Friday, November 14, 2014

ဒေသတွင်း ဘာသာရေး အစွန်းရောက်သူများကို နှိမ်နင်းရမည်ဟု စင်ကာပူ ဝန်ကြီးချုပ် သတိပေး


ဘာသာရေး အစွန်းရောက်ခြင်းကို စစ်ရေးနှင့် နှိမ်နင်းနေ၍ မပြီးဘဲ အဆိုပါ အုပ်စုများ၏ အတွေးအခေါ်များ ခေါင်းထောင်မလာနိုင်စေရန် ကာကွယ်ဖို့ အရေးကြီးကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နေပြည်တော်တွင် ပြုလုပ်သော အရှေ့အာရှညီလာခံတွင် သတိပေး ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်းလျက် အတွေ့အကြုံရှိပြီး ပညာရှင်များက မည်သို့လုပ်ဆောင်ရမည်ကို နည်းဗျူဟာ များ ဝေမျှခြင်းအတွက် အကောင်းဆုံးစင်မြင့်များ ဖန်တီးပေးရမည် ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်က အကြံပြုခဲ့သည်။

စင်ကာပူအနေနှင့် ISIS အဖွဲ့၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ပြီး နိုင်ငံတကာတပ်ပေါင်းစု ဖွဲ့ပြီး တိုက်ခိုက်ခြင်းကို ထောက်ခံကြိုဆိုပါကြောင်း လီရှန်လွန်းက ဆက်လက် ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ရန်အတွက် ချဉ်းကပ်လာသူများကို ဖမ်းဆီးထားလျက် ရှိကြောင်း၊ အဆိုပါနိုင်ငံ၏ အတွေ့အကြုံများကိုလည်း မျှဝေပေးသွားခဲ့သည်။

ISIS အဖွဲ့နှင့် Ebola ဗိုင်းရပ်စ်ကို တိုက်ခိုက်ခြင်းများတွင် အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုကို လိုအပ်သည်ဟု အသိအမှတ်ပြုကြောင်း စင်ကာပူ အနေနှင့်လည်း လိုအပ်သည့် အရာများကို လိုအပ်သည့် နေရာများမှ ကူညီရန်အတွက် အသင့်ရှိကြောင်း ဝန်ကြီးချုပ်လီက ဆိုသည်။

ဒေသတွင်း ခေါင်းဆောင်များ အနေနှင့်လည်း စီးပွားရေး တိုးတက်စေရန် အတွက် လုပ်ဆောင်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ကို ဖော်ဆောင်ရာတွင် အာရုံစိုက်သင့်သည်ဟုလည်း တိုက်တွန်းခဲ့သေးသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ဆက်ဆံရေး ကောင်းမွန်နေစေရေးသည် လုံခြုံရေးအတွက် အဓိကကျသော သော့ချက်ဖြစ်သည်ဟု စင်ကာပူ ဝန်ကြီးချုပ်က ဆိုထားသည်။

အဓိက ပါဝါနိုင်ငံကြီး နှစ်ခုအကြား အပြန်အလှန် ဆွေးနွေးခြင်းများကို ကြိုဆိုသည်ဟု လီရှန်လွန်းက ပြောကြားခဲ့ကာ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများလည်း ဖြစ်သင့်သည်ဟု တိုက်တွန်းထားသည်။

လီရှန်လွန်းသည် မြန်မာနိုင်ငံတွင် ပြုလုပ်သော အရှေ့အာရှ ညီလာခံ အပြီးတွင် G 20 အစည်းအဝေးသို့ တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List