Monday, December 08, 2014

တွေ့ဆုံဆွေးနွေးကြဖို့အရေး ဘာကြောင့် နှောင့်နှေးနေသလဲ





(၁)နေပြည်တော်အစိုးရ သမ္မတအိမ်တော်မှာ နိုင်ငံရေးထိပ်သီးတွေ တွေ့ဆုံခဲ့တာ အချိန်တစ်လကျော်ခဲ့ ပါပြီ။ နိုင်ငံရေးရလဒ် မည်မည်ရရမထွက်ဘဲ ပြီးခဲ့တဲ့နောက် ထပ်တွေ့ဖို့ ရှိတယ်ဆိုတဲ့ စကားစတွေ ကျန်ခဲ့ပါတယ်။ 

အဲဒီအချိန်တုန်းကလုပ်ခဲ့တဲ့ နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲက ဟန်ပြဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်ကို သမ္မတဦးသိန်းစိန် အစိုးရဘက်က ပယ်ချထားပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် တွေ့တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

အောက်တိုဘာမှာ တက်သုတ်ရိုက်တွေ့ရတဲ့ အကြောင်းက နိုဝင်ဘာမှာ သမ္မတ မအားဘူးဆိုတဲ့ အကြောင်းပြချက် ရှိခဲ့ပါတယ်။ အခု နိုဝင်ဘာကုန်ပြီး ဒီဇင်ဘာကို ရောက်လာပါပြီ။ 

နိုင်ငံရေးထိပ်သီးတွေ ထပ်တွေ့ကြမယ်ဆိုတဲ့ အသံ ပျောက်နေပါတယ်။ ဒီနှစ်မကုန်ခင် ထပ်တွေ့ကြဦး မလား ဆိုတာလည်း မရေရာပါဘူး။

(၂) မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံ ဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မယ် ဆိုတာကို နိုင်ငံရေးထိပ်သီးတိုင်းက လက်ခံထားပါပြီ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပါအ၀င် တိုင်းရင်းသားများအတွက် ညီမျှမှုနဲ့ တန်းတူ အခွင့်အရေး ရရှိနိုင်ဖို့ကလည်း တွေ့ဆုံဆွေးနွေးရေး အပေါ်မှာပဲ အခြေခံနေပါတယ်။ 

စစ်အစိုးရ လက်ထက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ခဲ့ပါတယ်။ အဖြေမထွက်ခဲ့ပါဘူး။ 

အဖြေ မထွက်ရခြင်းရဲ့ အရင်းခံက ဟန်ပြ ဆွေးနွေးကြတဲ့ ပုံစံမျိုး ဖြစ်ခဲ့လို့ပါပဲ။ အပြန်အလှန် အပေးအယူ အားဖြင့် ဆွေးနွေးကြတဲ့ ပုံစံမပေါက်ဘဲ သူတို့ဖြစ်ချင်တဲ့အတိုင်း လိုက်လုပ်ဖို့ စစ်ခေါင်းဆောင်တွေဘက်က တိုက်တွန်းခဲ့တဲ့ ပုံစံမျိုးကိုသာ မြင်ခဲ့ကြရပါတယ်။ 

အခုချိန်အထိတော့ မြန်မာ့နိုင်ငံရေးမှာ ပီပြင် ထိရောက်ပြီး အဖြေထွက်နိုင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး မှုတွေ ဖြစ်မလာသေးပါဘူး။

(၃) တွေ့ကြတယ်။ အဖြေမထွက်ဘူးဆိုတဲ့ ပုံစံတွေချည်း ဖြစ်ခဲ့ပေမယ့် တွေ့ဆုံဆွေးနွေးကြဖို့ ဒေါ်အောင် ဆန်းစုကြည်ဘက်က အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ စစ်အစိုးရ လက်ထက်မှာ တောင်းဆိုခဲ့တာ ရှိသလို သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တောင်းဆိုခဲ့ပါတယ်။ 

သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ ပါဝင်တဲ့ လေးပွင့် ဆိုင် တွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုခဲ့တာ ကလည်းတွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာလိုခြင်းပဲ ဖြစ်ပါတယ်။ 

နေပြည်တော် အစိုးရဘက်က လေးပွင့်ဆိုင်ကို ပယ်ချခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တောင်းဆိုခဲ့ပါတယ်။ 

လေးပွင့်ဆိုင် ဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ခိုင်ခိုင်မာမာ နဲ့ ဘယ်လို ဆက်သွားမလဲဆိုတာကို အဖြေရှာဖို့ အဓိက ဆွေးနွေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောထားပါတယ်။ 

အခုချိန်မှာ ၂၀၁၅ အလွန် ကာလမှာ ဘာတွေဖြစ်မလဲ ဆိုတာကို ပြည်သူလူထုက စိုးရိမ် ပူပန်နေပါပြီ။ ပြုပြင်ပြောင်းလဲရေးတွေ ရပ်တန့်နေတာ၊ ဆင်းရဲမွဲတေမှု မြင့်မားလာတာ၊ မတရားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေက စိုးရိမ်ရတဲ့ အဓိက အချက်တွေ ဖြစ်နေပါတယ်။ 

သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီထက်ပိုပြီး မလုပ်ဖို့ အစောကတည်းက ကြို တင် ဆုံးဖြတ်ထားပြီး ဖြစ်တယ်ဆိုရင်လည်း ဒီဆုံးဖြတ်ချက်က ၂၀၁၅ ခုနှစ် အလွန်ကိုပါရိုက်ခတ်နေပါ တယ်။ 

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အခုချိန်အထိ ဘာအာမခံချက်မှ မရှိသေးပါဘူး။ တိုင်းရင်းသားအရေး လည်း အာမခံချက် မရှိသေးပါဘူး။ ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှုက မြင့်မားနေပါတယ်။ ငြိမ်းချမ်းရေးက ရပ်တန့်နေရာကနေ နောက်ပြန် လှည့်သွားနိုင်ပါတယ်။ ဆွေးနွေးဖက်တွေအကြား ယုံကြည်မှု ပျက်ယွင်းနေ ပါပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်မစနိုင်သေးပါဘူး။ 

(၄)နေပြည်တော် နိုင်ငံရေးထိပ်သီး တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အချက်သုံးချက် ပြောခဲ့ပါတယ်။ 

လက်ရှိ ဖြစ်ထွန်းနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ဆက်လက် ရှင်သန်ဖို့၊ အဲဒီကနေ ဒီမိုကရေစီ အမြစ်တွယ် ခိုင်မာရေးနဲ့ ဖွံ့ဖြိုး တိုးတက်တဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်စေဖို့ဆိုတာ ပထမအချက် ဖြစ်ပါတယ်။ 

ဒုတိယအချက်က အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် လက်ရှိ ရထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ဖို့ လက်ရှိ ရထားတဲ့ နိုင်ငံရေး တည်ငြိမ်မှုများကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာကို တတိယ အချက်အဖြစ် ပြောခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်က ဖော်ပြပါသုံးချက်ကို ပြောခဲ့ပေမယ့် အဲဒီသုံးချက်နဲ့ ကိုက်ညီတဲ့ ဆွေးနွေးမှုတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ဒီသုံးချက်စလုံးကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီး ဆွေးနွေးနိုင်ဖို့ဆိုရင် ပီပြင်တဲ့ တွေ့ဆုံဆွေးနွေးမှု ထပ်လုပ်ဖို့ မုချ လိုအပ်ပါတယ်။ တွေ့ဆုံ ထမင်းစားပွဲ ထပ်လုပ်ရုံနဲ့တော့ အဖြေ မထွက်နိုင်ပါဘူး။ 

နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ 

၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်း မျှတမှုရှိမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေးပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းသိမ်းဖို့က အစိုးရမှာ ပိုပြီး တာဝန်ရှိပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ အတူ တရား ဥပဒေစိုးမိုးရေး ဖြစ်ဖို့ အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ အဓိက တာဝန်ရှိသလို မှန်ကန်မျှတတဲ့ တရားစီရင်ရေးစနစ် ဖြစ်ရေးကလည်း အရေးပါနေပါတယ်။ 

(၅)ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆက်လက် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲဟာ ၂၀၁၅ အလွန်အတွက် အာမခံချက်ရှိဖို့ အဖြေရှာလိုတာ ဖြစ်ပါတယ်။ 

သမ္မတဦးသိန်းစိန်က ဆက်ကိုင်စွဲထားမယ် ဆိုတဲ့ နိုင်ငံရေး အင်အားစုငါးစု တွေ့ဆုံပွဲဟာ နိုင်ငံရေးဖြစ်စဉ် ဆက်ရှင်သန်ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ပုံဖော်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ဖို့ ဖြစ်တယ်လို့ ယူဆရမှာပါ။ 

စစ်မှန်တဲ့ အဖြေ ရှာဖွေဖို့အတွက် ဆွေးနွေးမှုဖြစ်ရပါမယ်။ ဟန်ပြနိုင်ငံရေး ထွက်ပေါက်အဖြစ် အသုံးချတာ လည်း မဖြစ်သင့်ပါဘူး။ 

ဒါ့အပြင် အမျိုးသားညီလာခံ ပုံစံအတိုင်း လုပ်မယ်ဆိုရင် ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဖြေလည်း ထွက်မှာ မဟုတ်ပါဘူး။ 

သမ္မတ ဦးသိန်းစိန်အစိုးရက လေးပွင့်ဆိုင်ကို ငြင်းပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်ကိုလည်း အခုချိန်မှာ ဖြစ်ဖို့ ခဲယဉ်းတယ် ဆိုပြီး ကြိုတင် သုံးသပ်ချက် ထုတ်ပါတယ်။ ယတိပြတ်ငြင်းတာ မဟုတ်ဘူးလို့ ယူဆရတဲ့ ဖြေရှင်းချက်တချို့ ထွက်လာပြီးတဲ့နောက် ခြောက်ပွင့်ဆိုင်ကို သမ္မတက စဉ်းစားနေတယ် ဆိုတဲ့အသံ ထွက်လာပြန်ပါတယ်။ လက်တွေ့မှာ မထူးခြားသေးပါဘူး။ 

သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် ကမ်းလှမ်းချက်က ကြားချထားတဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ 

လေးပွင့်ဆိုင်ကို ငြင်းထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရ၊ ၁၄ ပွင့်ဆိုင် ဒါမှမဟုတ် နိုင်ငံရေးအင်အားစုငါးစု တွေ့ဆုံခြင်းကို ဆက်လုပ်လိုတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ကြားချလိုက်တဲ့ အဆို တစ်ရပ် ဖြစ်နိုင်ပါတယ်။ 

လေးပွင့်ဆိုင်ကို သမ္မတ ဦးသိန်းစိန်ရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါ ငြင်းထားတာပါ။ လေးပွင့်ဆိုင် လုပ်ဖြစ်ခဲ့လို့ သဘောထားတွေ ဆွေးနွေးကြတဲ့အခါ လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က သဘောထား တစ်ခုတည်း ဖြစ်နေမယ်ဆိုရင် အခက်ကြုံစရာ ဖြစ်မယ်လို့ သမ္မတဦးသိန်းစိန်ရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပါ ယူဆထားပုံ ရပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်းတွေ့ဖို့ ခက်ခဲမယ်လို့လည်း ပြောထားပါတယ်။ 

(၆)ခြောက်ပွင့်ဆိုင်တွေ့ဖို့အဆိုကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်က တင်ပြခဲ့တာပါ။ 

“ခေတ်စနစ် အချိန်အခါ အခြေအနေနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်းနိုင်ရန်” ဆိုတဲ့ မှတ်ချက်နဲ့ ခြောက်ပွင့်ဆိုင်တွေ့ဖို့ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီး အဆိုတင်သွင်းပြီး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

ခြောက်ပွင့်ဆိုင်ကို ငြင်းသူတွေရဲ့ အဆိုအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ လွှတ်တော်မှာပဲ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ 

အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ လွှတ်တော်က ဆောင်ရွက်မှုအပိုင်း ဘယ်လောက် အထိ ဖြစ်မလဲဆိုတာ မှန်းဆရ ခက်ပါတယ်။ ၂၀၁၅ ခုနှစ်မတိုင်မီမှာ ဘယ်အချက်တွေ ပြင်နိုင်မလဲ၊ ၂၀၁၅ ခုနှစ်အလွန်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲ ဆိုတာတွေက လာမယ့် လွှတ်တော် အစည်းအဝေးမှာ အဖြေထွက်နိုင်ပါတယ်။ 

လာမယ့် လွှတ်တော် အစည်းအဝေးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေးတာပဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ခြင်းနဲ့ ဆိုင်တဲ့ ဥပဒေကြမ်းတွေကို အစိုးရက လွှတ်တော်ကို တင်သွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အပြိုင် ဆွေးနွေးစေမယ့် သဘော ရှိနေပါတယ်။ 

အစိုးရ သတင်းစာတွေမှာ ဆက်တိုက် ဖော်ပြနေတဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ ဥပဒေကြမ်းတွေဟာ ဥပဒေကြမ်းအဆင့်မှာပဲ အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ 

(၇)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမှာ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးက အဓိကကျပါတယ်။ အကြံပြုချက်တွေ ကို ကြည့်တဲ့အခါ ပြင်ပုံပြင်နည်း မတူကြပေမဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အများစုက သဘောထားရှိနေပါတယ်။ 

ဒါပေမဲ့ ပုဒ်မ ၄၃၆ (က) ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မပြင်လိုပါဘူး။ ပုဒ်မ ၄၃၆ (ခ) ကိုလည်း မပြင်လိုပါဘူး။ 

ဒါ့အပြင် အဖွဲ့ဝင် ၁၁ ဦးရှိတဲ့ အထဲ တပ်မတော်ဘက် ခြောက်ဦးကို ကိုင်တွယ် ထားပိုင်ခွင့် ရှိနေတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့၊ ကောင်စီရဲ့ လုပ်ငန်း တာဝန်ပိုင်း မှာ ဖြည့်စွက်ချက် ငါးချက် ထပ်ဖြည့်ဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက အကြံပြုထား ပါတယ်။ 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ (ခ) အနေနဲ့ ထပ်ဖြည့်လိုတဲ့အချက် ငါးချက်က (၁) ကောင်စီအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာရာမှာ နိုင်ငံတော် သမ္မတကို လိုအပ်တဲ့ အကြံဉာဏ်ပေးဖို့၊ (၂) သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုတဲ့အခါ လိုအပ်တဲ့ ထောက်ခံချက်တွေပေးဖို့၊ (၃) နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စရပ်တွေမှာ သမ္မတကို အကြံဉာဏ်ပေးဖို့၊ (၄) အာဏာသုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယို့ယွင်းလာတဲ့အခါ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော် သမ္မတကို အကြံပေးဖို့၊ (၅) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံနဲ့အထက် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်သွားတယ် ဆိုပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော် သမ္မတကို အကြံ ဉာဏ်ပေးဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။ 

တပ်မတော်ဘက်က ပုဒ်မ ၂၀၁ (ခ) အဖြစ် ထပ်ဖြည့်လိုတဲ့ အချက်ငါးချက်မှာ အချက်သုံးချက်က လွှတ်တော် ဖျက်သိမ်းရေးကို ချုပ်ကိုင်ထားပိုင်ခွင့်ရှိတဲ့ အချက်တွေ ဖြစ်နေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို တပ်မတော်ဘက်က မပြင်လိုတာက အခုချိန်မှာ အဓိကမကျပါဘူး။ ပုဒ်မ ၄၃၆ ကို မပြင်လိုတာနဲ့ ပုဒ်မ ၂၀၁ (ခ) ဖြည့်စွက်ချက် ထည့်လိုတာတွေက အဓိက ပြဿနာ ဖြစ်လာပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ လုံလောက်တဲ့ အချက် ရှိနေပါလျက် ကာ/လုံ အခန်းကဏ္ဍကို မြှင့်တင်ပြီး ပိုမို ချုပ်ကိုင်ထားလိုတဲ့ သဘောဟာ အကြေအလည် ဆွေးနွေးရမယ့် ကိစ္စ ဖြစ်ပါတယ်။ 

(၈)အခုချိန်မှာ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်း တစ်နှစ်ခန့်ပဲ ကျန်ပါတော့တယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အချိန်တစ်နှစ်တောင် မလိုတော့ပါဘူး။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု ရပ်တန့် နေပါတယ်။ ငြိမ်းချမ်းရေးက နောက်ပြန်လှည့်ချင် လှည့်သွားနိုင်ပါတယ်။ 

သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မူလက စီစဉ်ထားသလို နိုင်ငံရေး အင်အားစုငါးစု တွေ့ဆုံတာကို ဆက် လုပ်နိုင်ပါတယ်။ အမျိုးသား ညီလာခံပုံစံမျိုး မဟုတ်ဘဲ အဖြေထွက်နိုင်တဲ့ ချဉ်းကပ်မှု ပုံစံမျိုးပဲ ဖြစ်သင့် ပါတယ်။ လေးပွင့်ဆိုင်ပဲ ဖြစ်ဖြစ်၊ ခြောက်ပွင့် ဆိုင်ပဲ ဖြစ်ဖြစ် တွေ့ဆုံတာကို လက်ခံရပါမယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အလွန် ကာလတွေအတွက် အရေးကြီးပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော် အလုပ်ဖြစ်တယ်ဆိုတဲ့ အချက်၊ ဘောင်ကျဉ်းလွန်း တယ်ဆိုတဲ့ အမြင်တွေနဲ့လေးပွင့်ဆိုင်ရော၊ ခြောက်ပွင့်ဆိုင်ကိုပါ တွေ့စရာ မလိုဘူးဆိုပြီး ငြင်းဆန်နေလို့ မရပါဘူး။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံဖို့ လိုအပ်ပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ တစ်ဦးချင်းစီရဲ့အမြင်တွေ သီးခြား လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် မရှိပါဘူး။ အမိန့် ညွှန်ကြားချက်တွေနဲ့ သွားနေရတဲ့ အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့၊ လေးပွင့်ဆိုင်၊ခြောက်ပွင့်ဆိုင်တွေမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ 

(၉)တွေ့ဆုံ ဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်တွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ငြင်းဆန်လို့ မရပါဘူး။ ငြင်းဆန်နေမယ်ဆိုရင် တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပါဝင်ခြင်း မရှိတဲ့အပြင် ဒီလုပ်ငန်းစဉ်တွေက စိတ်ချရခြင်း မရှိဘူးဆိုတဲ့ အချက်ကို ရည်ညွှန်းပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့်နှစ် နိုဝင်ဘာမှာ ရာထူး သက်တမ်း ကုန်ဆုံးတော့မှာပါ။ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်လုပ်မှာလား၊ နိုင်ငံရေး လုပ်မှာလား၊ ဘာ ဆက်လုပ်မလဲဆိုတာကို မသိရသေးပါဘူး။ သဲသဲကွဲကွဲပြောဖို့ အချိန်ကျရောက်နေပါပြီ။ 

တကယ်လို့ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးကို တပ်မတော်က အသေဆုပ်ကိုင်ပြီး တစ်သက်လုံး သွားနေမယ် ဆိုရင် တိုင်းပြည်ဟာ အကျပ်အတည်းဖြစ်လာမှာ အမှန်ပါပဲ။ 

တစ်ဖက်မှာလည်း လေးပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ခြောက်ပွင့်ဆိုင်ပဲဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးရေးတွေကိုငြင်းပယ် မှုတွေ ရှိနေပြီဆိုရင် မြန်မာ ဒီမိုကရေစီဟာ စိတ်ချရခြင်း မရှိသေးဘဲ တပ်မတော်က အချိန်မရွေး အာဏာ သိမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြသနေပါတယ်။ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်လည်း ပြိုကွဲနိုင်ပါတယ်။ 

၂၀၁၅ ခုနှစ်အတွင်း တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ရပါတော့မယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကိစ္စရပ် အပါအ၀င် မြန်မာ့ ပြုပင်ပြောင်းလဲရေးကို နိုင်ငံတကာကလည်း စောင့်ကြည့်နေပါတယ်။ ဟန်ပြတွေ့ဆုံ တာတွေ မဟုတ်ဘဲ အဖြေထွက်နိုင်တဲ့ ခပ်စိပ်စိပ် ဆက်တိုက် တွေ့ဆုံမှုတွေကို လုပ်ရပါတော့မယ်။ အချိန်မရှိတော့ပါဘူး။ 

တွေ့ဆုံဆွေးနွေးဖို့အတွက် နှောင့်နှေးနေလို့ မဖြစ်တော့ပါဘူး။ သမ္မတ ဦးသိန်းစိန်ဘက်ကရော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကပါ နှောင့်နှေးနေမယ် ဆိုရင် မြန်မာနိုင်ငံဟာ ထွက်ပေါက် လုံးဝမရှိတော့တဲ့ အကျပ် အတည်းကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

Eleven Media Group

No comments:

Post a Comment

My Blog List