Thursday, December 11, 2014

ခိုတောင်ကျွန်း အမှုမှ မြန်မာ လုပ်သား (၂) ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့ အကူအညီတောင်း



ခိုတောင်ကျွန်း အမှုနှင့် ပတ်သက်၍ တရားစွဲခံ မြန်မာ လုပ်သား နှစ်ဦးက ၎င်းတို့ကို ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ယမန်နေ့က စာပို့ကာ အကူအညီ တောင်းခဲ့ကြောင်း ထိုင်းနိုင်ငံ၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကွန်ရက်မှ သိရသည်။


အဆိုပါစာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကွန်ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းရေး မှူး ဒေါက်တာ တင်မာအောင်မှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးပို့ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ 

အမေစု ဒီစာကို ဖတ်နေရ ချိန်မှာ သားတို့ နှစ်ယောက် အပေါ် ဘယ်လို သဘောထားမယ် ဆိုတာ သားတို့ မသိနိုင်ပါဘူး။ ဖြစ်နိုင်မယ် ဆိုရင်တော့ အမေစုကို ကူညီစေချင်တယ်။ အကူညီလည်း တောင်းခံပါတယ်။ 


သားတို့ ဘ၀တွေဟာ ဆင်းရဲပါတယ်။ ဆင်းရဲတဲ့ အတွက် ကြောင့်လည်း ထိုင်းနိုင်ငံကို ပိုက်ဆံရှာမယ် ဆိုပြီး တက်လာ တာပါ ဟု တရားစွဲခံ မြန်မာလုပ်သား နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့် စာထဲတွင် ရေးသားထားသည်။

ထို့အပြင် ၎င်းတို့ နှစ်ဦးမှာ အလုပ်လုပ်ရာမှ ရသော ပိုက်ဆံကို မိသားစုဆီ ပြန်ပို့နိုင်၍ ပျော်ရွှင်ခဲ့ရ သော်လည်း ယခုအခါတွင် ၎င်းတို့၏ အိပ်မက်တို့မှာ ပျက်စီး သွားပြီ ဖြစ်ကြောင်း ၎င်းတို့ မကျူးလွန်ဘဲ အကျဉ်းကျခံနေ ရသည်မှာ မတရားကြောင်း၊ ထို့ကြောင့် တူညီ မျှတမှုကို လိုချင်ကြောင်း ၎င်းတို့၏ စာထဲတွင် ထည့်သွင်း ရေးသား ထားသည်။ 



အဆိုပါစာ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ရောက်မရောက် ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းရေးမှူး ဒေါက်တာ တင်မာအောင်ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် တစ်စုံတစ်ရာ ပြောပိုင်ခွင့် မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

Messenger News Journal

No comments:

Post a Comment

My Blog List