Tuesday, December 09, 2014

စစ်ပွဲအတွက် အမုန်းတရား လှုံ့ဆော်သူများ


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ရန်ကုန် ရွှေတိဂုံစေတီ မြောက်ဘက်မုခ်နားက သူရဲကောင်းစစ်သည် ဗိမာန်မှာ အခမ်းအနား တစ်ခု ကျင်းပ ခဲ့ပါတယ်။ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားလို့ နာမည်ပေးထားပြီး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည်၊အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းနဲ့ အငြိမ်းစား စစ်သည်တွေ၊ ကျဆုံးစစ်သည်မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

ပွဲစီစဉ်ကျင်းပ သူကတော့ မြန်မာ FaceBook လောကမှာ နာမည်ကြီးနေတဲ့ အငြိမ်းစား ဗိုလ်ကြီးဟောင်း ဦးရဲမိုးပါ။ ဒီပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲဒီပွဲမှာ ဘယ်သူတွေက ဘာတွေပြောခဲ့ကြသလဲ၊ ဒီပွဲလို မျိုးဟာမြန်မာပြည် ငြိမ်းချမ်းသာယာ ဝပြောလာစေရေး၊ တိုင်းရင်းသားတွေနဲ့ ချစ်ခင်ရင်းနှီး လာစေရေး အတွက် ဘယ်လောက် အထောက် အကူ ပြုနိုင်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

ဒီပွဲကျင်းပဖြစ်တာနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ ဗိုလ်ကြီးဟောင်း ဦးရဲမိုး ပြော တာက မကြာသေးခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ လိုင်ဇာမှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတဲ့ တိုင်းရင်းသားဗိုလ်လောင်း အယောက် ၂၀ ကျော်နဲ့ပတ်သက်ပြီး ဝမ်းနည်းတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ နောက်အဲလို တိုင်းရင်းသား ဗိုလ်လောင်းတေ ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပန်းခွေချ ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ် တာတွေ ရှိခဲ့တယ်။ အဲလို အကြောင်းရင်း ခံတွေကြောင့် အခုလို ပွဲဖြစ် လာအောင် စီစဉ်ရတာလို့ ဆိုပါတယ်။

သူဆက်ပြောတဲ့အထဲမှာ ပြည်သူတွေက တိုင်းရင်းသား ဗိုလ်လောင်း ၂၀ ကျော် ကျဆုံးခဲ့တာကို ကရုဏာ သက်ကြတယ်၊ စာနာကြတယ်။ တကယ့် တကယ်တော့ ကေအိုင်အိုနဲ့ အစိုးရ အပစ်အခတ်ရပ်စဲပြီးချိန်ကစ တပ်မတော်ဘက်က အရာရှိ စစ်သည် အယောက် ၁၀ဝ ကျော်ကျဆုံးခဲ့ရပြီ။ ဒါတွေကိုလည်း ဖော်ထုတ် သတိရဖို့ လိုတယ် ဆိုပြီး ခုလို အခမ်းအနား ကျင်းပရတာလို့ ပြောပါတယ်။ အဲဒီပွဲမှာအာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ ဦးအေးနေဝင်းက တပ်မတော်သားတွေဘက်က ငြိမ်းချမ်းရေးကို လိုလားတယ်၊ တစ်ဖက်အဖွဲ့အစည်းတွေ ဘက်က တကယ် ကတိမတည်တာတွေ၊ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေး မရနိုင်ဘဲ အဓွန့်ရှည်နေတာ ဖြစ်တယ် ဆိုပြီးတောင် ပြောခဲ့ပါတယ်။

ဒီအခမ်းအနားကိစ္စ မသုံးသပ်ခင် မြန်မာ့တပ်မတော် သမိုင်းကြောင်း အကျဉ်း အရင်ပြောဖို့ လိုပါလိမ့်မယ်။ မြန်မာ့တပ်မတော်ဟာ နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်တိုက်ထုတ်ဖို့အတွက် ပေါက်ဖွားလာတာပါ။ နောက်ပိုင်း ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ခဲ့သလို ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးရအောင် ကြိုးပမ်းရာမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ခေါင်းဆောင်နဲ့ နောက်လိုက် ငယ်သား၊ တပ်မှူးတပ်သား ဦးတည်ချက် အတူတူပါပဲ။ တိုင်းပြည်အတွက် တိုင်းပြည်အတွက် အသက်စွန့်မယ် ဆိုတာချည်းပါပဲ။

၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ အယူဝါဒကွဲပြားမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပြီး ကိုယ့်နိုင်ငံသား အချင်းချင်းအယူအဆ မတူတာနဲ့ တိုက်ခိုက်သတ်ဖြတ်ကြပါတယ်။ ၁၉၄၉ ဇန်နဝါရီ ၃၁ မှာ လူမျိုးရေး ဖိနှိပ်ခံရမှု၊ တန်းမတူမှုကို အခြေခံပြီး ကရင့်တော်လှန်ရေး စတင်ပါတယ်။ ကိုယ့် နိုင်ငံသားအချင်းချင်း လူမျိုးမတူတာကို အခြေခံပြီး တိုက်ကြခိုက်ကြ၊ စစ်ပွဲတွေ ဖြစ်ပါတယ်။ နောက်ပိုင်း မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ အာဏာရ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ပုန်ကန်မှု မလုပ်တဲ့ တိုင်းရင်းသားလူမျိုးစု ဆိုတာ မရှိသလောက်နီးနီး အားလုံး တော်လှန်ပုန်ကန် ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၆၂ ခုနှစ် မတိုင်ခင် အထိကတော့ မြန်မာ့တပ်မတော်ထဲက ခေါင်းဆောင်တွေနဲ့ တပ်မတော်သား တွေရဲ့ သဘောထားရပ်တည်ချက် သိပ်ကွဲပြားကြသေးတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း စစ်ပွဲတွေဖြစ်တဲ့ တိုင်းပြည်တွေရဲ့ ကံကြမ္မာအတိုင်း မြန်မာနိုင်ငံမှာ လည်း စစ်ဘုရင်ဝါဒ ထွန်းကားပြီး စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက် ရုံမက စစ်တပ်ထဲမှာလည်း အာဏာရှင်စနစ် ထူထောင်ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တဲ့ တပ်မှူးကြီးတွေ ဖယ်ရှားပြီး တစ်ဦးတည်း အာဏာ ခိုင်မြဲအောင် လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစ တပ်မတော်ထဲမှာ အာဏာရှင်စနစ် အမြစ်တွယ်ခဲ့ပြီး အောက်ခြေ တပ်မှူး တပ်သားတွေဆိုတာဟာ အာဏာရှင် အမိန့်၊ အထက် အမိန့်ကို နာခံရတဲ့ တပ်ဖွဲ့ကြီးတစ်ခု ဖြစ်လာပါတယ်။

အာဏာရှင်တွေဟာ သူတို့ အာဏာအဓွန့်ရှည်ဖို့အတွက်၊ သူတို့ဆွေမျိုးသားချင်း ကောင်းစားဖို့အတွက် အောက်ခြေ တပ်မှူးတပ်သားတွေကို အသုံးချပါတယ်။ မျိုးချစ်ဝါဒပြော၊ တိုင်းပြည်ကို ကာကွယ်ရမယ်ပြောပြီး ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်ခိုင်းပါတယ်။ အထက်အမိန့် နာခံရတဲ့၊ မနာခံရင် ရပ်တည်လို့မရတဲ့ အောက်ခြေ တပ်မှူးတပ်သားတွေဟာ ဆင်းရဲပင်ပန်းခံရင်း၊ အသေခံရင်း၊ ကိုယ်ခန္ဓာတွေ စွန့်လွှတ်ရင်း အာဏာရှင်တွေ အကျိုးစီးပွား ကို ကာကွယ်သူတွေ ဖြစ်မှန်းမသိ ဖြစ်လာရပါတယ်။ တကယ်တော့ သူတို့တိုက် ခိုက်နေရတာ ညီအစ်ကို အချင်းချင်းပါ။ သူတို့တွေ ကျဆုံးသွားရတာဟာ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားရတာဟာ ညီအစ်ကိုချင်း တိုက်နေကြတဲ့ စစ်ပွဲမှာ ပေးဆပ်ခဲ့ရတာပါ။ အလွန်စာနာ ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီအတွက် သားမဲ့သွားတဲ့ မိခင်တွေကို မျက်ရညသုတ်ပေးဖို့၊ ခင်ပွန်းဆုံးပါး သွားတဲ့ ဇနီးသည်တွေကို နှစ်သိမ့်ပေးဖို့ အကောင်းဆုံး နည်းလမ်းဟာ လက်ရှိဖြစ် ပွားနေတဲ့ စစ်ပွဲကြီး ရပ်တန့်သွားဖို့နဲ့ တိုင်းရင်းသား အချင်းချင်း ငြိမ်းငြိမ်းချမ်း ချမ်း ချစ်ချစ်ခင်ခင် နေထိုင်သွားနိုင်ဖို့ပါပဲ။

ဒါပေမဲ့ အခုပွဲလုပ်ဖို့ စီစဉ်တဲ့ ဦးရဲမိုးနဲ့ တခြားသူတွေ၊ တက်ရောက်လာတဲ့ အာဏာရှင် ဦးနေဝင်းမြေးတွေနဲ့ ဒု-ဗိုလ် ချုပ်ကြီးဟောင်း ဦးထွန်းကြည်တို့ ဆီမှာတော့ အဲလို ကောင်းမွန်တဲ့ ရည်မှန်းချက် မတွေ့ရပါဘူး။ အငြိမ်းစား တပ်မတော်သားတွေ၊ မိသားစုဝင်တွေကို စုစည်းပြီး ဟောဒီမှာ မင်းတို့ သားတွေ၊ ခင်ပွန်းစစ် သည်တွေကျဆုံးရတာ ကချင်တွေဆော်လို့၊ ကရင်တွေ ဆော်လို့၊ သူတို့ဘက်က ကျဆုံးတာကို တစ်တိုင်း ပြည်လုံးက စာနာနေကြတယ်၊ တို့ တပ်မတော်သားတွေ ကျဆုံးတာတွေကိုတော့ ထည့်မပြောကြဘူး၊ မင်းတို့ သားတွေ၊ ခင်ပွန်းတွေကို ငါတို့ တန်ဖိုးထားတယ်၊ လေးစားတယ်။ အဲဒီ သောင်းကျန်းသူတွေကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး မရတာ၊တပ်မတော်ကြီး ကို ချစ်ကြပါ၊ သောင်းကျန်းသူတွေကို မုန်းကြပါဆိုတဲ့ မမှန်မကန် မက်ဆေ့ခ်ျပေးနေ တာပဲ တွေ့ရပါတယ်။ ဒီပွဲ စီစဉ်သူတွေဟာ ကျဆုံး စစ်သည်တော်တွေကို စာနာလေးစားဟန်ပြပြီး တပ်မတော်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ့်ညီအစ်ကို တပ်ဖွဲ့ဝင်တွေ ကို ရန်တိုက်ပေးနေတဲ့၊ အမုန်းပွားအောင် လှုံ့ဆော်နေကြသူတွေသာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါ တယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List