Tuesday, December 09, 2014

ဦးခင်ညွန့်လက်ထက် ၁၉၉၆ ခုနှစ်မှစ၍ ပိတ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်ရှိ မာလာဆောင်နှင့် သီရိဆောင်တို့အား တက္ကသိုလ်ကျောင်းသူအဆောင်များအဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ခွင့်ပြု



ဦးခင်ညွန့်လက်ထက် ၁၉၉၆ ခုနှစ်မှစ၍ ပိတ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်ရှိ မာလာဆောင်နှင့် သီရိဆောင်တို့အား တက္ကသိုလ်ကျောင်းသူများနေထိုင်ရာ အဆောင်များအဖြစ် ၂ဝ၁၄-၁၅ ခုနှစ် ပညာသင်နှစ်မှ စတင်ခွင့်ပြုခဲ့ပြီး အဆိုပါ အဆောင်များ ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၌ နံနက် ၈ နာရီမှ စတင်ကာ သက်ဆိုင်ရာအဆောင်များတွင် ကျင်းပပြုလုပ် ခဲ့သည်။
ယခင်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ သီရိဆောင်၌ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန၊ မာလာဆောင်၌ အင်္ဂလိပ် ဘာသာစကား အမျိုးသားဗဟိုဌာနတို့အား အခြေစိုက်ဖွင့်လှစ်ထားရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း များကို ဖွင့်လှစ်ပို့ချခဲ့သည့် အဆောင်များဖြစ်ခဲ့ရာမှ ယခုပညာသင်နှစ်မှ စတင်ကာ ကျောင်းသူများအတွက် အဆောင်ထား ရှိရန် အဆိုပါဌာနများအား ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကျောင်းသူများနေထိုင်ရာ အဆောင်များအဖြစ် ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။ မာလာဆောင်၌ လက်ရှိ အဆောင်နေထိုင်သူ ဦးရေ ၂၅ဝ ဦးရှိပြီး၊ သီရိဆောင်၌ ကျောင်းသူဦးရေ အနည်းဆုံး ၁၅၈ ယောက်မှ ၂၃၂ ယောက်အထိ ဝင်ဆံ့အင်အားရှိပြီး လက်ရှိ၌ ကျောင်းသူ ၁၃၂ ဦး လက်ခံ ထားကြောင်း သိရသည်။

အလားတူ အဆိုပါအဆောင်များတွင် နေထိုင်ရန် အဆောင်လျှောက်ထားခွင့်ပြု သည့် သတ်မှတ်ရက်အား ဒီဇင်ဘာ တတိယပတ် နောက်ဆုံးထားသတ်မှတ် ထားပြီး အဆောင်နေထိုင်ခွင့်အား ဒီဇင်ဘာ ၁ ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ မာလာဆောင်၌ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသူများကိုလည်းကောင်း၊ သီရိဆောင်၌ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေသည့် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူများအား ထားရှိထားကြောင်း သိရသည်။ 

“အဆောင်နေထိုင်သူများ အစားအသောက် အဆင်ပြေစေဖို့အတွက် နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ်နှုန်းကျွေးပါတယ်။ ကန်ထရိုက်ပေးထားပါတယ်။ တစ်နပ်ကို ငွေကျပ် ငါးရာနှုန်းနဲ့ တစ်နေ့ကို တစ်ထောင်ပါ။ အဲဒီတော့ ရက် ၃ဝ ပျမ်းမျှတွက်ရင် အစားအသောက်ကြေး က တစ်လကို ၃ဝဝဝဝ နဲ့ အဆောင်ခ တစ်လ ကို ၅ဝဝဝ စုစုပေါင်း ၃၅ဝဝဝ ပေးရမှာပါ။ အဆောင်နေထိုင်ချင်တဲ့သူတွေကတော့ အခုချိန်ထိ စာရင်းမပိတ် ရသေးပါဘူး”ဟု သီရိဆောင် အဆောင်မှူး၊ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးသန့်က ပြောကြားသည်။

အဆိုပါ အဆောင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး အဆင့်မြင့် ပညာဦးစီးဌာန(အောက်မြန် မာပြည်)ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့်တကွ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြ သည်။

ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ တက္ကသိုလ်ကျောင်းဆောင်များတွင် ၂ဝ၁၃-၁၄ ခုနှစ် ပညာသင်နှစ်မှစတင်ကာ ကျောင်းသား ကျောင်းသူများအတွက် အဆောင်နေထိုင်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အဆင့်မြင့်ပညာ ကဏ္ဍအတွက် အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၌ အဆောင်နေ ထိုင်ခွင့်ပြုထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်း ၂ဝ ခုရှိပြီး ၂ဝ၁၃-၁၄ ခုနှစ် ပညာသင်နှစ်၌ အဆောင်နေထိုင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၁၇၂ ဦးရှိခဲ့သည်။ အလားတူ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန် မာပြည်)၌လည်း အဆောင်နေထိုင်ခွင့်ပြုထားသည့် တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်ပေါင်း ၂၅ ခုရှိပြီး အဆောင်နေထိုင်သူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၁၈၈ ဦးရှိကြောင်း သိရသည်။

သီရိဆောင်ရှိ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနအား ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) လိပ်ခုံးသို့ လည်းကောင်း၊ မာလာဆောင်ရှိ အင်္ဂလိပ်ဘာသာ စကား အမျိုးသားဗဟိုဌာနသို့ လည်းကောင်း ယခင်လအတွင်းက ပြောင်းရွှေ့ပေး ခဲ့ရခြင်းဖြစ်သည်။

ကျောင်းသားများ စုစည်းနေထိုင်ခွင့်ရရှိခဲ့သည့် တက္ကသိုလ်အဆောင်နေထိုင်ခွင့်ကို ထိုစဉ်က ပညာရေးကော်မတီဥက္ကဠ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက် ၁၉၉၆ ခုနှစ်မှစတင်၍ ပိတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂ဝ နီးပါးအဆောင်များပိတ်ထား ရာမှ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List