Tuesday, December 09, 2014

သမ္မတ၊ ပြောရေးဆိုခွင့်ရှိသူနှင့် ခြောက်ပွင့်ဆိုင်


ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ ၏ အစီရင်ခံစာကို အချေအတင်ဆွေးနွေးရင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အကျပ်အတည်းကြီးတစ်ခုဖြစ် လာမည်ကို စိုးရိမ်သည့်အလျောက် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်ပြီး တစ်ဦးက ထောက်ခံမှုဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအကြို၊ နိုင်ငံရေးဇာတ်ခုံပေါ် ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာခဲ့သည်။ 

သမ္မတပြောရေးဆိုခွင့်ရှိသူ၏ အာဘော်မှတ်ချက်အလွန်၊ သမ္မတနှင့်ပြည်ထောင်စုလွှတ်တော်အကြား နိုင်ငံရေးလွန်ဆွဲပွဲများသည် သတင်းမီဒီယာများ တွင် ပွက်လောရိုက်လျက်ရှိသည်။နိုင်ငံရေးပဋိပက္ခများကို မိမိဘက်၊ အခြားဘက်ဆိုသည့် ဘက်နှစ်ဖက်ချဉ်းကပ်မှုမျိုးနှင့် ဖြေရှင်းဖို့ ကြိုးပမ်းခြင်း ထက် ကျော်လွန်သော အမျိုးသားရေးအင်အားစုများအချင်းချင်း နားလည်မှုရှိရှိနှင့် လက်တွဲဖြေရှင်းဖို့ ကြိုး ပမ်းစေလိုခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးအင်အားစုများ အနေဖြင့် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင် အထည်ဖော်ရာမှာလည်း အဆိုပါရှုထောင့်၊ အဆိုပါရှုမြင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြ ဖို့လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အမျိုးသားရေး အင်အားစုများအားလုံးနှင့် လက်တွဲပြီး နည်းလမ်းများရှာဖွေကာ အောင်မြင်အောင် လုပ်ဆောင်သွားဖို့ သန္နိဠာန်ချထားကြောင်း သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၂ ရက် ရေဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ္မတ၏ ရေဒီယိုမိန့်ခွန်းတွင် ပြည်ထောင်စုလွှတ်တော်မှ အဆိုပြုထားသည့် ကြီးခြောက်ကြီး သို့မဟုတ် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ တစ်လုံး၊ တစ်ပါဒမျှ မပြောခဲ့ခြင်းကို ရှင်းချက်ထုတ်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရာတွင် နိုင်ငံရေးအင်အားစုများသည် အဓိကကျပြီး၊ အမျိုးသားအင်အားစုများနှင့် လက်တွဲဆောင်ရွက်ရမည့်သဘော ရှိနေသည်မှာ ပကတိအနေအထားဖြစ် သည်။ သမ္မတ၏ ဒီဇင်ဘာ ရေဒီယိုမိန့်ခွန်းအရ  စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အမျိုးသား ရေးအင်အားစုများ အားလုံးနှင့်လက်တွဲ၊ နည်းလမ်းရှာ၊ အောင်မြင်အောင်ဆောင်ရွက်မည်ဟုဆိုလျှင် နိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍကို မှေးမှိန်စေလိမ့်မည်ဖြစ်သည်။ အမျိုးသားရေးအင်အားစုများနှင့် ပတ်သက်၍ သမ္မတအနေဖြင့် ပြည်သူလူထုကို အကျယ်တဝင့် ရှင်းလင်းအသိပေးနိုင်ရန် လိုအပ်မည်ဖြစ် သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့သည် သတင်းထုတ်ပြန်ချက် (၈/ ၂ဝ၁၄) ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏ အမြင်သဘောထားများကို ထုတ်ဖော်ပြောကြားတွင် နိုင်ငံတော် သမ္မတ ပြောကြားခြင်းမရှိသည့် စကားများကို နိုင်ငံတော်သမ္မတ ပြောကြားသကဲ့သို့ လည်းကောင်း၊ ၎င်း တို့နှင့်ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်သည့် စကားလုံး များကိုလည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ် များကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန် နှင့် အခြားပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာ ကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နိုဝင်ဘာ ၂၇ ရက် အာရ်အက်ဖ် အေ သတင်းဌာနသို့ ကျွန်တော်တို့အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ် မထင်ဘူး။ ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော လွှတ်တော်ရော ချဉ်းကပ် ပုံတွေက ပုဂ္ဂိုလ်ကို အခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါ တယ်။ နောက်တစ်ခုက မနေ့က ဆွေးနွေးပွဲမှာ လည်း တိုင်းရင်းသားပါတီထဲက တိုင်းရင်းသားအားလုံးထဲက တစ်ယောက်ဆိုတာက မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကွဲပြားတဲ့တိုင်းရင်းသားတွေရှိတဲ့အတွက်ကြောင့်မို့ ကွဲပြားတဲ့အမြင်ကို ပြောနိုင်ဖို့ များများလိုချင်တယ်လို့ ပြောတယ်။ နောက်တစ်ခု တကယ်ရွေးမယ်ဆို ရင်လည်း လွှတ်တော်ကတင် မဟုတ်ဘဲနဲ့ သူတို့တိုင်းရင်းသားပါတီတွေ အားလုံး က ရွေးတာမျိုးပဲ ဖြစ်သင့်တယ်။ သဘောပြောတော့ သူတို့ရဲ့ ခြောက်ပွင့်ဆိုင်က လက်တွေ့နဲ့ သိပ်မနီးစပ်ဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်ဟု ပြောကြား ခဲ့သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နေ့ထုတ် ၇ ရက် နေ့စဉ်သတင်းစာတွင် သမ္မတဦးသိန်းစိန်၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်မှ အတည်ပြုလိုက်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးမှာ အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ လူပုဂ္ဂိုလ်ကိုသာ ဦးတည်ဖိတ်ကြားမှုဖြစ်၍ သမ္မတအ နေဖြင့် လတ်တလောတွေ့ဆုံမည် မဟုတ်ဘဲ မူလတွေ့ဆုံထားသည့် နိုင်ငံရေးအစုအဖွဲ့ငါးဖွဲ့တွေ့ဆုံ မှုမှာလည်း ခြောက်ပွင့်ဆိုင်တောင်းဆိုမှုကြောင့် နှေးကွေးသွားပြီဖြစ်ကြောင်း ပြောကြားသည်ဟု ဖော်ပြ ခဲ့သည်။

ဦးရဲထွဋ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး ဌာနပြည်ထောင် စုဝန်ကြီးဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိ သူဖြစ်သည့် အားလျော်စွာ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ပြောကြားချက်များသည် သမ္မတ၏ အမြင်သဘောထား ကို ယေဘုယျအားဖြင့် ထင်ဟပ်မည်ဟု သုံးသပ်နိုင်သည်။ သမ္မတ ပြောရေးဆိုခွင့် ရှိသူ၏ မှတ်ချက်သည် ထိလွယ်ရှလွယ်ဖြစ်သော အရေးကြီးသော နိုင်ငံရေးအခင်း အကျင်းများတွင် သမ္မတ၏ အမြင်၊ သဘောထား ကို ရာခိုင်နှုန်းအတော်များများ ကိုယ်စားပြုသည်ဟုသာ နားလည်ကြမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြော ကြားမှု၊ တရားဝင်အကြောင်းပြန်ကြားမှု မရှိသေးသော် လည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်၏ မီဒီယာသို့ ပြောကြားချက်များသည် သမ္မတသဘောထားကို ကိုယ်စားပြုသည်ဟုပင် ကောက်ချက်ပြုခဲ့ကြသည်။ အခြားနိုင်ငံများ၏ နိုင်ငံရေးတွင်လည်း ပြောရေးဆိုခွင့်ရှိသူများ၏ေ ပြောကြားချက်များသည် သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ယေဘုယျအားဖြင့် ကိုယ်စားပြုသည့်အလျောက် သတင်းမီဒီယာများက အစိုးရအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ကဲ့သို့ ကိုးကားရေးသားလေ့ရှိသည်မှာ လုပ်ရိုးလုပ်စဉ်ပင် ဖြစ်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့်၊ ပြည်ထောင်စုလွှတ်တော်မှ အရေးကြီးအဆိုဖြင့် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို စိတ်ဝင်စားသည်ဆို လျှင် ဒီဇင်ဘာလဆန်း ရေဒီယိုမိန့်ခွန်းတွင် ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ကိစ္စကို တိုက်ရိုက်ရည်ညွှန်းလျက် ထည့်သွင်းပြောကြား သင့်သည်။ ထို့အတူ သမ္မတပြောရေးဆိုခွင့်ရှိသူ၏ ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအပေါ် မှတ်ချက်များသည် သူ၏ ပုဂ္ဂိုလ်ရေးသဘောထားသာဖြစ်ပြီး သမ္မတနှင့် မသက်ဆိုင်ကြောင်း သမ္မတကဖြစ်စေ၊ သမ္မတရုံးကဖြစ်
စေ အလျင်အမြန် သဘောထားထုတ်ပြန်ရမည်ဖြစ်သည်။ 

သို့မဟုတ်ပါက ပြည်သူလူထုသည် သတင်းမီဒီယာများမှတစ်ဆင့် သမ္မတပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်ကို အကိုးအကားပြုလျက် သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အရေးကြီးအဆိုဖြစ်သော ခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိ၊ မလိုလားဟု ရိုးရိုးသားသား ကောက်ချက်ပြုကြမည်ဖြစ်သည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် နိုင်ငံတော်သမ္မတရုံး၊ တာဝန်ရှိသူတစ်ဦးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအဆိုသည် နိုင်ငံတော်သမ္မတထံ ရောက်ရှိနေ ပြီဖြစ်ပြီး အဆိုပါ တိုက်တွန်းချက်အပေါ် နိုင်ငံတော်သမ္မတမှ စဉ်းစားသုံးသပ်နေကြောင်း ဒေးလီးအီလဲဗင်း နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ဝ (င)အရ သမ္မတကို ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ပြီး ပုဒ်မ၂ဝ၃ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်ဟု ပြဠာန်းထားသည်။ ထို့ကြောင့် သမ္မတအနေဖြင့် ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သော အရေးကြီးအဆိုကို အကောင်အထည်ဖော်နိုင်ရေး မနှေးအမြန်ခြေလှမ်းစခြင်းသည်သာ တော်တန်တည့်မတ်မည် ဖြစ်သည်။ လိုအပ်ပါက သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြန်လည်ညှိနှိုင်းလျက် ခြောက်ပွင့်ဆိုင်ကို ခုနစ်ပွင့်၊ ရှစ်ပွင့်၊ ကိုးပွင့် အထိ တိုးကောင်းတိုးလာနိုင်ခြေ ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီခေါင်းဆောင် များတွေ့ဆုံပွဲ၌ တိုင်းရင်းသားပါတီများအနေဖြင့် ခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေး ပွဲတွင် တိုင်းရင်းသားများကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထက်မက ထည့်သွင်းပေးရန် နိုင်ငံတော်သမ္မတကို အဆိုပြုတောင်းဆိုခဲ့ကြသည်။ တိုင်းရင်းသားပြဿနာများနှင့် စိန်ခေါ်မှုများသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းအများစုကို ကိုယ်စားပြုသည့်အလျောက် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုခွင့်ရရှိမည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ သို့ဖြစ်၍ ခြောက်ပွင့်ဆိုင် အလွန်ထပ် တိုးသော အပွင့်တိုင်း သည် တိုင်းရင်းသားကိုယ်စားလှယ် များဖြစ်မည်ဆိုလျှင် ပိုမိုလျော်ကန်သင့်မြတ်မည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)အကြား  နှစ်လတစ်ကြိမ် ခုနစ်ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အပြီးတွင် ကေအင်န်ယူ ကိုယ်စားလှယ် ဖဒိုမန်းငြိမ်း မောင် က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်မခံနိုင်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ ဖဒိုမန်းငြိမ်းမောင်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်က လက်မခံပါဘူးခင်ဗျ။ အကုန်လုံးပါဝင် ပတ်သက်တဲ့ သူတွေ အားလုံးတွေ့ဆုံမှသာလျှင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူအလေး အနက်ထားပြီး ပြောပါတယ်”ဟု အာရ်အက်ဖ်အေ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပွဲကို လက်မခံနိုင်ကြောင်း ကိုယ်တိုင်ပြောကြားခဲ့ခြင်းမရှိသော်လည်း ကေအင်န်ယူခေါင်းဆောင် ဖဒိုမန်းငြိမ်း
မောင် အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံပြီး ပြန်လည်ဖောက်သည် ချခဲ့သော တစ်ဆင့် စကားသည် သတင်းအရင်းအမြစ်အရ ခိုင်မာသည်ဟု သတင်း မီဒီယာများက ကောက်ချက်ပြုနိုင်သည်။ 

ထို့ကြောင့် ကာချုပ်အနေဖြင့်လည်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအပေါ် စိတ်ပါဝင်စားမှု နည်းပါးနိုင် သည်ဟု သုံးသပ်ကြသည်။ ဖဒိုမန်းငြိမ်းမောင်၏ မှတ်ချက်စကားသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမြင်သဘောထားနှင့် မကိုက်ညီလျှင် ကာချုပ်ရုံး သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အလျင်အမြန် ပြန်လည်ရှင်းလင်းရ မည်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သို့မဟုတ် တပ်မတော် ကာကွယ်
ရေးဦးစီးချုပ်၏ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာများကို တိုက်ရိုက်ပြောကြားခဲ့ခြင်း မဟုတ်သည့်အချက် သည် ပကတိအခြေအနေပင် ဖြစ်သည်။

ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန် နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးတို့အတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ဆောလျင်စွာ၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း အဆိုကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အရေးကြီးအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် တိုင်းပြည်နှင့်ပြည်သူလူထု၏ မျက်နှာကိုထောက်ရှုသည် ဆိုလျှင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျသည်ဟု ယေဘုယျ သတ်မှတ်နိုင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကို သမ္မတနှင့်ကာ ကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနည်းလမ်းဖြင့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ဗျူဟာမြောက် ကျော်လွှား မည်ဟု မည်၍ မည်မျှ နိုင်ငံရေး ဟန်ရေးပြနေလင့်ကစား၊ နိုင်ငံရေး လက်သီးလက်မောင်းတန်းနေလင့် ကစား ရေရှည်အမြင်ရှိသော၊ အချိန်ဇယားရှိသော ပွင့်လင်းမြင်သာမှုရှိသော အနှစ်သာရရှိသော အားလုံးပါ ဝင်သော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများကို လက်တွေ့ကျကျ အကောင်အထည် မဖော် နိုင်သရွေ့၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် တန့်နေဦးမည်၊ အခန့်မသင့်လျှင် နောက်ပြန်နေဦးမည်သာ ဖြစ်သည်။ တန့်နေသော နောက်သို့ ဘက်ပြန်နိုင်သော နိုင်ငံရေးအပြောင်းအလဲအောက်တွင် စီးပွားရေး ချွတ်ခြုံကျမှု ဝဲဂယက်ထဲမှ ရုန်းထွက်နိုင်ရေးသည်လည်း ရေပေါ်အရုပ်ရေး၊ လေထဲ တိုက် အိမ်ဆောက်သကဲ့သို့သာ ဖြစ်နေနိုင်ပါကြောင်း မီးမောင်းထိုး ဆော်ဩလိုက် ရပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List