ဆယ့်သုံးဂဏန်းကို အများစုက ကံမကောင်းသော ဂဏန်းဟု ဆိုကြသည်။ ကျွန်တော့် အနေဖြင့်မူ ထိုဂဏန်း သည် မြန်မာ့ လွတ်လပ်ပန်းကို ဆောင် ကြဉ်းပေးနိုင်သည့် မင်္ဂလာရှိသော ကိန်းဂဏန်းတစ်ခု အဖြစ် ရှုမြင်မိ ပါသည်။
လူထဲကလူ သို့သော် အာဂလူ ဗိုလ်ချုပ်ကို မြန်မာနိုင်ငံ မြေလတ်ဒေသရှိ နတ်မောက်မြို့တွင် သူလိုကိုယ် လိုပင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင် ထိန်လင်း ဖြစ်ပါသည်။ သို့သော် အာဇာနည်သွေးမှာ မွေးကတည်း ကပင် ပါခဲ့သည်ဟု ဆိုရပါမည်။ ငယ်စဉ်ကပင် အမှန်တရားကို ချစ်မြတ်နိုးသောစိတ်၊ မဟုတ်မခံ တုံ့ပြန် လိုစိတ်၊ ပညာကို ကြိုးစား သင်ယူလိုသော စိတ်တို့နှင့်အတူ တိုင်းပြည် လွတ်လပ်ရေးကို စိတ်ဝင်တစားဖြင့် ထက်သန် ပြင်းပြစွာ ဆောင် ရွက်ခဲ့မှုတို့မှာ လူထဲကလူ ဖြစ်သော်ငြားလည်း အာဂလူတစ်ဦး အဖြစ် တောက် မည့် မီးခဲ တရဲရဲ ဖြစ်ခဲ့ပါသည်။
ဘမျိုးဘိုးတူ ဗိုလ်ချုပ်၏ အဘိုးဖြစ်သူ ရွှေလရောင်ဘွဲ့ခံ မြို့လုလင်သူကြီး ဦးမင်းရောင်မှာ နယ်ချဲ့ ဗြိတိသျှ တို့ ၁၂၄၇ ခုနှစ် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က သူ့ကျွန်မခံလိုသော စိတ်ဖြင့် ရရာလက်နက် ကိုင်ဆွဲ ကာ ဗြိတိသျှ စစ်တပ်ကို အကြိတ်အနယ် အံတုခုခံ တော်လှန် တိုက်ခိုက်ရင်း မြန်မာ့လွတ်လပ်ရေးအတွက် အသက် ပေးသွားခဲ့သော မျိုးချစ် သူရဲကောင်းကြီး တစ်ဦးဖြစ်ပါသည်။
ဗိုလ်ချုပ်မှာလည်း မြန်မာ့ လွတ်လပ်ရေး အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်စိုက်မတ်မတ် ကြိုးစား ဆောင်ရွက်ရင်း နယ်ချဲ့ ဗြိတိသျှတို့၏ သွေးထိုး အကောက်ကြံမှုကြောင့် ဖြစ်ပေါ်လာရသည့် အမျိုးသား သစ္စာဖောက်များ၏ လုပ်ကြံမှုနှင့်အတူ အသက် ဆုံးရှုံးခဲ့ရလေရာ ဘမျိုးဘိုးတူ မျိုးချစ် သူရဲကောင်းတစ်ဦး အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါသည်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ့ကျွန်မခံသည့်၊ အင်္ဂလိပ်ကို ဆန့်ကျင်သည့် မျိုးရိုးဇာတိ အစဉ်အလာကို ထိန်းသိမ်းခဲ့သူ ဖြစ်ပါသည်။
မြန်မာ့ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်မြန်မာ့သမိုင်း တစ်ခေတ် အရိုင်းစစ်ကြောင့် ထီးကျိုး စည်ပေါက် ကျွန်သပေါက် ဘ၀ဖြင့် နှစ်ရာချီ၍ လူလုံးမလှ အပူလုံးကြွခဲ့ရသည့် မြန်မာပြည်ကို နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ ဖိနှိပ်မှုအစုစုတို့အား “လက်အောက်မှ လှန်၊ ရန်အောက်မှ ရုန်း၊ နုန်းအောက် မှ ဖောက်” သူ့ကျွန်ဘ၀မှ လွတ်မြောက်ပြီး မြန်မာ့အချုပ်အခြာ အာဏာကို ပြန်လည် ရရှိရလေအောင် ဗိုလ်ချုပ်ကိုယ် တိုင် ဦးဆောင်၍ ဗိုလ်ချုပ် ထူထောင်ခဲ့သော တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံးတို့၏ ကြိုးပမ်း အားထုတ် မှုတို့ဖြင့် ဆောင်ကြဉ်း ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ယနေ့အခါ ကျွန်ုပ်တို့အားလုံး မြန်မာ့ နိုင်ငံတော် အလံကို ဂုဏ်ယူ ဝင့်ကြွားစွာ လွှင့်ထူ၍ နိုင်ငံတော် သီချင်းကို ကြက်သီး တဖျန်းဖျန်း ထအောင် သီဆိုနိုင်ခဲ့ ကြပြီ မဟုတ်ပါလော။
စည်းလုံးမှုပြယုဂ် ပင်လုံစာချုပ်ကို အသက်သွင်းခဲ့သည့် ဗိုလ်ချုပ်ဗိုလ်ချုပ်ကစည်းလုံးညီညွတ်ရေး အရေးကြီး ပုံကို ပြောပြခဲ့မှုအား ဗိုလ်ချုပ်၏ အပါးတော်မြဲဆောင်ရွက်ခဲ့သည့် ဗိုလ်ထွန်းလှက ရေးသားခဲ့သည်မှာ “---- ဂျပန်ပြေးတာနဲ့ အင်္ဂလိပ်အစိုးရ ပြန်ဝင်လာပြီး မြန်မာနိုင်ငံဟာ မူလက အတိုင်း ကျွန်ဘ၀ ပြန်ရောက်အုံးမယ် . . . ငါတို့ဟာ စစ်ရေးအရ ဗြိတိသျှ အင်ပါယာကြီးကို နိုင်အောင် မတိုက်နိုင်ဘူး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အင်အားနဲ့မှ တိုက်လို့ရမည်၊ မင်းတို့ မြဲမြဲမှတ်ထားဖို့က ငါတို့ရဲ့ အဓိကလက်နက်၊ အထိရောက် ဆုံး လက်နက်ဟာ စက်သေနတ်တွေ အမြောက်တွေမဟုတ်ဘူး ယူနတီ (Unity) ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသာ ဖြစ်တယ်” ဟူ၏။ အပြောနှင့် အလုပ် တစ်ထပ်တည်း ကျသည့် ဗိုလ်ချုပ်သည် ဗြိတိသျှတို့မှ မတတ်သာ၍ လွတ်လပ်ရေးပေးရတော့မည့် အချိန်တွင် ရှမ်းပြည်နယ်နှင့် တောင်တန်း ဒေသ များအား ၎င်းတို့ အကျိုးစီးပွား အတွက် ဆက်လက် ချုပ်ကိုင်လိုသည့် သဘောထားရှိမှုကို သိရှိလာသည့် အခါ ၁၉၄၆ ခုနှစ် မတ်လမှ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသား ခေါင်းဆောင်များထံ ကိုယ်တိုင် ကိုယ်ကျ သွားရောက် တွေ့ဆုံ ညှိနှိုင်းခဲ့၍ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်တမျှ အရေးကြီး လှသည့် အမျိုးသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံ စာချုပ်ကြီးကို တိုင်းရင်းသား အားလုံး သွေးစည်း ချစ်ကြည်သော အထိမ်း အမှတ် အဖြစ် လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ ထိုပင်လုံစာချုပ်ဖြင့် မြန်မာ့ လွတ်လပ်ရေးကို အရ ယူပေးနိုင် ခဲ့ပါသည်။
ရှုထောင့်မျိုးစုံတွင် ချစ်ခင်လေးမြတ်ဖွယ်ဗိုလ်ချုပ်မည်သူမဆို အားနည်းချက်၊ အားသာချက်ဟူ၍ ရှိမည် သာ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှာလည်း ပုထုဇဉ်တစ်ဦး ပီပီ အားနည်းမှု၊ ချို့ယွင်းမှု ရှိမည်သာ ဖြစ်ပါသည်။ သို့သော် ဗိုလ်ချုပ်၏ အားနည်းမှု၊ ချို့ယွင်းမှုများသည် တိုင်းပြည်ကို ကယ်တင်ရာတွင် အသက်ကို ပဓန မထားဘဲ စွန့်လွှတ် စွန့်ရဲသော၊ အများပြည်သူ၏ လွတ်လပ်မှု လိုအင်ဆန္ဒကို အသက်နှင့်လဲ၍ ဖြည့်စွမ်းပေး ခဲ့သော စိတ်စေတနာတို့ အောက်ဝယ် အလိုလိုတိမ်မြုပ်ပျောက်ကွယ်သွားသည်ဟု ခံစားမိပါသည်။
ဗိုလ်ချုပ်က မြန်မာပြည်၌ သာမက ကမ္ဘာမှာပင် ရှာမှာရှားသော ပုဂ္ဂိုလ်ထူး ဖြစ်ပါ၏။ မြန်မာနိုင်ငံတော် သမိုင်းကို ပြန်ပြောင်းကြည့်မည် ဆိုပါကလည်း အနော်ရထာမင်းသည် အေဒီ ၁၁ ရာစုတွင် ပထမ မြန် မာနိုင်ငံတော်ကြီးကို စစ်ရေး မဟာဗျူဟာဖြင့် လည်းကောင်း၊ ဘုရင့်နောင် မင်းတရားကြီးသည် ၁၆ ရာစုတွင် ဒုတိယ မြန်မာ နိုင်ငံတော်ကြီးကို စစ်ရေး မဟာဗျူဟာဖြင့် လည်းကောင်း၊ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျသည် ၁၈ ရာစုတွင် တတိယ မြန်မာနိုင်ငံတော်ကြီးကို စစ်ရေး မဟာဗျူဟာဖြင့် လည်းကောင်း ထူထောင်ခဲ့ကြရာ ဗိုလ်ချုပ် အောင်ဆန်းမှာမူ ၂၀ ရာစုတွင် စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို စစ်ရေးနည်း အပြင် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဟူသော အယူအဆဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတည်း ဟူသော စည်းရုံးရေး နည်းကိုပါ တွဲဖက်၍ မဟာဗျူဟာ အမျိုးမျိုး ကျင့်သုံးထူထောင်နိုင်ခဲ့ ပါသည်။ သတ္တိနှင့် ဗျတ္တိကို မှန်ကန်စွာ အသုံးချနိုင်ခဲ့သူ ဖြစ်ပါသည်။
ပြည်သူအပေါ်၊ တိုင်းရင်းသားအပေါ် ချစ်ခင် လေးစားသည့် ဗိုလ်ချုပ် ဗိုလ်ချုပ် ဦးဆောင်သည့် ရဲဘော် သုံးကျိပ်ဖြင့် စတင်ထူထောင်ခဲ့သည့် မြန်မာ့တပ်မတော်သည် ထိုစဉ်က ကမ္ဘာပေါ်တွင် စစ်အင်အား ကြီးမားသော ဗြိတိသျှတပ်မတော်ကို လည်းကောင်း၊ အာရှတွင်စစ်အင်အား ကြီးမားလှသည့် ဂျပန်စစ်တပ် ကို လည်းကောင်း တိုက်ထုတ်နိုင်ခဲ့သည် အထိ အင်အား တောင့်တင်း ခိုင်မာခဲ့ပါသည်။ သို့သော် ဗိုလ်ချုပ် သည် လူမျိုးစွဲ၊ ဝါဒစွဲတို့ဖြင့် အသီးသီး ကွဲပြားနေသော တိုင်းရင်းသားတို့ကိုမူ အင်အားကို အသုံးပြု၍ သိမ်းသွင်းခဲ့ခြင်း မပြုဘဲ တိုင်းရင်းသား ပြည်သူများအပေါ် ချစ်ခင် လေးစားစိတ်၊ စာနာ ကြင်နာစိတ်တို့ဖြင့် စည်းရုံးရေး မဟာဗျူဟာကို ကျင့်သုံး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသည်ကား ဗိုလ်ချုပ်၏ မြင့်မြတ်သော စွမ်းဆောင်ရည်ပင် ဖြစ်ပါ၏။
မြန်မာ့သမိုင်းတွင် ထာဝစဉ်ရှင်သန်နေမည့် ဗိုလ်ချုပ် ဗိုလ်ချုပ်ကို လွှတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ ဖခင်၊ မြန်မာပြည်သူတို့၏ အမျိုးသား ခေါင်းဆောင်ကြီး စသည့် ဂုဏ်ထူး ၀ိသေသများဖြင့် ချီးကျူး ဂုဏ်ပြုခေါ်ဝေါ် သုံးနှုန်းလေ့ ရှိကြပါသည်။ ထိုထိုသော ဂုဏ်ဒြပ်များကလည်း ထပ်တူပြုရန် မရှိနိုင်သည့် နှိုင်း ယှဉ်ရန် မရှိသည့် ဝိသေသ လက္ခဏာများပင် ဖြစ်ပါသည်။
သေသောသူ ကြာရင်မေ့ ဆိုသော်လည်း ဗိုလ်ချုပ်မှာမူ လူသေသော်လည်း နာမည်မသေဘဲ ယနေ့တိုင် မမေ့နိုင်စွာ ဂုဏ်ယူ တသနေရပါသည်။ ထို့အတူ မြန်မာ့သမိုင်း တစ်လျှောက်မည်သည့်အခါ မှ မေ့ပျောက်နိုင်တော့မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်ပါသည်။
သီဖွဲ့မကုန် ကျော်သည့်ဂုဏ်
ဗိုလ်ချုပ်၏ မွန်မြတ်လှသော ဂုဏ်ပုဒ်များက သီဖွဲ့၍ မကုန်နိုင်ပေ။ ဖြောင့်မတ် ရိုးသားမှု၊ ကြိုးစား အားထုတ်မှု၊ ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံမှု၊ ကြင်နာသနားတတ်မှု၊ ခေါင်းဆောင်ပီသမှု၊ အမှန်တရားနှင့် တရားမျှတ မှုကို လက်ကိုင်ထားမှု၊ ရိုးရှင်းသော ဘ၀ကိုမြတ်နိုးမှု၊ စာပေ လေ့လာ လိုက်စားမှု၊ သတ္တိ ဗျတ္တိရှိမှု၊ ရဲဘော် ရဲဘက်စိတ်ရှိမှု၊ မိမိအကျိုးထက် နိုင်ငံသား၏ အကျိုးကို ရှေးရှုမှု၊ နိုင်ငံနှင့် လူမျိုးအကျိုး အတွက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် မဆုတ်နစ်သော ဇွဲလုံ့လဖြင့် ကြိုးပမ်း ဆောင်ရွက်မှု၊ အပြန်အလှန် လေးစားတတ်မှု စသည့် မွန်မြတ် အတုယူဖွယ် ကောင်းသော၊ စံပြုဖွယ်ရာဖြစ်သော အမူအကျင့်နှင့် စိတ်ဓာတ်တို့ကို အနာဂတ် ဖန်တီးရှင်များ ဖြစ်သည့် နောင်လာ နောင်သား မျိုးဆက်သစ် လူငယ်များအကြားဝယ် ပြန့်ပွားစေ ချင် မိပါသည်။
ဗိုလ်ချုပ်ကို အားကျအတုယူပြီး သူ့လိုလူဖြစ်စေရန် အားထုတ် ကြိုးပမ်းကြမည် ဆိုပါလျှင် ဗိုလ်ချုပ်ကဲ့သို့သော လူငယ် ခေါင်းဆောင်ကောင်းများ အများအပြား ပေါ်ထွက်လာမည်သာ ဖြစ်ပါ၏။
ဂုဏ်ယူနေရုံနှင့်မရ
ဗိုလ်ချုပ်ကို ချစ်သလား၊ လေးစားသလား၊ ယုံကြည်သလားဟု မေးလာပါလျှင် လူတိုင်းက ချစ်ခင်လေးစား ယုံကြည်ကြကြောင်း ပြောမည်မှာ မလွဲမသွေဖြစ်ပါ၏။ ထိုသို့ ချစ်ခင်လေးစား ယုံကြည်မှုကို အဖန်တလဲလဲ ဂုဏ်ယူနေရုံမျှဖြင့် ချစ်ရာ မရောက်ဟု ဆိုရပါမည်။ ဗိုလ်ချုပ် မျှော်မှန်းခဲ့သည့် အမိမြန်မာပြည် ဖြစ်စေရန်မှာမူ ဗိုလ်ချုပ် လမ်းစဉ်နှင့် လုပ်ရပ်များကို သိရှိနားလည်ပြီး ကိုယ်တိုင် လိုက်နာ ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ လျှင် ဗိုလ်ချုပ် အပေါ် ချစ်ခင်လေးစား ယုံကြည်မှုကို ပြသသင့်သည်ဟု ရိုးရှင်းစွာ ရှုမြင်မိပါသည်။
ယနေ့မြန်မာ မျက်နှာစာ
ယနေ့အခါ မြန်မာနိုင်ငံသည် ဖြတ်သန်းခဲ့ရသော ခေတ်စနစ် အသီးသီး၏ သင်ခန်းစာများ အရ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး အတါက် အမျိုး သားရေး တာဝန်အဖြစ် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးကို ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။
လူထုရွေးချယ်မှုဖြင့် ပေါ်ပေါက်လာသည့် ဒီမိုကရေစီ ဖော်ဆောင်သော အစိုးရအနေဖြင့်လည်း ဒို့တာဝန် အရေးသုံးပါးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မဖြစ်မနေ လိုအပ်သည်က တည်ငြိမ်မှုနှင့် အေးချမ်းမှုတို့ ဖြစ်ပါ၏။ တိုင်းရင်းချစ်ကြည် တွဲလက် ညီစေရေးအတွက် နိုင်ငံတော်မှ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ကို တိုင်းရင်းသားညီနောင် အချင်းချင်းအကြား အကျိုးမဲ့စွာ ဆုံးရှုံး မှုကို ဖြစ်စေမည့် နည်းလမ်းများကို ဖယ်ရှားပြီး ဆွေးနွေး တိုင်ပင် ညှိနှိုင်းခြင်းဖြင့်သာ လုပ်ဆောင်မည် ဟူသော ယုံကြည်ချက်၊ ခံယူချက်တို့ထားရှိကာ ကြိုးပမ်း လုပ်ဆောင်လျက်ရှိရာ ဤခရီး နီး၊ မနီးမှာမူ နိုင် ငံတော် အစိုးရ၏ အပြုသဘော ဆောင်ရွက်ချက်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၌ ပါဝင်ဆောင်ရွက်သူများ၏ ဖြစ်ချင်စိတ်ပြင်းပြမှုနှင့် မှန်ကန်သော စိတ်စေတနာတို့ အပေါ်တွင်သာ မူတည်မည် ဖြစ်ပါသည်။
ပြည်သူတစ်ရပ်လုံးက လိုလား တောင့်တနေသည်က “သားရွှေအိုး ထမ်းလာသည်ကို ရှုမြင်ရသည့် ခံစားမှုမျိုး” ဖြစ်ပါ၏။
ထို့ကြောင့် မဏ္ဍိုင် အသီးသီး၏ မှန်ကန်မျှတသော လုပ်ဆောင်မှုများကလည်း အထူး အရေးပါလှသည်ကို သတိပြုရန် အထူး လိုအပ်လှပါသည်။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့၏ မှိုင်းအောက်ဝယ် လူလားမြောက်စ ဒီမိုကရေစီ ခရီးလမ်းကို ခရောင်းလမ်း အသွင် မဖြစ် စချင်ပါ။ မှန်ကန်သော ရှုမြင်မှု၊ ဖြောင့်မတ်သော လုပ်ဆောင်မှုများဖြင့် အင်တိုက် အားတိုက် အတူတကွ ပူးပေါင်း ဆောင်ရွက် ရမည့် အချိန်ကာလများကို အကျိုးမဲ့စွာ ဆုံးရှုံးမသွားစေချင်ပါ။
ဆန္ဒတွေ မျှော်လင့်ချက်တွေဪ လက်ရှိအခြေအနေကို နိုင်ငံသားတစ်ဦးပီပီ မချင့်မရဲ ဖြစ်ရလေတိုင်း ယနေ့တိုင် အစားထိုး မရနိုင်သေးသည့် ကျွန်တော်တို့ ဗိုလ်ချုပ်ကို သတိရမိပါသည်။
တစ်ဆက်တည်းပင် မျှော်လည်း မျှော်လင့်မိပါသည်။လူအများက ကံမကောင်းသော ဂဏန်းဟု သတ်မှတ် ထားကြသော်လည်း ထိုဂဏန်းဖြင့် မွေးဖွားလာပြီး မြန်မာ့ လွတ်လပ်ပန်းကို ဆောင်ကြဉ်းပေးနိုင် ခဲ့သည့် ဗိုလ်ချုပ်၏လမ်းစဉ်နှင့် မှန်ကန် မြင့်မြတ်သော လုပ်ဆောင်ချက်များ နည်းတူ အကောင်အထည် ဖော်နိုင် ပါစေဟုသာ ဆန္ဒပြုမိပါသည်။ ။
MOI Webportal Myanmar
MOI Webportal Myanmar
No comments:
Post a Comment