Monday, November 10, 2014

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေနိုင်သည့် တရုတ်ဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက်ခွင့်ပြု ထားမှုကို ပယ်ဖျက်ပေးရန် တင်ပြထား


မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက် ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက်ခွင့်ပြုထားမှုကို ပယ်ဖျက်ပေးရန် တင်ပြထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်နေသည့် တရုတ်နိုင်ငံမှ မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင် ခွင့်နှင့် ပစ်ဖောက်ခွင့်ပြုထားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက ဩဂုတ်တတိယ ပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ အစီရင် ခံစာ (ESIA) ၏ အခန်း ၁၃ “လူမှုအဖွဲ့အစည်း၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်မှတ်သား ခြင်း အစီအမံများ” တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင်ခွင့် ပစ်ဖောက်ခွင့်နှင့် စပ်လျဉ်းသည့် အခွင့်အရေးများကို အခန်း ၁၃ ၏ အပိုင်း ၅ ဖြစ်သည့် “လူမှုအဖွဲ့အစည်းများ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေး” ဆိုသည့် အပိုင်း၏ ‘လုံခြုံရေးနှင့် အင်အားသုံးခြင်း’ အပိုင်းတွင် ဖော်ပြခဲ့ပြီး မြန်မာဘာသာပြန်၏ စာမျက်နှာ ၄၈၃ တွင် ဖော်ပြထားခြင်းဖြစ်သည်။ 

“မြန်မာဝမ်ပေါင်ကုမ္ပဏီ (MWMCL) သည် လုပ်ငန်းတစ်ခုချင်းစီတွင် ဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် အကဲဖြတ်ဆန်းစစ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပြီး အန္တရာယ်အကဲဖြတ် ဆန်းစစ်ခြင်းမှ ခြိမ်းခြောက်နေသော မည်သည့်အန္တရာယ်တိုင်းကို ကာကွယ်ရန် သို့မဟုတ် လျော့နည်းသွားအောင် MWMCL ၏ လုပ်ငန်းတစ်ခုစီတိုင်းတွင် ဘေးကင်းလုံခြုံရေး အစီအမံများကို ဖော်ထုတ်သွားမည်” ဖြစ်သည်။

“အန္တရာယ်တိုင်းကို ကာကွယ်ရန် သို့မဟုတ် လျော့နည်းသွားအောင် MWMCL ၏ လုပ်ငန်းတစ်ခုစီတိုင်းတွင် ဘေးကင်းလုံခြုံရေးအစီအမံ၏ ရည်ရွယ်ချက်သည်လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာတို့ကို အကာအကွယ်ပေး ရန်၊ လေးစားသမှုရှိရန်နှင့်သဘောထားကွဲလွဲခြင်း ဖြစ်လာမှုကို ရှောင်ရှားရန်အပြင် ဖြစ်နိုင်သရွေ့ဘေးကင်း လုံခြုံမှုကို ခြိမ်းခြောက်ခြင်းတို့အား ငြိမ်းအေးသောနည်းဖြင့် ထိထိရောက်ရောက် အသုံးချသွားရန်ဖြစ် ကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာဝမ်ပေါင်ကုမ္ပဏီသည် အင်အားသုံးဖြေရှင်းခြင်းကို နောက်ဆုံးအဆင့်မှ ပြုလုပ်ရမည်ဖြစ်ပြီး လူသား ဘဝ ထိန်းသိမ်းပေးရန်နှင့် လေးစားလိုက်နာရန်၊ ပျက်စီးခြင်းနှင့် ထိခိုက်အနာတရ ဖြစ်မှုတို့အား လျော့နည်း
စေမည့် နည်းအသွယ်သွယ်တို့ကို အသုံးပြုသွားမည်” ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လက်နက်ပစ်ဖောက်ခဲ့ရသည့် ဖြစ်ရပ်တိုင်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပင်မရုံးသို့ ချက်ချင်းအစီရင်ခံ တင်ပြရမည်ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းများသည် ထိခိုက်ဒဏ်ရာ အနာတရ ရရှိသူ မည်သူ့ကိုမဆို တတ်နိုင် သမျှ စောစီးစွာ ဆေးဝါးကုသမှု အထောက်အပံ့များ ပေးရမည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကာအကွယ်ပေးနေ ပြီး ဝမ်ပေါင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် လက်ပံတောင်းတောင် မြန်မာဘာသာပြန် အစီရင် ခံစာတွင် ရေးသားထားသည့် မြန်မာဝမ်ပေါင်၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက် ခွင့်ပြုထားခြင်းများနှင့် စပ်လျဉ်း၍ သိရှိမှုမရှိကြောင်း၊ အစီရင်ခံစာပါ အကြောင်းအရာများမှာ များပြားနေသည့် အတွက် ဖတ်ရှုရမှု မရှိသေးကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ယင်းမှာသက် ဆိုင်မှုမရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ Admin Manager နှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားသူ Mr. Dong Yunfei က Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားထားပြီး လက်ရှိအချိန် တွင် အဆိုပါဝမ်ပေါင်ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင်ခွင့် ပေးအပ်ထားမှုကို ပယ်ဖျက်ရန် တင်ပြထားမှုကို ဝမ်ပေါင်ကုမ္ပဏီက လက်ခံထားကြောင်း ဦးလှမောင်သိန်းက ပြောကြားသည်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သတ္တုတူးဖော်ထုတ်လုပ်မည့် ကန့်သတ်ဘောင်အတွင်း ထွက်ရှိ လာမည့် စွန့်ပစ်ကျောက်ပမာဏသည် တန်ချိန်သန်းပေါင်း ၉၄၆ ဖြစ်ပြီး နှစ် ၂ဝ အတွင်း ထွက်ရှိလာမည့် စွန့်ပစ်ကျောက်ပမာဏ တန်ချိန်သန်းပေါင်း ၂၅၆ ကို ဟင်းလင်းပွင့်ကျင်းတွင် စွန့်ပစ်၍ ကျန်စွန့်ပစ်ကျောက် တန်ချိန် သန်းပေါင်း ၆၉ဝ ကို ဟင်းလင်းပွင့်ကျင်း အပြင်ဘက်တွင် စွန့်ပစ်မည်ဖြစ်ပြီး ဇုန်၏ဘူမိဓာတု ဂုဏ် သတ္တိအရ အက်ဆစ်ဖြစ်ထွန်းမှု မြင့်မားနိုင်ခြေရှိကာ အက်စစ်ဓာတ်ပြယ်ရန် အနည်းငယ်သာ စွမ်းဆောင်နိုင် မည်ဖြစ်သည်။ လက်ပံတောင်းတောင် စီမံကိန်းသည် စာချုပ်ပြင်ဆင်ချုပ်ဆိုမှုကြောင့် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်များ ပြန်လည်ရရှိခဲ့သည်ဆိုသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နောင် အခါ ဆက်လက်လုပ်ကိုင်မည့် သယံဇာတထုတ် စီမံကိန်းများတွင် လက်ပံတောင်းတောင်ကဲ့သို့ ပြည်သူများ ဒုက္ခဖြစ်စေသည့် စီမံကိန်းများ လုပ်ဆောင်မှုရှိတော့မည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးက မြန်မာနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် ကြုံ တွေ့နေရသော စိန်ခေါ်မှုများ စီးပွားရေးဟောပြော ပွဲတွင် ပြောကြားထားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List