Thursday, June 11, 2015

တက္ကဆပ်ရဲအရာရှိ လူမည်းမိန်းကလေးကို ကြမ်းတမ်းစွာ ဆက်ဆံ၍ ဆန္ဒပြမှုများ မြင့်တက်



တက္ကဆပ်ပြည်နယ် မစ်ကင်နီမြို့တွင် ကျင်းပခဲ့သည့် ရေကူးကန်ဘေးပါတီပွဲ၌ ပါတီသို့ တက်ရောက်လာသူ လူမည်းဆယ်ကျော် သက် မိန်းကလေးတစ်ဦးကို ရဲအရာရှိက မြေကြီးပေါ်သို့တွန်းလှဲချကာ သေနတ်ဖြင့် ချိန်ရွယ်ဖမ်းဆီးခဲ့သည့်ဗီဒီယိုမှတ်တမ်းများအွန် လိုင်းပေါ်ရှိ လူမှုစာမျက်နှာများတွင် ပျံ့နှံ့ခဲ့ရာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း တုန်လှုပ်ချောက်ချားသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
သေနတ်ဖြင့် ချိန်ရွယ်ခဲ့သူ ရဲအရာရှိမှာ အဲရစ်ကေ့စ်ဘို့လ် (၄၁ နှစ်) ဖြစ်ပြီး ၎င်းသည် လူဖြူတစ်ဦး ဖြစ်နေခြင်းကြောင့် ယင်းမြို့တွင် အသားအရောင် ခွဲခြားမှု တင်းမာမှုများ မြင့်တက်သွားသည်။ 

အဆိုပါဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်း Facebook၊ YouTube နှင့် အခြားသော လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ပြီး နောက် မစ်ကင်နီမြို့တွင် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ထွက်ခဲ့သည်။

မစ်ကင်နီမြို့ ရဲဌာန၏ သတင်းထုတ် ပြန်ချက်အရ ဆယ်ကျော်သက် လူမည်းမိန်းကလေးကို အင်အားသုံး ချုပ်နှောင်ပြီး သေနတ်ဖြင့် ချိန်ခဲ့သော ရဲအရာရှိ အဲရစ်ကေ့စ်ဘို့လ်သည် အင်္ဂါနေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်သွားကြောင်း သိရသည်။ 

အဆိုပါရဲဌာန၏ အကြီးအကဲ ဂရစ်ကွန်လေက ယင်းဖြစ်ရပ်ကို လက်သင့်ခံနိုင်စရာ မရှိသော ကိစ္စအဖြစ် သတ်မှတ်ဖော်ပြပြီး ယခုလို သုံးသပ်သည်။

“ကျွန်တော်တို့ရဲ့ မူဝါဒ၊ လေ့ကျင့်သင်ကြားမှုနဲ့ လုပ်ဆောင်မှုတွေဟာ သူ့ရဲ့ အပြုအမူတွေနဲ့ ဆန့်ကျင်ပါတယ်။ အဲဒီဖြစ်စဉ်မှာ သူဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ အတိုင်းပါပဲ။ လုံးဝကို မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်နေတာ။ အဲဒီဖြစ်စဉ် ဖြစ်နေတုန်း ပါတီပွဲမှာ ကျွန်တော်တို့ ရဲအရာရှိ ၁၂ ဦး ရှိနေခဲ့တယ်။ ၁၁ ဦးကတော့ လေ့ကျင့်သင်ကြားပေးတဲ့ အတိုင်း လုပ်တယ်။ အကောင်းဆုံး လုပ်ခဲ့ကြတာ”

လူဦးရေ တစ်သိန်းခွဲခန့်ရှိသည့် မစ်ကင်နီမြို့တွင် ယင်းလူမည်းဆယ်ကျော် သက် မိန်းကလေးအပေါ် လူဖြူရဲအရာရှိတစ်ဦး၏ ပြုမူဆက်ဆံမှုကို မကျေနပ်သူများက စာသင်ကျောင်းတစ်ကျောင်းမှ နေ၍ အခင်းဖြစ်ပွားရာ ရေကူးကန်ရှိရာသို့ ချီတက်လမ်း လျှောက်ကြပြီး “အသားအရောင်သည် ရာဇဝတ်မှု မဟုတ်”၊ “ငါတို့ရဲ့ ကလေးတွေကို အသားအရောင်ခွဲခြားမှု မပြုနဲ့” ဟု အော်ဟစ်ကြသည်။ 

အရပ်ဘက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကမူ အမေရိကန် တရားရေးဌာန အနေနှင့် ယင်းရဲအရာရှိကို စုံစမ်းစစ်ဆေး ပေးရန် လိုအပ်သည်ဟု တောင်းဆိုကြသည်။ 

အဆိုပါ ဆယ်ကျော်သက် မိန်းကလေးသည် မစ်ကင်နီမြို့ တစ်နေရာတွင် ကျင်းပပြုလုပ်သည့် ရေကူးကန်ဘေးရှိ ပါတီပွဲသို့ အခြားသော လူမည်း ဆယ်ကျော်သက် မိန်းကလေးများနှင့်အတူ တက်ရောက်ခဲ့ရာမှ အဆိုပါဖြစ် ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

“ဆရာ၊ ကျွန်မတို့က မွေးနေ့ပွဲပါတီ လာကြတာပါ။ မလုပ်ပါနဲ့” ဟု ယင်းဆယ် ကျော်သက် မိန်းကလေးက တောင်းပန်သော်လည်း ရဲအရာရှိက ၎င်းကို အတင်းအကျပ် ဒူးထောက်စေပြီး မြေကြီးပေါ် တွန်းလှဲကာ သေနတ်ဖြင့်ချိန်၊ လက်ထိတ်ခတ်ခဲ့သည်။ 

ရဲဘက်အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ ရေကူးကန် ဘေးတွင် ပြုလုပ်သည့် အဆိုပါ မွေးနေ့ပွဲပါတီသို့ ဖိတ်ကြားခြင်းမခံရသူများ တက်ရောက်လာသောကြောင့် ရဲတပ်ဖွဲ့က ၎င်းတို့ကို ရှင်းလင်းရန် လာရောက် ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List