Friday, June 12, 2015

ဒေါ်အောင်ဆန်းစုကြည် အနေနင့် အခွင့်အရေးပေါ် မူတည်ပြီး တိုင်းပြည် အတွက် ဆောင်ရွက်လျှင် အထောက်အကူ ဖြစ်နိုင်ကြောင်း တပ်/ချုပ် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရရှိသော အခွင့်အရေးများအပေါ် မူတည်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်လျှင် မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ ဂျပန်နိုင်ငံအခြေစိုက် The Mainichi သတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအမြင်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသားတစ်ယောက် ရရှိသော အခွင့် အရေးများပေါ် မူတည်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာ ဥပဒေနှင့်အညီ ပေးထားတဲ့ အခွင့်အရေးတွေလည်း ရပြီး ဖြစ်ပါတယ်။ သူသည် နိုင်ငံသား တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာ ဆောင်ရွက်ပိုင်ခွင့်တွေ ရှိပါတယ်။ သူ့မှာလည်း ဒီအခွင့်အရေးတွေရှိတဲ့ အတွက်ကြောင့် ကျွန်တော်ထင်တယ်၊ တစ်စိတ်တစ်ဒေသတော့ မြန်မာနိုင်ငံအတွက် အထောက်အကူ ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ရန် ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မပြုနိုင်ဘဲ နိုင်ငံသားအခွင့်အရေး ရရှိသည်ဟု မပြောသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကပြောကြား သည်။

“သူ့အနေနဲ့ သမ္မတဖြစ်ရေးကို တည်ပြီး မပြောရဲဘူး၊ နောက်ပြီး ရတဲ့ အခွင့်အရေးကို မူတည်ပြီး လုပ်ဆောင်ရအောင် ၅၉ (စ) ကို ပြင်ပေးလို့လား၊ လွှတ်တော်ထဲမှာလည်း တော်တော်လေး အကျပ်အတည်း ဖြစ်နေတာလေ။ ကျွန်တော်တို့ကတော့ ဒီဟာတွေကို ပြင်နိုင်ဖို့အတွက် ပိုပြီးကြိုးစားသွားမယ် ဆိုတဲ့ စိတ်ဓာတ်တော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ တွင် အတိအကျ ဖော်ပြပေးထားသော်လည်း နိုင်ငံတော်၏ အခြေအနေအားလုံး ကောင်းမွန်လာပါက ၄၃၆ ပြင်ဆင်ရေး သည် အဓိက မဟုတ်ကြောင်း သဘောပေါက်လာမည် ဖြစ်ပြီး လက်ရှိအချိန် တွင် ပြင်ဆင်ရန် မသင့်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်း ပုဒ်မ ၅၉ (စ) မပြင်ဆင်နိုင်ပါက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ပြောကြားထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List