Friday, December 12, 2014

အစ္စရေးရဲများနှင့် ထိပ်တိုက်တွေ့မှုတွင် ပါလက်စတိုင်းဝန်ကြီး သေဆုံး


အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေး နယ်ခြားစောင့် ရဲများနှင့် ပါလက်စတိုင်းများ ထိပ်တိုက်တွေ့ရာတွင် ပါလက်စတိုင်းဝန်ကြီး ဇီးဒါအဘူအင် လည်ပင်းညှစ်ခံရခြင်းကြောင့် သေဆုံးသွားပြီး ယင်းဖြစ်ရပ်သည် လူရိုင်းဆန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်က ပြောကြားသွား ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သိမ်းပိုက်ထားသည့် နယ်မြေများအတွင်း အစ္စရေး အခြေချနေရာများ တည်ဆောက်နေခြင်းကို ဆန္ဒပြကန့် ကွက်ရန် ပါလက်စတိုင်းများနှင့် နိုင်ငံသားခြား တက်ကြွလှုပ်ရှားသူများ ချီတက်လာစဉ် အစ္စရေး နယ်ခြားဂိတ် တစ်ခုတွင် ထိပ်တိုက်တွေ့မှု ဖြစ်ပြီး ဌာန လက်ကိုင်မရှိ ဝန်ကြီးအဘူအင် သေဆုံးသွားခဲ့သည်။

အစ္စရေး စစ်သားနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က မျက်ရည်ယိုဗုံးများ၊ အသံလှိုင်းဗုံးများ ပစ်ခတ်ခဲ့ပြီး ပါလက်စတိုင်းများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ နယ်ခြားစောင့် ရဲတစ်ဦးက အဘူအင်၏ လည်ပင်းကို လက်ဖြင့် ညှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် အဘူအင်က မည်သို့မျှ ခုခံကာကွယ်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

လည်ပင်းညစ်ခံရပြီး မိနစ်အနည်းငယ် အကြာတွင် ပါလက်စတိုင်း ဝန်ကြီး၏ အသားအရောင်များ ဖျော့ လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ဆေးရုံသို့သွားရာ လမ်းတွင် သေဆုံးသွားခဲ့သည်။

မည်သည့်အကြောင်းကြောင့် ပါလက်စတိုင်းဝန်ကြီး သေဆုံးသွားရသည်ကို ရှင်းရှင်းလင်းလင်း မသိရှိ ရသေးဘဲ ဆေးစစ်ချက်အဖြေမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှသာ ထွက်ပေါ်လာမည် ဖြစ်သည်။

ဂျေရူစလင်၊ တဲလ်အဘစ်နှင့် အစ္စရေး သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း ဒေသများတွင် မတည်ငြိမ် မှုများ လနှင့်ချီ၍ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား တင်းမာမှု အမြင့်ဆုံးသို့ ရောက် ရှိနေချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်းကို ရှောင်လွှဲရန်၊ အစ္စရေးနှင့် ပါလက်စတိုင်း တပ်ဖွဲ့ဝင်များကြား လုံခြုံရေး ပူးပေါင်းမှု ပျက်ယွင်းမသွားစေရန် ရည်ရွယ်ပြီး အစ္စရေးက အနောက်ဘက် ကမ်းဒေသတွင် တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခဲ့ရ၍ တောင်းပန်ကြောင်းစာကိုလည်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List