Thursday, November 13, 2014

ရေကြောင်းအငြင်းပွားမှု ဖြေရှင်းရေး သံတမန်နည်းသာ အသုံးပြုရန် တရုတ်ကို အာဆီယံ ဖိအားပေးမည်


တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ဖြေရှင်းရာတွင် သံတမန်နည်းလမ်းသာ အသုံးပြုသွားရန် အင်အားကြီး တရုတ်နိုင်ငံကို အိမ်နီးချင်း အာဆီယံနိုင်ငံ ခေါင်းဆောင်များက ဖိအားပေး သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ နိုင်ငံများ ညီလာခံကို မြန်မာနိုင်ငံက လက်ခံကျင်းပနေပြီး တရုတ်၊ အမေရိကန်၊ ဂျပန်နှင့် အရှေ့တောင်အာရှခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အာဆီယံ လေးနိုင်ငံကြား (ဖိလစ်ပိုင်၊ ဗီယက် နမ်၊ ဘရူနိုင်း၊ မလေးရှား) အငြင်းပွားမှု ပေါ်ပေါက်နေပြီး အငြင်းပွားမှု ဖြေရှင်းရေး လုပ်ဆောင်မည်ဟု သက်ဆိုင်ရာနိုင်ငံ အသီးသီးက ပြောကြားနေသော်လည်း တင်းမာမှုများ တိုးပွားလာကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူး လီလောင်မင်းက ပြောကြားသည်။

“နိုင်ငံရေးရာ တာဝန်ယူ လုပ်ဆောင်ပေးမှုနဲ့ တကယ့်လက်တွေ့ ဖြစ်ရပ်တွေကြား ကွာဟမှု ကြီးမားလာတာ တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

မေလအတွင်း တရုတ်နိုင်ငံက ဗီယက်နမ် တောင်းဆိုထားသည့် ရေပြင်အတွင်း ရေနံတူးစင်တစ်ခု စေလွှတ် ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

ယင်းကဲ့သို့သော တရုတ်နိုင်ငံ၏ ရန်လိုမှုများကို ထိန်းညှိနိုင်ရန် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က အမေရိ ကန်နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ထို့အပြင် အငြင်းပွားမှု ဖြေရှင်းရေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် စေ့စပ်ညှိနှိုင်းမှုကို အသုံးပြုရန် တရုတ်နိုင်ငံကို အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘန်ရိုဒီက ပြောကြားသည်။

“အင်အားကြီးတဲ့ နိုင်ငံကြီးက နိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်နေတာကို ဒီတိုင်းကြည့်နေမယ့် အခြေအနေ
တွေ မရှိတော့ပါဘူး” ဟု ၎င်းက ဘေဂျင်းမြို့တော်တွင် ပြောကြားခဲ့သည်။

ရေကြောင်းအငြင်းပွားမှုမှာ ဒေသတွင်းလုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ရပ် ဖြစ်သည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှာမူဂျန်က မှတ်ချက်ပြုသည်။

အငြင်းပွားမှု ပေါ်ပေါက်လာခြင်းမှ ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ နိုင်ငံများ လိုက်နာရမည့် ကျင့်ဝတ် ပေါ်ပေါက်လာရေး တိုက်တွန်း လုပ်ဆောင်သွားမည်ဟု စင်ကာပူက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List