Tuesday, December 09, 2014

ဆီးရီးယားနိုင်ငံ မြို့တော်အနီးရှိ ပစ်မှတ်များကို အစ္စရေး တိုက်လေယာဉ်များ ထိုးစစ်ဆင်


အစ္စရေး ဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် အနီးရှိ ပစ်မှတ်များကို တနင်္လာနေ့ နံနက်အစောပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆီးရီးယားအစိုးရက စွပ်စွဲပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုးစစ်ဆင် တိုက်ခိုက်သည့်နေရာ အတိအကျမှာ ဒမတ်စကတ် နိုင်ငံတကာ လေဆိပ်အနီးရှိ ပစ်မှတ်နှစ်ခု ဖြစ်ပြီး အစ္စလာမ္မစ်စစ်သွေးကြွများ ရှိသည့် ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်ခြင်း ဖြစ်သည်။ 

ဆီးရီးယား အစိုးရစစ်တပ်၏ ထုတ်ပြန်ကြေညာချက်အရ အစ္စရေး ဂျက်တိုက်လေယာဉ်များသည် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အစ္စရေးတို့၏ လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ မည်မျှရှိသည်ကို အတိအကျ မသိရှိနိုင်သေးကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။ 

သို့သော် အဆိုပါ လေကြောင်းထိုးစစ်နှင့် ပတ်သက်၍ အစ္စရေးတို့ဘက်က အတည်ပြု ကြေညာချက် တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ 

“အစ္စရေး စစ်လေယာဉ်များသည် ဒမတ်စကတ် မြို့တော်ရှိ လုံခြုံစိတ်ချမှု ရှိသော နေရာနှစ်ခုကို ပစ်ခတ်ထား တိုက်ခိုက်ခဲ့သည်” ဟု ဆီးရီးယား စစ်တပ်က သတင်းထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချခဲ့သည်။ 

တိုက်ခိုက်မှုကြောင့် လေဆိပ်မှ ဆက်သွယ်ရေး ကိရိယာအချို့ ပျက်စီးသွား ခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ဆီးရီးယားနိုင်ငံကို တိုက်ရိုက် ရန်စပြုမူ လိုက်ခြင်းပင် ဖြစ်ကြောင်း ဆီးရီးယားအစိုးရက ဆိုသည်။ 

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုဆိုင်ရာအဖွဲ့၏ ပြောကြားချက်အရ လေကြောင်း ထိုးစစ်အတွင်း လက်နက်ကြီး ပေါက်ကွဲသံ ၁၀ ကြိမ်ထက်မနည်း ကြားခဲ့ရပြီး ဒမတ်စကတ် လေဆိပ်၏ ကုန်လှောင်ရုံတစ်ခု ပျက်စီးသွားခဲ့သည်။ 

ဆီးရီးယား၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အစ္စရေးစစ်တပ်က မိမိတို့အနေနှင့် ပြည်ပနိုင်ငံများ၏ သတင်း ပေးပို့ချက်များကို အရေးတယူပြု တုံ့ပြန်မည် မဟုတ်ဟုသာ ပြောကြားသည်။ 

အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ် စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ လေကြောင်းထိုးစစ်များ မကြာခဏ ပြုလုပ်ခဲ့သည်။ 

အစ္စရေး လေကြောင်းထိုးစစ်များ၏ အဓိကဦးတည်ချက်မှာ ဆီးရီးယား၏ မဟာမိတ်နိုင်ငံ ဖြစ်သော လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွများအတွက် လက်နက်ထောက်ပံ့မှု မှန်သမျှကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List