Friday, November 14, 2014

ရွေးကောက်ပွဲတွင် NLD နည်းမှန်လမ်းမှန်နဲ့သာ နိုင်လိုဟု ဒေါ်စုပြော


အမေရိကန် သမ္မတအိုဘားမားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ရက် မွန်းလွဲပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒကို ပြည်သူတွေက ထောက်ခံတယ်လို့ မြင်တယ်။ ကျွန်မတို့ အနေနဲ့ကတော့ ကျွန်မတို့နဲ့ သဘောမတူတဲ့လူတွေနဲ့လည်း ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်။"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဇ္ဈိမသတင်းဌာန၏ မေးမြန်းမှုကိုလည်း "ပါတီတိုင်းက ရွေးကောက်ပွဲမှာ နိုင်ချင်တာပဲ။ ဒါပေမယ့် ကျွန်မအနေနဲ့ နည်းလမ်းမှန်ကန်စွာနဲ့ပဲ နိုင်ချင်တယ်။ နည်းလမ်း မမှန်မကန်နဲ့ မနိုင်ချင်ဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းအပြင် သမ္မတ အိုဘားမားကလည်း မဇ္ဈိမ သတင်းဌာန၏ မေးမြန်းမှုအပေါ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွင် အမေရိကန်က ဆက်လက်ကူညီရေး၊ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်ကိစ္စ၊ မီဒီယာဖိနှိပ်မှုကိစ္စ စသည့် အချက် ၆ချက်ဖြင့် ဖြေကြားခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားသည့် အချက်အချို့နှင့် ပတ်သက် ၍ သမ္မတ အိုဘားမားက "ဘယ်သူ့သားသမီးမို့ ရွေးကောက်မခံဘူး။ ဘယ်သူဖြစ်နေလို့ သမ္မတမဖြစ်ရ ဘူးဆိုတာ မဖြစ်သင့်ဘူး။ ညီတူညီမျှ ရှိသင့်တယ်။ ဒါကို သမ္မတ ဦးသိန်းစိန်ကိုလည်း ပြောခဲ့ပါတယ်"ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးသည် လွှတ်တော်တွင်း၌ ယမန်နေ့ (နိုဝင်ဘာ ၁၃ရက်)ကမှ စတင်ဆွေးနွေး
နေရ၍ စောင့်ကြည်ရဦးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြောရန် စောနေပါသေးသည်ဟု ဆိုသည်။ 

ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် နံနက် ၁၁နာရီ ခွဲခန့်မှ စတင်၍ တစ်နာရီခန့် နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့သည်။ 

ယင်းနောက် အိုဘားမားသည် အမေရိကန်သံရုံး၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ် သည်။ တွေ့ဆုံအပြီးတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး ညပိုင်းတွင် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

အိုဘားမားက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၂ရက်မှ စတင် ရောက်ရှိနေခြင်းဖြစ်ပြီး ၁၃ရက်တွင် နေပြည်တော်၌ အရှေ့-အာရှ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။ 

ပုံစာ- သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ နိုဝင်ဘာ ၁၄ရက်က တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-အေဖက်ဖ်ပီ)
Mizzima - News in Burmese

No comments:

Post a Comment

My Blog List