Tuesday, December 09, 2014

ဗြိတိသျှ တော်ဝင်စုံတွဲ နယူးယော့ခ်မြို့သို့ ရောက်ရှိ



ဗြိတိန်၏ မင်းသား ဝီလျံနှင့် ကြင်ယာတော် ကိတ် တို့သည် အမေရိကန် အရှေ့ဘက် ကမ်းခြေ ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်က နယူးယော့ခ် မြို့သို့ ရောက်ရှိ လာခဲ့ရာ ဒေသခံ များက ကြိုဆိုခဲ့ ကြကြောင်း သိရသည်။ ကမ်းဘရစ်ဂ်ျ၏ တော်ဝင် မင်းသား နှင့် တော်ဝင် မင်းသမီးတို့၏ မော်တော် ယာဉ်တန်းသည် ဒေသစံ တော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ် (ဂရင်းနစ် စံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်) တွင် Upper East Side ရှိ ကာလိုင်ယယ်လ် ဟိုတယ် ဟိုတယ်တွင် တည်းခို ခဲ့ကြသည်။
နယူးယော့ခ်မြို့ရှိ ဗြိတိသျှ ကောင်စစ်ဝန် ရုံးကလည်း တွစ်တာ စာမျက်နှာတွင် တော်ဝင် စုံတွဲ၏ ဓာတ်ပုံတစ်ပုံနှင့် အတူ "ကမ်းဘရစ်ဂ်ျက တော်ဝင် မင်းသား နဲ့ တော်ဝင် မင်းသမီးတို့ နယူးယောက် စီးတီးကို ရောက်လာ ကြပါပြီ" ဟု ရေးသား ဖော်ပြခဲ့သည်။

လာမည့် ဧပြီလတွင် ၄င်းတို့၏ ဒုတိယမြောက် ရင်သွေးကို မွေးဖွားပေး တော့မည် ဖြစ်သည့် ကိတ်က ခရမ်းရောင် ကိုယ်ဝန်ဆောင် ကုတ်အင်္ကျီကို ဝတ်ဆင် ထားခဲ့သည်။ ၄င်းတို့၏ သားဦးဖြစ်သူ ဂျော့ မှာ ခရီးစဉ်တွင် လိုက်ပါလာခြင်း မရှိပေ။

နှစ်ဦးလုံး အသက် ၃၂ နှစ် အရွယ် ရှိကြပြီဖြစ်သော တော်ဝင်စုံတွဲ၏ ခရီးစဉ်တွင် သံတမန်ရေးရာ ကိစ္စရပ်များလည်း ပါဝင်ကာ ဗြိတိန်၏ စီးပွါးရေးအကျိုး စီးပွါး ကို မြှင့်တင်ရန် ကိစ္စလည်း ပါဝင်သည်။

တော်ဝင် စုံတွဲသည် ၄င်းတို့ နှစ်ဦး လက်ထပ်ပြီးခါစ ၂၀၁၁ ခုနှစ်က လော့စ်အင် ဂျလိစ်မြို့သို့ ခေတ္တ သွားရောက် လည်ပတ် ခဲ့သေးရာ၊ ယခု ခရီးစဉ် မှာထိုကာ လ နောက်ပိုင်းတွင် တော်ဝင်စုံတွဲ ၀ီလျံ နှင့် ကိတ် တို့၏ ပထမဆုံး အမေရိကန် ခရီးစဉ်လည်း ဖြစ်သည်။ ထို့ပြင် ဓနသဟာယ နိုင်ငံများထဲတွင် မပါဝင်သော နိုင်ငံ တစ်ခုသို့ သွားရောက်သည့် ဒုတိယ ခရီးစဉ်လည်း ဖြစ်သည်။

ဝီလျံ သည် တနင်္လာနေ့တွင် အိမ်ဖြူတော် ၌ အမေရိကန်သမ္မတ ဘာရက် အိုဘားမား နှင့် တွေ့ဆုံ ရန်လည်း စီစဉ်ထားကာ သူစိတ်ဝင် စားလှသော ကိစ္စရပ် တစ်ခုဖြစ်သည့် တောရိုင်း တိရစ္ဆာန် များအား တရားမဝင် ကုန်ကူးမှု ပြဿနာကို ဆွေးနွေး ကြဖွယ်ရှိသည်။

ဝီလျံ သည် သူ၏ ခမည်းတော်ဖြစ်သူ အိမ်ရှေ့မင်းသား ချားလ်စ် ပြီးလျှင် ထီးနန်းအရိုက်အရာကို ဆက်ခံခွင့် ရှိသူဖြစ်ရာ၊ ထီးနန်း ဆက်ခံခွင့်နှင့် ပတ်သတ်၍ ဒုတိယနေရာတွင် ရှိနေသူ ဖြစ်သည်။

"၀ီလျံဟာ သံတမန်ရေးရာ အခန်းကဏ္ဍ နဲ့ နိုင်ငံရေး သမားလို အခန်း ကဏ္ဍမျိုးကို ဆောင်ရွက် မှာမို့ ဒါဟာ အရေးကြီးလှတဲ့ ခရီးစဉ် တစ်ခု ဖြစ်ပါတယ်" ဟု "တော်ဝင် မိသားစုသစ်" ဟူသော စာအုပ်ကို ရေးသားခဲ့သူ ရောဘတ်ဂျော့ဘ်ဆန် က အေအက်ဖ်ပီ သတင်း ဌာနအား ပြောပြခဲ့သည်။

အဲလိဇဘတ် ဘုရင်မကြီး ကိုယ်စား သွားရောက် ရခြင်းမျိုး သို့မဟုတ် သူမ၏ နယ်ပယ် ထဲမှာတင် သွားရောက် ရခြင်းမျိုး မဟုတ်တော့ဘဲ ယခု တစ်ခေါက် မှာဗြိ တိသျှ အစိုးရ ကိုယ်စား သွားရောက်ခြင်း မျိုးလည်း ဖြစ်သည်။

အိုဘားမား နှင့် တွေ့ဆုံအပြီးတွင် ဝီလျမ်သည် တောရိုင်း တိရစ္ဆာန် များအား တရားမဝင် ကုန်ကူးမှု ကိစ္စရပ်နှင့် ပတ်သတ်၍ ကမ္ဘာ့ဘဏ်တွင် မိန့်ခွန်းပြောကြား မည် ဖြစ်သည်။

"အိုဘားမားက ဝီလျံကို အိမ်ဖြူတော်ကို ဖိတ်ထား တယ်ဆို တာဟာ ဝီလျံ အတွက် တကယ်အရေးပါတဲ့ အောင်မြင်မှု တစ်ခုပါ။ ဘာကြောင့် လည်းဆိုတော့ အဲဒီ အကြောင်း အရာဟာ ဝီလျံ ကျွမ်းကျင်တဲ့ အကြောင်း အရာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး သိရှိစိတ် ဝင်စားမှုတွေ မြင့်တက်လာစေဖို့ သူ သေသေချာချာ ကြိုးပမ်းအား ထုတ်ခဲ့တဲ့ အကြောင်း အရာလည်း ဖြစ်ပါတယ်"ဟု တော်ဝင် မိသားစုဝင်များအကြောင်း အတ္ထုပ္ပတ္တိများ ရေးသားလေ့ရှိသူ ပန်နီဂျူနာ က ဆိုခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List