မြန်မာနိုင်ငံအနေနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများအတွက် ကြီးမားသည့် အကျိုးရလဒ်များ ရရှိစေမည့် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Strengthening Connectivity Partnership)တွင် နိုင်ငံတော်သမ္မတ က ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ ကုလသမဂ္ဂ အကြီးအကဲများ အပါအဝင် ဘင်္ဂလာဒေ့ရှ်၊ လာအို၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်နိုင်ငံတို့မှ သမ္မတနှင့် ဝန်ကြီးချုပ်များ၊ ကုသလသမ္မဂ၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင်အတွင်းရေးမှူး ရှမက်ဟဒ်အာခတာနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒီမစ်ထရီမီဇန်ဆက်တို့ တက်ရောက် ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် အာရှအဝေးပြေးလမ်းနှင့် အာရှဖြတ် ရထားလမ်း ကွန်ရက်နှစ်ခုစလုံး၏ အစိတ်အပိုင်း အဖြစ် ပါဝင်နေသည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့် အာဆီယံ မဲခေါင်မြစ်ဝှမ်း တိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာဖိုရမ်၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာ မဲခေါင်ဒေသခွဲ အုပ်စုများ၏ သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှု ဒေသခွဲ ကွန်ရက်များ၏ အစိတ်အပိုင်း ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေနှင့် ဒေသတစ်ခုလုံးနှင့် ကမ္ဘာ့နိုင်ငံများအကြား တရုတ်နိုင်ငံ၏ “ပိုးလမ်းမ စီးပွားရေးရပ်ဝန်း” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ” သို့မဟုတ် “တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း” ပဏာမခြေလှမ်းကို ထောက်ခံပါကြောင်းကို သမ္မတဦးသိန်းစိန်က ထပ်မံပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၇ ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါခရီးစဉ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ ကွန်ရက် အမြဲတမ်း ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါဝက်ဆိုက်မှ သိရသည်။
သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် သမ္မတသက်တမ်း အတွင်း ငါးကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment