Monday, December 08, 2014

အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေးများလည်း တက်ရောက်သည့် ကျဆုံးစစ်သည်များအား ဂုဏ်ပြုအခမ်းအနား ရန်ကုန်မြို့ရှိ သူရဲကောင်း စစ်သည်ဗိမာန်၌ ကျင်းပ






အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးများလည်း တက်ရောက်သည့် တပ်မတော်မှ ကျဆုံးစစ်သည်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီ တောင်မြောက်ဘက်မုခ်အနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ ကျင်းပခဲ့ရာ ကျဆုံးစစ်သည်များ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းများ အပါအဝင် တက်ရောက်သူ ၇ဝဝဝ ခန့်ရှိကြောင်း အခမ်းအနားကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အခမ်းအနားကို တပ်မတော်သား အငြိမ်းစားများက ဦးဆောင်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်ကျင်းပနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အတွက် အသက်ပေးလှူ သွားသော သူရဲကောင်း စစ်သည်များအား လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ် ငြိမ် သက်ခြင်း၊ တပ်မတော်၏ သမိုင်းအစဉ်အလာများနှင့် ပတ်သက်၍ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သည့် ဦးအေးနေဝင်းနှင့် ဦးကျော်နေဝင်း တို့လည်း တက်ရောက်ခဲ့ကြရာ ဦးကျော်နေဝင်းက “ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်ဆိုတာ ဖြစ်မလာရင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ စခဲ့တဲ့ တပ်မတော်ဆိုတာ မရှိရင် လွတ်လပ်ရေးဆိုတာ ဒီအချိန်ထိ ရစရာမရှိပါဘူး။ ဒီတပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျွန်တော်တို့အဘိုးတို့လုပ်ခဲ့လို့ ဒီနေ့ဒီအချိန်မှာ လွတ်လပ်တဲ့
နိုငံတော်ကြီးဆီကို ရောက်နေတာပါ။ နောက်တစ်ခုကလည်း ကျွန်တော်တို့က မွေးလာကတည်းက ဘား တိုက်ထဲမှာ ရဲဘော်တွေကြားထဲမှာ ကြီးလာတဲ့သူတွေပါ။ ဒီလိုမျိုး ရဲဘော်တွေကြားမှာ ကြီးလာတဲ့အတွက် ရဲဘော်တွေနဲ့ တစ်သွေးတစ်သံ တစ်မိန့်တည်း တစ်သားတည်းလို့ ယူဆတဲ့အတွက်ကြောင့် ဒီနေ့ ဒီပွဲလေး ကို တက်ဖြစ်တာပါ။ ဒီလိုပွဲမျိုးကို တက်ရတာ အရမ်းလည်း ဂုဏ်ယူပါတယ်။ ဒီလိုပွဲမျိုးကို နောက်ပိုင်းမှာ အမြဲတမ်းလုပ်မယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက ကျွန်တော့်ကိုယ်ကျွန်တော်လည်း ကျွန်တော်ထောင် က ထွက်တဲ့နေ့က ပြောပြီးသားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီနေ့ဒီအချိန်ထိ စစ်ခွေးလို့ပဲ သတ်မှတ်ထား ပါတယ်။ တပ်မတော်က ဒီနေ့လက်ပေးဆိုလည်း ပေးလိုက်မှာပဲ။ ကိုက်ဆိုလည်း ကျွန်တော်ကိုက်လိုက်မယ့် လူမျိုးပါ။ အဲဒါကြောင့် တပ်မတော်ကို ဂုဏ်ပြုတဲ့ပွဲမျိုးမှာ ကျွန်တော်တက်ရောက်ခွင့် ရတဲ့အတွက် အရမ်း လည်း ဂုဏ်ယူပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲများကြောင့် နှစ်ဖက်စစ်သားများ ကျဆုံးနေမှုများ ရပ်တန့်အောင် (သို့မဟုတ်) နည်းသွားအောင် မည်ကဲ့သို့ ဆောင်ရွက်ရန် လိုအပ်သလဲဟု မေးမြန်းရာ ဦးကျော်နေဝင်းက “ကျွန်တော့်အနေနဲ့ ဘာမှပြော စရာ မရှိပါဘူး။ ကျွန်တော်တို့က ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှုအပေါ်မှာ ကျွန်တော်တို့ ရဲဘော်တွေ တပ်မိသားစုတွေဆိုတာ အရန်သင့် အမြဲတမ်း ရှိနေတဲ့သူပါ။ ဒီကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အတိုင်းပဲ လုပ်ကြရမှာပါ။ ကျွန်တော့်အနေနဲ့ ပြောလည်း ပြောပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က အောက်လက် ငယ်သားတွေ ဖြစ်တဲ့အတွက် တပ်မတော်က ခိုင်းစေတဲ့အတိုင်း တပ်မတော်က အမိန့်ပေးတဲ့အတိုင်း ကျွန်တော်တို့လုပ်မှာပါ။ ပြဿနာမရှိပါဘူး” ဟု ဖြေကြားသည်။

၂ဝ၁၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲတွင် ကျဆုံးခဲ့သော ဗိုလ်ဇော်မျိုးထက်၏ မိခင်ဖြစ်သူ ဒေါ်တင်မေဦးက တိုင်းရင်းသားအချင်းချင်း သွေးကွဲနေပါက အခြားနိုင်ငံ များက အမြတ်ထုတ်သွား လိမ့်မည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်နှင့် တပ်မတော် ခွဲခြားမမြင်သည့် တစ်ဖက် မြင်နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ ပယောဂကြောင့် အညတရ စစ်သူရဲကောင်းတို့၏ စွန့်လွှတ်မှုများ အစွန်းအထင်း ဖြစ်ခဲ့ရသည်ဟု ပြောကြားသည်။

ပြည်တွင်းစစ်ပွဲများကြောင့် နိုင်ငံသားစစ်သည်များ ကျဆုံးခဲ့ရခြင်း ဖြစ်သောကြောင့် ငြိမ်းချမ်းရေး အောင်မြင်
စေရန် နှစ်ဖက်စလုံးအနေဖြင့် သဘာဝကျသည့် တောင်းဆိုချက် ညှိနှိုင်းဆွေးနွေးချက်များ လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း အခမ်းအနားကျင်းပရေး ကော်မတီ တာဝန်ရှိသူများက တိုက်တွန်းပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုဖြစ် စဉ်နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ယင်းလုပ်ရပ်အပေါ် ကန့်ကွက် ခဲ့ကြပြီး ငြိမ်းချမ်းရေးတည်ဆောက်နေသော ကာလတွင် တစ်ဖက်နှင့်တစ်ဖက် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုံးဝမဖြစ်သင့်ကြောင်း ထုတ်ပြန်ပြောဆိုမှုများ ရှိသကဲ့သို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဒေသခံများက ဆုတောင်းပွဲများ ပြုလုပ်ခဲ့ခြင်းနှင့် ငြိမ်းချမ်းရေးလိုလားသော လူငယ်များက ရန်ကုန်မြို့ရှိ Myanmar Peace Center ရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသားများ သေဆုံးခဲ့သည့် ဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုများ၊ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့မှုများကြောင့် လည်း ယခုကဲ့သို့ အခမ်းအနားပြုလုပ်ရန် စိတ်ကူးရလာခြင်းဖြစ်သည်ဟု အဆိုပါ အခမ်းအနားအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အခမ်းအနားကျင်းပရေး ကော်မတီဝင် တပ်မတော်မှ ဗိုလ်ကြီး အငြိမ်းစား ဦးရဲမိုးက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းမှာ NLD ပါတီက ကြေညာချက်ထုတ်တယ်။ ကြေညာချက်ထုတ် တဲ့ အချိန်မှာ ကျဆုံးသွား တဲ့ ကေအိုင်အေဗိုလ်လောင်းတွေကြောင့် ဝမ်းနည်းကြောင်း ဘာညာပေါ့။ သူတို့က သူတို့ရဲ့ ပါတီရဲ့ ထုတ်ပြန်ကြေ ညာချက်ပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့က ဘာကိုသွားပြီးတော့ စိတ်ထဲမှာ ခံစားရလည်း ဆိုတော့ သူတို့ကြေညာချက်ကို ကျွန်တော်တို့ အပြစ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည် အတွက် ခေတ်အဆက်ဆက်မှာ အသက်ပေးသွားခဲ့တဲ့ တပ်မတော်သား စစ်သည် အညတရ စစ်သည်တွေ သိန်းနဲ့သောင်းနဲ့ ချီတယ်။ အဲဒီ စစ်သည်တွေအတွက် ငါတို့ကလည်း အမှတ်တရလေး လုပ်သင့်တယ်ဆိုတဲ့ စိတ်ကူးက ရလာတယ်။ ဒါကတော့ ဟိုဘက်ကထုတ်ပြန်ချက်နဲ့ ဆက်စပ်တယ်လည်း ပြောလို့ရတယ်။ မဆက်စပ်ဘူးလည်း ပြောလို့ရတယ်။ ဟိုဘက်ကထုတ်လို့ လုပ်တာတော့ မဟုတ်ဘူး။ တန်ပြန်တဲ့အနေနဲ့ လုပ်တာတော့ မဟုတ်ဘူး။ သို့သော် ဟိုဘက်ကထုတ်လို့ လုပ်ဖို့စိတ်ကူးရသွားတာတော့ ပါတယ်” ဟု ဦးရဲမိုးက ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်၌ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ မပြင်ဆင်ရေးနှင့် ပတ်သက်၍ အမြင်မတူဘဲ ကွဲလွဲမှုများ ရှိနေပြီး လွှတ်တော်တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် ဆွေးနွေးခဲ့ပြီး တပ်မတော်ကိုယ်စားလှယ်များကလည်း ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့သော အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများ လည်း တက်ရောက်သည့် ကျဆုံးစစ်သည်များအား ဂုဏ်ပြုအခမ်းအနားတစ်ရပ်ကို ပထမဆုံးအဖြစ် စတင် ကျင်းပ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List