Friday, November 14, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးတို့နှင့် ပတ်သက် ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။


နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီဆောင် I-12 တွင် နိုဝင်ဘာ ၁၃ရက် မွန်းလွဲ ၁ နာရီအချိန်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်အား သီးခြားလာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ် သည်။

“တွေ့ရတဲ့ အဓိကအကြောင်းကတော့ ဒီကိုရောက်လာတဲ့အခါမှာ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ လာတွေ့တာပါ။ မြန်မာနိုင်ငံရဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ဆို မြန်မာ့နိုင်ငံရေးနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့ရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးအတွက် လည်း နမူနာပုံစံတစ်ခုလည်း ဖြစ်တယ်။ အောင်မြင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်။ UN နဲ့ ကျန်တဲ့ အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူအညီပေးဖို့ ရှိတယ်။ အဲဒီအပြင်ကို ရခိုင်မှာရှိတဲ့ လူမျိုးစုအရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆက်ပြီးကြိုးစားသွားဖို့ ရှိတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်လို့လည်း အစည်းအဝေးတော်တော်များများ တွေ့ခဲ့ပြီးဖြစ်တဲ့အတွက် သိတယ်ဆိုတဲ့ အကြောင်း ဘန်ကီမွန်က ဒါပဲပြောတာပါ”ဟု  ဘန်ကီမွန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သောNLD ပါတီမှ ဦးအောင်ကြည်ညွန့်က မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်
ပြောကြားသည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစည်းအဝေးတွေမှာလည်း လွှတ်တော်ထဲမှာ တက်တက်ကြွကြွနဲ့ ထက်ထက်မြက်မြက် ဆွေးနွေးနေကြတာကို ကြားသိရတယ်ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။ 

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ “တိတိကျကျတော့ ဘယ်လိုကူညီနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတော့ မပြောပါဘူး။ ဒါပေမဲ့လို့ UN အနေအထားနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေး၊ UN ရဲ့ အခြေခံမူဖြစ်တဲ့ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့ ဒီမိုကရေစီရေးတို့ကို ပြုပြင်ပြောင်း လဲရေးအတွက်ကတော့ UN ရဲ့အခြေခံမူပဲ ဖြစ်တယ်ဆိုတာ ပြောသွားပါတယ်”ဟု ဦးအောင်ကြည်ညွန့်က ဆက်လက် ပြောကြားသည်။
  
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီမွန်နဲ့ တွေ့ဆုံရာမှာ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲတစ်ခုဟာ ပွင့်လင်းမြင်သာဖို့ လိုတယ်။ လွတ်လပ်ပြီး မျှတဖို့အပြင် အချိန်မှန်ကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပြီး ပြောပြလိုက်ပါတယ်”ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုသည်။

“သူ့ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ၂ဝ၁၅ ရွေးကောက်ပွဲဆို တာကတော့ ရှိရမယ့်အခြေခံ ပုံစံမျိုးအတွက် အထူးမှတ်ချက်ပြုပြီး ပြောသွားတာ မရှိပါ ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်သို့ လာရောက်တွေ့ ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာဦးမျိုးအောင်၊ ဦးမန်းဂျော်နီ၊ ဒေါ်စုစုလွင်၊ ဦးဖြိုးဇေယျာသော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်အပါအဝင် ဒေါက်တာတင်မာအောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List