Tuesday, November 11, 2014

ချေမှုန်းရေး၊ စစ်ဆင်ရေး မှားယွင်းချက်မရှိ၊ ကဏ္ဍသစ်တစ်ခုထဲသို့ ရောက်ရှိဟု အိုဘားမားပြောကြား


အီရတ်နိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်သမားများ အုပ်စုအပေါ် တိုက်ခိုက်ချေမှုန်းရန် အမေရိကန် တပ်ဖွဲ့ဝင် အင်အား ထပ်မံတိုးမြှင့်လိုက်ခြင်းသည် အမေရိကန် ပြည်ထောင်စု၏ IS နှိမ်နင်းရေး မဟာဗျူဟာ မှားယွင်းမှုကို ဖော်ကျူးသည့် သင်္ကေတ မဟုတ်ဘဲ ယင်းစစ်ဆင်ရေးကြီး အခန်းကဏ္ဍသစ် တစ်ခုထဲသို့ ရောက်ရှိလာသည့် သဘောသာ ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုသည် အီရတ်တပ်မတော်မှ တပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးရေးနှင့် လက်နက်တပ်ဆင် ပေးရန် အလို့ငှာ တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်လျက်ရှိရာ အဆိုပါ လုပ်ဆောင်ချက်များသည် IS အကြမ်းဖက်အုပ်စု ချေမှုန်းရေး ဗျူဟာမှားယွင်းခဲ့သောကြောင့် မဟုတ်ကြောင်း၊ စစ်ဆင်ရေးကြီး တစ်ရပ်လုံး အပိုင်းသစ် တစ်ခုထဲသို့ ဝင်ရောက်လာခြင်းသာ ဖြစ်ကြောင်း အိုဘားမားက “Face the Nation” ဟူသောခေါင်းစဉ်ဖြင့် ပြုလုပ်သည့် CBS သတင်းအစီအစဉ်တွင် ထည့်သွင်းပြောဆိုသည်။ 

“IS အုပ်စုရဲ့ စစ်ရေးစွမ်းအင် ချည့်နဲ့သွားအောင် လုပ်ဆောင်တဲ့နေရာမှာ လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ အင်မတန် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီထိုးစစ်တွေကြောင့် သူတို့ရဲ့ ခြေကုပ်ယူလှုပ်ရှားမှုတွေ နှေးကွေးသွားစေ ခဲ့ပါတယ်။ ယခု ကျွန်တော်တို့ လိုအပ်နေတာ မြေပြင်တပ်ဖွဲ့တွေပါ။ အီရတ်တပ်မတော်က မြေပြင်တပ်ဖွဲ့တွေဟာ IS အုပ်စုတွေကို စတင်ချေမှုန်းနိုင်မယ့် မြေပြင်တပ်ဖွဲ့တွေ လိုပါတယ်” ဟု အိုဘားမားက အဆိုပါ ရုပ်သံအစီအစဉ်တွင် ပြောကြားသည်။ 

အိုဘားမားက ယခင်က ကတိပြု ပြောဆိုခဲ့သည့်အတိုင်း ယခုလည်း အီရတ်သို့ အမေရိကန် မြေပြင်တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်ကြောင်း ထပ်မံအတည်ပြု ပြောဆိုသည်။ 

သို့သော် အမေရိကန်ပြည်ထောင်စု အနေနှင့် အနီးကပ် လေကြောင်းအကူအညီများဖြင့် အီရတ်မြေပြင်တပ်ဖွဲ့များ IS အုပ်စု ကို ချေမှုန်းရာတွင် ထောက်ပံ့ပေးသွားမည်ဟု ၎င်းကဆိုသည်။ 

အမေရိကန်သမ္မတ အိုဘားမားသည် IS အုပ်စုများကို ချေမှုန်းရေးအတွက် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ သုံးစွဲသွားမည်ဟု ကွန်ဂရက်လွှတ်တော်ကို အဆိုပြုရန် စီစဉ်လျက်ရှိသည်။ 

ပင်တဂွန်၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ သည် အီရတ်သို့ ရောက်နှင့်နေပြီး ဖြစ်သော တပ်ဖွဲ့ဝင် ၁၆၀၀ နှင့် သွားရောက်ပူးပေါင်းကာ အီရတ်တပ်မတော်ကို အကူအညီပေးမည် ဖြစ်သည်။ 

အဆိုပါ အဆိုပြုငွေများအနက် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကို အီရတ်တပ်မတော်မှ တပ်ဖွဲ့ဝင်များအား စစ်ရေး လေ့ကျင့်သင် ကြားပေးရေးနှင့် လက်နက် တပ်ဆင်ပေးရေးတို့တွင် အသုံးပြုမည်ဟု ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List