Tuesday, November 11, 2014

ပိုင်နက်အငြင်းပွားမှုကြောင့် တင်းမာနေသည့် ဂျပန်နှင့် တရုတ်ခေါင်းဆောင်နှစ်ဦး အလွန်းသင့်မည့် ဆွေးနွေးပွဲ ပြုလုပ်


နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် ၂ နှစ်ကျော်ကြာ ဆက်ဆံရေး တင်းမာခဲ့ကြသည့် ဂျပန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် တင်းမာမှုများ ပြေလျော့စေမည့် ဆွေးနွေးမှု များ စတင်ပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်၌ ကျင်းပပြုလုပ်လျက် ရှိသည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) ထိပ်သီးဆွေးနွေး ပွဲ၏ သီးခြားတွေ့ဆုံမှုများတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရှင်ဇိုအာဘေးနှင့် ရှီကျင့်ဖျင်တို့၏ ဆွေးနွေးပြောဆိုမှုသည် နှစ်နိုင်ငံကြား ဖြစ်ပေါ်ခဲ့သော တင်းမာမှုများ ပြေလျော့ပြီး ဆက်ဆံရေး တိုးတက်ကောင်း မွန်စေရန် ရည်ရွယ်ကာ ပထမဆုံး ပြုလုပ်သည့် ဆွေးနွေး ပွဲဖြစ်သည်။ 

“ဒီဆွေးနွေးမှုဟာ ဂျပန်-တရုတ် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ပထမခြေလှမ်းပဲ ဖြစ်ပါ တယ်” ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုသည်။ 

အဆိုပါ ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် ဂျပန်နှင့် တရုတ်အကြား အငြင်းပွားမှုများ ကာကွယ်နိုင်ရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု ရရှိပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ဂျပန်နှင့် တရုတ်နှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်ပြင်တွင်း နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ကြသည်။ 

မဟာဗျူဟာအရ အရေးပါသည့် ဒိုင်အောယုခေါ် ဆန်ကာကူကျွန်းစုများကို ဂျပန်အစိုးရက ပုဂ္ဂလိကပိုင် လက်ဝယ်မှ ဝယ်ယူရန် ၂၀၁၂ ခုနှစ်အတွင်း ဆုံးဖြတ်လိုက်ပြီးနောက် နှစ်နိုင်ငံ အငြင်းပွားမှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံကလည်း ထိုအချိန်မှ စ၍ အာဏာရရှိလာသော ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ရန်သူသဖွယ် သတ်မှတ် သဘောထားကာ ဆက်ဆံခဲ့သည်။ 

ယခုကဲ့သို့ ဘေဂျင်းမြို့တွင် ရှီကျင့်ဖျင်နှင့် ရှင်ဇိုအာဘေးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုသည် စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်ရပ်အကြား အရေးပါသော တိုးတက်ဖြစ်ထွန်းမှု ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများက သုံးသပ်ကြသည်။ 

သို့သော် ပိုင်နက်ကိစ္စ သဘောမတူညီမှုများ ဆက်လက်ကျန်ရှိနေဦးမည် ဖြစ်ကြောင်း၊ တွေ့ဆုံရာတွင် သမ္မတရှီ ကျင့်ဖျင်၏ ကိုယ်အမူအယာမှာ အေးတိအေးစက် ဖြစ်နေသည်ကို တွေ့ရကြောင်း AFP သတင်းဌာနက ဆိုသည်။ 

ရှီကျင့်ဖျင်သည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် လက်ဆွဲနှုတ်ဆက်ရာ၌ ပြုံးရယ်မှု မပြုသလို ရှင်ဇိုအာဘေးက စကားပြောရန် ကြိုးပမ်းမှု အပေါ်တွင်လည်း တုံ့ပြန်မှု မပြုခဲ့ပေ။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပင်လယ်ရေကြောင်း ပဋိပက္ခများ ကာကွယ်နိုင်မည့် စနစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် စတင်ပြင်ဆင် လုပ်ကိုင်ရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားပြီဟု AFP သတင်းဌာနသို့ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List