Thursday, November 13, 2014

ပျောက်ဆုံး ကျောင်းသားများ အသတ်ခံခဲ့ရသည်ဟူသည့် သတင်းထုတ်ပြန်ချက်ကြောင့် ဆန္ဒပြသူများက ပါတီ အဆောက်အအုံကို မီးရှို့



မက္ကဆီကို ပျောက်ဆုံးကျောင်းသား ၄၃ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရသည်ဟူသည့် သတင်းများကြောင့် ဒေါသထွက်နေသော လူစုသည် နိုဝင်ဘာ ၁၁ ရက်က ဂရယ်ရို ပြည်နယ်ရှိ အစိုးရ အာဏာရ ပါတီ၏ ဂရယ်ရို အဆောက်အအုံ ဌာနများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အစိုးရ ရဲအရာကြီးတစ်ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။
လက်ရှိအချိန်တွင် အဆိုပါ ပျောက်ဆုံးကျောင်းသားများအရေးအတွက် မက္ကဆီကို ပြည်သူများက သမ္မတ အန်ရီကွေး ပီနာနီတို ဦးဆောင်သည့် အစိုးရအဖွဲ့အပေါ် ကန့်ကွက် ဆန္ဒပြမှုများတိုးမြင့် လုပ်ဆောင်လာ လျက်ရှိသည်။

ယင်းနိုင်ငံရှိ လမ်းများပေါ်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများသည် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေ ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်က နိုင်ငံ၏ တောင်ပိုင်း ပြည်နယ်၏ မြို့တော် ချီပန်စီဂိုတွင် မက္ကဆီကို အာဏာရ PRI ပါတီ၏ အဖြူရောင် နှစ်ထပ်အဆောက်အအုံဆီမှ မီးခိုးလုံးများ တက်လာသည်ကို လည်း မြင်တွေ့ခဲ့ရသည်။

ယင်းနိုင်ငံတွင် ပျောက်ဆုံးနေခဲ့သော ကျောင်းသား ၄၃ ဦးကို ပြီးခဲ့သည့် စက်တင်ဘာလက အကျင့်ပျက် ရဲများထံမှ လွှဲပြောင်းလက်ခံခဲ့ပြီးနောက်ပိုင်း ၎င်းတို့ကို သတ်ဖြတ်၍ မီးရှို့ခဲ့သည်ဟု လူဆိုးဂိုဏ်းသားများက ၀န်ခံခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က အစိုးရ အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်းမှ စ၍ နိုင်ငံတွင် ပြင်းထန်သည့် ဆန္ဒပြတောင်းဆိုမှု ဖြစ်ရပ်များ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

CETEG ဆရာ၊ဆရာမများ သမဂ္ဂ နှင့် ကျောင်းသားများ ဦးဆောင်သည့် လူပေါင်း ၁,၀၀၀ ခန့်သည် ချီပန်စီဂို မြို့သို့ ချီတက်ခဲ့ကြပြီးနောက် ရဲများကို ကျောက်ခဲများ၊ ပေါက်ကွဲစေသော ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် အေအက်ပီ သတင်းဌာနမှ ဓါတ်ပုံသမားတစ်ဦးအပါအ၀င် ဂျာနယ်လစ် နှစ်ဦး နှင့် ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိ ခဲ့ကြသည် ဟု ပြည်သူ့ ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အဆောက်အအုံကို ခုလို တိုက်ခိုက်တာက ဒီနိုင်ငံရေး ပါတီကို တိုက်ခိုက်တာထက် ပိုပါတယ်၊ ဒါဟာ ဂရယ်ရို ပြည်နယ် အသိုင်းအ၀ိုင်းကို စော်ကားလိုက်တာဖြစ်ပြီး ပြည်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ကို ပြသ လိုက်တာပါပဲ၊ ဒါမျိုးတွေကို ထပ်မဖြစ်အောင် လုပ်ဆောင်သင့်ပြီး ကျူးလွန်သူတွေကို အရေးမယူပဲနဲ့လဲ လွှတ်မပေးသင့် ပါဘူး” ဟု PRI ပါတီက ပြောကြား လိုက်သည်။

ထို့ပြင် ယင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကလည်း အငြင်းပွားဖွယ် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ကြသော ဆန္ဒပြသမားများက အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ရာ ယင်းအချိန်တွင် အဆောက်အအုံကို ပြင်ဆင်မွမ်းမံမှုများလုပ်ဆောင်နေကြသည့် အလုပ်သမားများသည် အလျင်အမြန် ထွက်ပြေးခဲ့ကြ ရသည်။

ယခုဖြစ်စဉ်တွင် ဆန္ဒပြသူများဘက်မှ ဆရာ နှစ်ဦး ထိန်းသိမ်းခံရခြင်းကြောင့် ဒေါသထွက်နေသော လူစုသည် နိုဝင်ဘာ ၁၁ ရက်က ပြည်နယ်၏ လက်ထောက် ပြည်သူ့ လုံခြုံရေး အရာရှိချုပ် ဂျူအန် ဂျို့ဂါတီကာ ကို ခေါ်ဆောင်သွားကြပြီး ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့တစ်ခုထံသို့  လွှတ်မပေးမီအချိန်အထိ နာရီပေါင်းများစွာ ထိန်းသိမ်းခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List