Monday, November 10, 2014

သမ္မတ အိုဘားမား အမေရိကန်ရှေ့နေချုပ် အစားထိုးခန့်အပ်


သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံ၏ အစိုးရရှေ့နေချုပ်အဖြစ် နယူးယောက်မြို့တော် အစိုးရရှေ့နေ လော်ရက်တာလင့်ခ်ျအား အစားထိုး ခန့်အပ်လိုက်သည်ဟု နိုဝင်ဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

လက်ရှိရှေ့နေချုပ် အဲရစ်ဟိုဒါ၏ နေရာတွင် တာဝန်ထမ်းဆောင်မည့် လင့်ခ်ျအား လွှတ်တော်က သဘောတူ အတည်ပြုပြီးပါက သူမသည် အမေရိကန် တရားရေးဌာနအား ဦးဆောင်မည့် ပထမဆုံးအာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီး ရှေ့နေချုပ်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

လင့်ခ်ျသည် တရားရေးဌာနအား ပြုပြင်ပြောင်းလဲမှုကဲ့သို့သော အရေးကြီးသည့် တာဝန်များကို စိတ်အား ထက်သန်ပြီး အသိဉာဏ်ကြွယ်ဝစွာဖြင့် ဆောင်ရွက်နိုင် လိမ့်မည်ဖြစ်ကြောင်း အိုဘားမားက ပြောကြား သည်။

လက်ရှိရှေ့နေချုပ် ဟိုဒါသည်လည်း အာဖရိကနွယ်ဖွား ရှေ့နေချုပ် တစ်ဦးဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် တစ်လခွဲခန့်က စတင်ကာ တာဝန်မှ နုတ်ထွက်ထားပြီးဖြစ်သည်။

လင့်ခ်ျအား ရွေးချယ်မှုနှင့် ပတ်သက်၍ သမ္မတအိုဘားမားက "လော်ရက်တာဟာ ဒုစရိုက်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေ၊ အကြမ်းဖက်သမားတွေကို ရဲရဲဝံ့ဝံ့ အရေးယူနိုင်မယ့် ရှေ့နေတစ်ဦးဖြစ် လာမှာပါ။ လူချစ်လူခင် များတဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

သူမအနေဖြင့် ထင်ပေါ်ကျော်ကြားအောင် လုပ်ခြင်းထက် အများနှင့်မတူ လုပ်ဆောင်လိုသူ တစ်ဦးဖြစ် ကြောင်း၊ နေရာယူတစ်သူတစ်ဦးမဟုတ်ဘဲ တာဝန်သိတတ်သူတစ်ဦးသာဖြစ်ကြောင်း အိုဘားမားက
ပြောကြားသည်။

အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သော လင့်ခ်ျသည် မော်ကြွားစွာ နေတတ်သူ မဟုတ်သကဲ့သို့ နယူးယောက် ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့စဉ်က တာဝန်နှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားမှု မရှိသလောက်ပင်ဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် မွေးဖွားပြီး ဟားဘတ်တက္ကသိုလ် ကျောင်းဆင်း ရှေ့နေတစ်ဦးဖြစ်သူ လင့်ခ်ျသည် လက်ရှိရှေ့နေချုပ်က ၎င်း၏နေရာတွင် အစားထိုးနိုင်ရန် ထောက်ခံအကြံပြုခံရသူများအနက်မှ တစ်ဦးဖြစ်ပြီး အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းကြီး များအတွင်း မသမာမှုဖြစ် ပွားခဲ့သည့် ပြဿနာများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိသူတစ်ဦးလည်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List