Wednesday, December 10, 2014

CIA စစ်ဆေးမေးမြန်းမှုစနစ် အစီရင်ခံစာထုတ်ပြန်


အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၁ စက်တင်ဘာလ အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ စစ်ဆေးမေးမြန်းမှု နည်းစနစ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်ကို အထက်လွှတ်တော်က ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေပြီး နိုင်ငံရပ်ခြားက အမေရိကန် သံတမန် ရေးရာ အဆောင်အဦးတွေ၊ စစ်ဘက်ဆိုင်ရာ စခန်းတွေကို လုံခြုံရေး တိုးမြှင့်ထားပါတယ်။

စာမျက်နှာ ၆ ထောင် ပါဝင်တဲ့ အစီရင်ခံစာမှာတော့ အခန်းကျဉ်းထဲမှာ ချုပ်နှောင်ထားတာ၊ အိပ်ရေးပျက် အောင်ထားတာ၊ ရေနစ်သလို ခံစားရအောင်လို့ ရေမွန်းအောင်လုပ်တာ စတာတွေလို CIA ရဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေကို အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အစီရင်ခံစာကြောင့် အမေရိကန်ကို ကလဲ့စားချေတဲ့အနေနဲ့ တိုက်ခိုက်မှုတွေ လုပ်ကြမှာကို အမေရိကန်အစိုးရက အထူးစိုးရိမ်နေပြီး နိုင်ငံခြားရေးဝန်ကြီး John Kerry က အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌ Diane Feinstein ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တယ်လီဖုန်းက တဆင့် ဆွေးနွေးခဲ့တာပါ။

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Josh Earnest ကတော့ အကြမ်းဖက် ကန့်ကွက် ဆန္ဒပြ မှုတွေနဲ့ ကြုံရနိုင်တာကြောင့် အမေရိကန် စစ်ဖက်၊ အရပ်ဖက်ရုံးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ Barack Obama က သူ ၂၀၀၉ မှာ သမ္မတတာဝန် ယူကတည်းက နှိက်စက်ညှဉ်း ပန်းပြီး စစ်မေးတဲ့နည်း တွေကို မသုံးဖို့ တားမြစ်ထားတာပါ။ အမေရိကန် နိုင်ငံသားတွေ အနေနဲ့လည်း ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာ အရှင်းလင်းဆုံးသိဖို့ အရေးကြီးတယ်လို့ သမ္မတက ယူဆကြောင်း Mr. Earnest က ပြောပါတယ်။

ဒီအစီရင်ခံစာဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ al-Qaida အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်သူတွေအဖြစ် သံသယရှိသူတွေအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒါဟာပထမဆုံး အများပြည်သူအတွက် ထုတ်ပြန်မယ့် အစီရင်ခံစာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို တွေ့ပြီးသူတွေကတော့ ဒီအစီရင်ခံစာဟာ CIA က သူတို့သုံးတဲ့နည်းတွေဟာ စစ်မေးတဲ့ အချက်တွေအဖြေရဖို့ ဘယ်လောက်တောင်အသုံးဝင်လဲဆိုတာ ဥပဒေပြုအမတ်တွေနဲ့ အိမ်ဖြူတော် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

VOA

No comments:

Post a Comment

My Blog List