Tuesday, November 11, 2014

အကြမ်းဖက်သံသယဖြင့် ဖမ်းထားသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ရုံးထုတ်



နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်ကြောင်း သံသယ ရှိမှုဖြင့် ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား ၂၀ ဦးကို တောင်ကြီးခရိုင် တရား ရုံးတွင် နိုဝင်ဘာ ၁၀ ရက်က ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ ထိုစဉ်အတွင်း တရားရုံး အနီးဝန်းကျင်တွင် လုံခြုံရေး အစောင့်အရှောက် တင်းကျပ်စွာချထားပြီး ဝင်ထွက်ခွင့်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တားမြစ်ထားသည်။ စစ်ဆေးမှုကို မွန်းလွဲ တစ်နာရီမှ စတင်ခဲ့ပြီး ညနေ သုံးနာရီခွဲတွင် ပြီးဆုံးသည်ဟု စစ်ဆေးခံရသူများဖက်မှ လိုက်ပါဆောင်ရွက်ပေး နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
"တရားမျှတမှု အတွက် အခမဲ့ရှေ့နေလိုက်ပေးတာပါ၊ လူမျိုးဘာသာ နဲ့မဆိုင်ပါဘူး ” ဟု ၎င်းကပြောသည်။ စစ်ဆေးခံနေ ရသူများအနက် ယင်းသို့ ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံစွာ မတွေ့ရသူ ၇ ဦးအတွက် ရှမ်းပြည်နယ် တရား လွှတ်တော်သို့ အယူခံလွှာ တင်သွင်းထားသော်လည်း ပယ်ချခံရသည်ဟု ဒေါ်ခင်မိုးမိုးကပြောသည်။

သို့သော် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ ဆက်လက် တင်သွင်းရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့နေ ၁၂ ဦး၊ ကွန်ဟိန်းမြို့နယ်နေ ၁ ဦး၊ နေပြည်တော်မှ ၁ ဦး၊ ကျောက်ဆည်မြို့နေ ၆ ဦး တို့ကို ဖမ်းဆီး ထားခြင်းဖြစ်ပြီး အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ၄ ဦး ပါဝင်သည်။ ၄င်းတို့ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ် သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က မဇ္ဈိမကို အတည်ပြုထားသည်။

၎င်းတို့ကို သြဂုတ်လ ၄ ရက်တွင် တောင်ကြီးမြို့မှ ကွန်ဟိန်းမြို့နယ်သို့ သွားရာလမ်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူ ၂၀ ကို အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၅ (ည) ၊ ပေါက်ကွဲစေတတ်သော လက်နက်ဥပဒေနှင့် လူထုကို စည်းရုံး လှုံ့ဆော်မှု ၅ (ဌ) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List