောက်ရှိနေ၍ နိုင်ငံ အတွင်းရှိ မဲရုံများတွင် ကိုယ်တိုင် ကိုယ်ကျမဲလာရောက် မပေးနိုင် လျှင်လည်း ပယ်ဖျက် ပေးရန် ပုံစံ ၄(ဂ) ကို တောင်းခံပြီး ပယ်ဖျက် ခြင်းအတွက် လျှောက်ထားရန် မ ဖြစ်မနေလိုအပ်ပါလိမ့်မည်။

ဒေသတစ်ခုတွင် ဧည့်စာ ရင်းနှင့်နေထိုင်သူများသည် မိမိ နေထိုင်ရာဒေသမှာ ခြောက်လ တိတိနေထိုင်ကြောင်း အထောက် အထားပြနိုင်လျှင် မဲစာရင်းရရှိ အောင် လျှောက်ထားနိုင်သည်။ အထောက်အထားဆိုသည်မှာ အ စိုးရ၀န်ထမ်းဖြစ်လျှင် ရုံးဌာန၏ ထောက်ခံချက်၊ ပုဂ္ဂလိက လုပ်ငန်းဖြစ်လျှင် လုပ်ငန်းရှင်၏ထောက်ခံချက်များပြင် ကိုယ်တိုင်ဝန်ခံချက်များလည်း အကျုံးဝင်ပါသည်။

မြန်မာပြည်မှာ အိမ်ထောင်စု စာရင်းမရှိသော ရွှေ့ပြောင်းလုပ်သားများ အဖြစ်နေထိုင်သူကလည်း ထုနှင့် ထည်နှင့်ရှိနေရာ အိမ်ထောင်စုစာရင်းမရှိ၍ မဲမပေးလိုက်ရမရှိစေနှင့်။ နိုင်ငံရေးမှာ ယဉ်ယဉ်ကျေး ကျေးဖြင့် အပြောင်း အလဲကိုဖြစ်စေပြီး မိမိကြိုက်နှစ်သက်သော အစိုးရကိုကိုယ်တိုင်ရွေးချယ်လိုလျှင် ရွေးကောက်ပွဲဆိုသည်မှာ မဖြစ်မနေ ကျော်ဖြတ်ရမည့်ကိစ္စ တစ်ခုဖြစ်သည်ဟု နားလည်စေချင်သည်။

ပြည်သူလူထုအနေဖြင့် ယ ခင်ကလည်း ရွေးကောက်ပွဲများ တွင် မဲသာသွား၍ ပေးလိုက်ကြ ရသည်။ ကိုယ်ရွေးချယ်သော ပါ တီက အစိုးရဖြစ်မလာသောအ ဖြစ်များကို တွေ့ကြုံခံစားခဲ့ရ၍ မဲ သွားပေးရန်ကိုပင် စိတ်ဆန္ဒနည်း ပါးနေကြသည်မှာ ၀မ်းနည်းစရာ ကောင်းနေသည်။စစ်ဗိုလ်ချုပ်ကြီး များ၏ မတည်ကြည်ခဲ့သော လုပ် ရပ်များက ပြည်သူလူထုကို လမ်း မပေါ်ထွက် ဆန္ဒပြရန်ကိုသာအား ပေးအားမြှောက် ပြုနေသကဲ့သို့ဖြစ် နေခြင်းဟုသာ ဆိုရတော့မည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်က ယခုထွက်မည့် ရထားကို မမီလျှင်နောက်ရထားကိုအချိန် အကြာကြီးစောင့်ရဦးမည်ဟုဆိုနေသည် မဟုတ်ပါလား။

၂၀၁၅ ရွေးကောက်ပွဲသည် လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီကြီးတို့ အကြိတ် အနယ်ယှဉ်ပြိုင်ကြမည့် ရွေး ကောက်ပွဲ ဆိုသည်ကိုကား မည် သူမျှငြင်းဆန်နိုင်မည်မဟုတ်ဟု ထင်မိသည်။ နှစ်ပေါင်းငါးဆယ် ကျော်မျှ အာဏာကိုဆုပ်ကိုင်ထား သော ဗိုလ်ချုပ်ကြီးများတာဝန် ကျေ၊ မကျေဆိုသည်မှာ ပြည်သူ တို့၏ ကိစ္စမဟုတ်။ ပြည်သူများအ ဖို့ မိမိဘက်က တာဝန်ကျေရမည် သာ မိမိတာဝန်မကျေလျှင် မ ကျေသူသာ အရှက်ရလိမ့်မည်။

မော်တော်ကားတစ်စီးလျှင် သိန်းထောင်ချီဈေးဖြစ်သည်မှာ နိုင်ငံရေး။ သိန်းထောင်ကျော်တန် မော်တော်ကားတစ်စီးက သိန်းရာ ဂဏန်းအထိ ဈေးကျသွားသည်မှာ လည်း နိုင်ငံရေး။ လက်ကိုင် ဖုန်းတစ်လုံးကို သိန်းငါးဆယ် ဖြစ် သည်မှာလည်း နိုင်ငံရေး။ သိန်း ငါးဆယ်တန် လက်ကိုင်ဖုန်း တစ် လုံးကို ၁,၅၀၀ ကျပ်အထိ ဈေးကျ သွားသည်မှာလည်း နိုင်ငံရေး။ အခွန်အကောက်ကို ထင်သ လို ကောက်တတ်သည်မှာလည်း နိုင်ငံရေးဟုဆိုလျှင် ပြည်သူအများမဲပေးရန် တာဝန်ရှိပုံကို သဘောပေါက်မည်ထင်ပါသည်။

ပြည်သူအများ စိတ်ဝင်တ စားမဲပေးကြရမည့် ၂၀၁၅ ရွေး ကောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင်က ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများအား စောင့်ကြည့် လေ့လာရန် ဖိတ်ခေါ်ထားသကဲ့ သို့ ဥရောပသမဂ္ဂကိုယ်စားIDEA၊ အမေရိကန်ပြည်ထောင်စုကိုယ် စား IFES ၊ အမေရိကန်သမ္မတ ဟောင်း ဂျင်မီကာတာ ဦးဆောင် သည် The Carter Center တို့ကို နိုင်ငံတကာ ရွေးကောက် ပွဲစောင့် ကြည့်လေ့လာသူများ စေလွှတ် ခွင့်ပြုရန် သဘောတူထားသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင် ရာ နိုင်ငံခြားသံရုံးများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ပြည်တွင်းအ ရပ်ဘက် အဖွဲ့အစည်းများက လည်း မဲရုံများသို့ ကိုယ်စားလှယ် စေလွှတ်စောင့်ကြည့်လေ့လာနိုင် ကြမည်ဟုဆိုသည်။ သို့သော် လည်း အခြေခံကျလှသော မဲဆန္ဒ ရှင် စာရင်းကိုမူ ပါဝင်ယှဉ်ပြိုင် ကြမည့် ပါတီများမှအပ အခြား မည်သူကမှ စောင့်ကြည့်လေ့လာ နိုင်ခြင်းမရှိသည်ကို တွေ့မြင်နေ ရသည်။

ထို့ကြောင့် မဲစာရင်းမှာ မိမိ အမည်ပါဝင်ရေး၊ မဲစာရင်းမှန် ကန်ရေး၊ စိန်ခေါ်မှုများစွာထဲမှာ အူယားဖားယား အလုပ်များနေ သော ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ဦးတင် အေးကို ကူညီညာဝိုင်း၍ မှိုင်းမရန် လိုအပ်သည်ဟု ထင်ပါသည်။

စားပေါက်အချောင်မပါ သော ရွေးကောက်ပွဲမဲစာရင်းအ တွက် တိတိကျကျလုပ်ရခြင်းကို ကော်မရှင်က စိန်ခေါ်မှုတစ်ရပ်ဟု ဆိုနေခြင်းဖြစ်၍ တို့ပြည်သူတွေ ရွေးကောက်ပွဲ ကော်မရှင်ကို မ တွက်ကတ်ကြပါလေနှင့်။ ကိုယ့် တာဝန်ကိုယ်ယူကာ ထထကြွ ကြွ နဲ့ မှိုင်းမကာ ကိုယ်တိုင် ဖြေရှင်း ဆောင်ရွက်ကြပါစို့။

7Day News Journal



No comments:

Post a Comment

My Blog List