အမေရိကန် ရဲတွေရဲ့ လက်ချက်ကြောင့် လူမည်းတချို့ သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်တဲ့အတွက် ဆန္ဒပြ ကြရာက လူပေါင်း ၁၅၀ ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။ အမေရိကန် တလွှားမှာ ဆန္ဒပြမှု အသစ်တွေ ထပ်မံဖြစ်ပေါ်တာဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်မှာတော့ အဓိက လမ်းမတစ်ခုကို ပိတ်ချ ဆန္ဒပြရာက အများအပြား ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
နယူးယောက်မြို့ ဆန္ဒပြမှုမှာဆိုရင်လည်း နာမည်ကြီး ဘတ်စကက်ဘော ကစားသမားတွေကပါ ရဲတွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက I can’t breathe ကျနော်အသက်ရှုလို့ မရဘူး ဆိုတဲ့ စာတမ်းပါ အကျီတွေကို ဝတ်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
အဲဒါကတော့ Eric Garner ဆိုတဲ့ လူကို ရဲတွေက ဖမ်းဆီးတုန်း အသက်မရှူနိုင်လောက်အောင် ချုပ်နှောင် ခံရစဉ်အတွင်း နောက်ဆုံး ပြောဆိုခဲ့တဲ့ စကားဖြစ်ပြီး သေဆုံးသွားတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။
Eric Garner ဆိုတဲ့ လူမည်းကို သတ်ပစ်ခဲ့တယ်ဆိုတဲ့ လူဖြူရဲတစ်ဦးက တရားရုံးက အပြစ်မပေးတဲ့အပေါ် ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အဲဒါ့အပြင် Michael Brown ဆိုတဲ့လူကို ပစ်သတ်ခဲ့တဲ့ နောက်ရဲတစ်ဦးကိုလည်း အပြစ်မပေးတဲ့အတွက် အကြမ်းဖက် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒီတချီ ဆန္ဒပြမှုမှာတော့ အဓိက လမ်းမကို ပိတ်ဆို့တာမျိုး၊ ဒါမှမဟုတ် ရထားလမ်းပေါ် အိပ်ချပြီး ရထားတွေ သွားလာမှု မလုပ်နိုင်အောင် တားဆီးတာမျိုးတွေ ပါဝင်လာပါတယ်။
လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ လူတွေကို ရဲတွေက အကြမ်းဖက် ဖမ်းဆီး နှိမ်နင်းတဲ့အပေါ် မကျေ နပ်လို့ ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
တချို့ကလည်း လူမည်းတွေကို ပစ်သတ်ခဲ့တဲ့ ရဲကို ပြစ်မှု တစ်စုံတရာပေးခဲ့ မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ပြောဆိုနေကြပါတယ်။
ကုလသမဂ္ဂကလည်း အမေရိကန် ရဲရဲ့ လုပ်ရပ်အပေါ် မေးခွန်းထုတ်ထားသလို အမေရိကန် သမ္မတ အိုဘားမားကလည်း ရဲတွေနဲ့ ပဋိပက္ခဖြစ်သူတွေအကြား ဘယ်လို ဖြစ်ပွားခဲ့သလဲ ဆိုတာသိရအောင် ရဲအယောက်ပေါင်း သောင်းနဲ့ချီရဲ့ ကိုယ်ခန္ဓာပေါ်မှာ ကင်မရာတွေ တပ်ဆင်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ABC
No comments:
Post a Comment