Wednesday, December 10, 2014

နာဂဒေသအား ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ် ပါဝင်သည့် ဒေသအဖြစ် နိုင်ငံရေးရပိုင်ခွင့် အသိအမှတ်ပြုပေးရန် နာဂအမျိုးသားညီလာခံ တောင်းဆို


နာဂဒေသအား ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးရပ်ပါ ၀င်သည့် ဒေသအဖြစ် နိုင်ငံရေး ရပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည့် နာဂအမျိုးသားညီလာခံဆိုင်ရာ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဇင်္ဂလိန်းခန္တီးမြို့တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ ပြုလုပ် ခဲ့သော နာဂအမျိုးသား ညီလာခံနှင့် ပတ်သက်၍ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ နာဂအမျိုးသားညီလာခံ ကျင်းပရေး ဦးစီးကော် မတီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကြေညာချက်အား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ်ပြုခဲ့သော နယ်မြေများကို အခြေခံကာ နာဂတို့၏ နယ်မြေအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရန်၊ နာဂနယ်နိမိတ် ပဋိပက္ခများကို ကိုလိုနီခေတ်အလွန် တာဝန်ယူမှုဖြင့် ဖြေရှင်းပေးရန်၊ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် နာဂလူမျိုးတို့၏ ရေခံမြေခံကို အခြေခံသော ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးရပ်လုံးအပြင် ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ဆက်ဆံနိုင်သည့် နိုင်ငံရေးရပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် ထုတ်ပြန်ချက်၌ တောင်းဆိုထား သည်။

“သေချာပါတယ်။ အခြားသော တိုင်းတွေ၊ ပြည်နယ်တွေမှာ ယန္တရားသုံးခုစလုံး ပေးထားသကဲ့သို့ပဲ ကျွန်တော်တို့ နာဂဒေသအတွက် နယ်မြေအပိုင်းအခြား သစ်တစ်ခု ပေါ်ပေါက်ခဲ့မယ်ဆိုရင် အဲဒီအတွက် ကဏ္ဍသုံးရပ်ပါတဲ့ ဒေသတစ်ခုပေါ့လေ။ ပြည်နယ်နဲ့လို့ စိတ်ကူးနဲ့ စဉ်းစားကြည့်မယ် ဆိုရင်လည်း ပြည်နယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါကို ပြည်နယ်ပါလို့ မပြောပါဘူး” ဟု နာဂအမျိုးသားညီလာခံ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားပြီး နာဂဒေသမှာ အဆိုပါ သုံးမြို့နယ်အပြင် နဂိုမူလရှိခဲ့သော ဆက်စပ်ဒေသများကို စုစည်း၍ နယ်နိမိတ် သတ်မှတ်ပေးရန် တောင်း ဆိုခြင်းဖြစ်ကြောင်း ဦးရှုမောင်က ပြောကြားသည်။

“နာဂတွေရဲ့ အစဉ်အလာအရ ရှိထားတဲ့ နယ်နိမိတ်က အဲဒါတင် မဟုတ်ဘူး။ သုံးမြို့နယ်တည်းပဲ မဟုတ် ဘူး။ အပြင်မှာရှိနေတဲ့ နာဂနယ်မြေတွေ ရှိတယ်။ ရှိနေတဲ့ အနေအထားက သမိုင်းကြောင်းအရ ရှိတာ လည်း ရှိတယ်။ တရားဝင် သတ်မှတ်ပေးခဲ့တာလည်း တစ်ချိန်တုန်းက ရှိခဲ့တာတွေရှိတော့ အဲဒါတွေ ပြန် ပါနိုင်တဲ့ နယ်မြေအပိုင်းအခြားတစ်ခုကို ပြန်သတ်မှတ်တဲ့အခါမှာ ဘယ်နယ်တွေ ပြန်ပါရင်တော့ သတ်မှတ်ရင်ကောင်းမလဲ။ ဘယ်ဟာတွေ ထပ်ပါဖို့ လိုမလဲဆိုတာ စဉ်းစားဖို့ကျတော့ ဘယ်မြို့ပါစေ။ ဘယ်မြို့နယ်ပါစေဆိုတာ ကျွန်တော်တို့ပြောဖို့ နည်းနည်းလေးစောသေးတဲ့ အပိုင်းပေါ့။ လက်တွေ့ကျမှုနဲ့ အဖြစ်သင့်ဆုံးတစ်ခုကို နည်းနည်းလေ့လာရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ မပြောနိုင်သေးတာပေါ့” ဟု ဦးရှုမောင်က ပြောကြားသည်။

ထို့ပြင် နာဂလူမျိုးများသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလုံးတွင် နေထိုင်ကြပြီး အထူးဝိသေသနှင့် ပြည့်စုံသည့် သီးခြားလူမျိုးကြီး တစ်မျိုးဖြစ်သောကြောင့် သန်းခေါင်စာရင်းတွင် ချင်းလူမျိုးအောက်၌ ထည့်သွင်းထားသည့် နာဂလူမျိုး ကုတ်နံပါတ် (၄၃၁)နှင့် နာဂမျိုးနွယ်စုများဖြစ်သည့် ကုတ်နံပါတ် (၄၃၂) တန်ကွန်၊ ကုတ်နံပါတ် (၄၃၃) မလင်၊ ကုတ်နံပါတ် (၄၄၉) အနန်လူမျိုးစုများကို ချင်းမျိုးနွယ်စုစာရင်းတွင် ထည့်သွင်းထားခြင်းကို အမြန်ဆုံးခွဲထုတ်ပေးကာ ကုတ်နံပါတ်အသစ် သတ်မှတ်ပေးရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထား သည်။

ထို့အတူ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကျင့်သုံးသော မြေယာစီမံခန့်ခွဲမှု စနစ်နှင့် တရားစီရင်ထုံး တို့ကို အသိအမှတ်ပြုပေးရန်နှင့် စီရင်ပိုင်ခွင့်ပြုရန်နှင့် မြေယာအခြေပြု ပြည်ထောင်စုအစိုးရ စီမံကိန်းများ၏ အကျိုးအမြတ်ကို ဒေသခံလူထုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသအစိုးရသို့ မျှဝေပေးရန် အမျိုးသားမြေ အသုံးချမှု မူဝါဒတွင် ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း၊ နာဂဒေသရှိ မြေပေါ်၊ မြေအောက် သယံဇာတများအား အပြည့်အ၀ စီမံခန့်ခွဲမှုနှင့် ခံစားပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန်နှင့် အိန္ဒိယ-မြန်မာ နိုင်ငံနှစ်ခုလုံးတွင် နေထိုင်ကြသော နာဂလူမျိုးများနှင့် နာဂဒေသများအတွင်း အတားအဆီးမရှိ လွတ်လပ်စွာ ကူးလူးဆက်ဆံ သွားလာခွင့်နှင့် ကူးသန်းရောင်းဝယ်ခွင့်တို့ကို အသိအမှတ်ပြုပေးရန်တို့ကိုလည်း ညီလာခံက တောင်းဆို သည်။

Eleven Media Group

No comments:

Post a Comment

My Blog List