Thursday, December 11, 2014

တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာလူပုဂ္ဂိုလ်ဆုကို အီဘိုလာတိုက်ဖျက်ရေး ၀န်ထမ်းများ ရရှိ


တိုင်းမ်မဂ္ဂဇင်းကြီးက ယခုနှစ်အတွက် တစ်နှစ်တာလူပုဂ္ဂိုလ်ဆု (Person of ther Year)ကို အနောက် အာဖရိက ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အီဘိုလာတိုက်ဖျက်ရေး ၀န်ထမ်းမျာအား ချီးမြှင့်လိုက် သည်။ 

ဆရာဝန်များ၊ သူနာပြုများနှင့် အခြားဝန်ထမ်းများ၏ ရဲစွမ်းသတ္တိနှင့် စာနာထောက်ထားမှုအပေါ် ဂုဏ်ပြုလျက် တိုင်းမ်မဂ္ဂဇင်းက ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။ 

“အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါတဲ့ ဒီအဖွဲ့လေးက တောင့်ခံပြီး တိုက်ဖျက်ဖို့ ဆန္ဒ ရှိခဲ့လို့ ကျန်တဲ့ ကမ္ဘာတ၀န်းက လူတွေ ညဘက် အိပ်စက်အနားယူနိုင်ခဲ့တယ်” ဟု တိုင်းမ်မှ အယ်ဒီတာ နန်စီဂစ်က ဆိုသည်။


တိုင်းမ် မဂ္ဂဇင်းကြီးသည် ၁၉၂၇ ခုနှစ် ကတည်းက ဤဆုကို စတင်ပေးလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက်မူ တဦးတယောက်တည်းကို မဟုတ်ဘဲ အီဘိုလာ တိုက်ဖျက်သည့် ကျန်းမာရေး ၀န်ထမ်းများ အားလုံးကို ပေးလိုက်ခြင်း ဖြစ်သည်။ 

ဤဆုအတွက် တနှစ်အတွင်း ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သတင်းများအပေါ် လှုပ်ခတ်လွှမ်းမိုး ထားသည့် လူပုဂ္ဂိုလ်တဦး၊ သို့မဟုတ် အဖွဲ့တဖွဲ့ကို ရွေးချယ်ပေးခြင်း ဖြစ်ပြီး ၁၉၃၈ ခုနှစ်တွင် ဟစ်တလာ အားလည်းကောင်း၊ ၁၉၃၉ နှင့် ၁၉၄၂ ခုနှစ်များတွင် စတာလင်အားလည်းကောင်း ချီးမြှင့်ခဲ့ဖူးသည်။

တစ်နှစ်တာလူပုဂ္ဂိုလ်ဆုအတွက် လျာထားခံရသူများတွင် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့၊ ကုလသံအမတ် အဖြစ် ရွေးချယ်ခံရသည့် မင်းသမီး အီမာဝပ်ဆန်၊ အစ္စရေးဝန်ကြီးချုပ် နေတန်ရဟူ၊ IS စစ်သွေးကြွအဖွဲ့၊ မာလာလာ၊ ဖာဂူဆန်မြို့မှ ဆန့်ကျင်ဆန္ဒပြသူများ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်နိုင်ငံမှ အွန်လိုင်းအသုံးပြုကုန်သွယ်ရေး လုပ်ငန်း Alibaba အား တည်ထောင်ခဲ့သူ ဂျက်မာတို့လည်း ပါဝင်ခဲ့သည်။ 

အီဘိုလာကူးစက်မြန် ရောဂါပိုးကြောင့် လူပေါင်း ၆၃၃၁ ဦးခန့် သေကြေခဲ့ရပြီး ဆီယာရာလီယွန်၊ လိုက်ဘေးရီးယားနှင့် ဂီနီတို့တွင် အများဆုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

အီဘိုလာ ရောဂါခံစားနေရသူများကို ဆေးကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ အနက် ရောဂါသည် များထံမှ တဆင့်ထပ်မံ ကူးစက်ခံရ၍ သေဆုံးသူ ၃၄၉ ဦးလည်း အပါအ၀င် ဖြစ်သည်။ 

နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ဟန်နရီ ဂရေးက “ဒီလို အသိအမှတ်ပြုခံရတာ ကျွန်တော်တို့ ၀မ်းသာ ပါတယ်၊ ဒါပေမဲ့ အီဘိုလာ အကျပ်အတည်းကို ကျော်လွန်နိုင်ပြီလို့ ကြေညာပြီး ကုသရေးစင်တာတွေ ပိတ် လိုက်နိုင်ပြီဆိုရင် ပိုတောင်မှ ပျော်မိပါလိမ့်မယ်” ပြောကြားသည်။

ယခုလို ဆုချီးမြှင့်ခြင်းအပေါ် လွန်စွာ နှစ်ထောင်းအားရမိသည်ဟု အိမ်ဖြူတော်က သဘောထား ထုတ်ပြန် သည်။ 

ကျော်လင်းထွန်း
Ref: BBC, Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List