နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး နေရာကို အုပ်ချုပ်ရေး တာဝန်ရှိသူများ တားမြစ်ခဲ့သောကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးသို့ ပြောင်းရွှေ့လိုက်ပြီး နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်ကြောင်း အစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူကျော်က The Voice သို့ ပြောကြားသည်။
မူလက အင်းစိန်မြို့နယ်ရှိ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပရန် လျာထားသော်လည်း မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပွဲကျင်းပခွင့်တင်ရန် လာရောက် ပြောကြားသောကြောင့် ယခုကဲ့သို့ နေရာပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်သည်။
“နာရေးကူညီမှုအသင်းက အဲ့ဒီနေ့မှာ ရက်ကလည်း အားနေတယ်။ ကျွန်တော်တို့ကလည်း အရမ်းနီးနေတော့ ဘာမှသိပ် စဉ်းစားလို့ မရဘူး။ ရတဲ့နေရာကို လုပ်ရမှာ ဆိုတော့လေ။ ပြီးတော့ အဲဒီနေရာက ခွင့်ပြုချက်လည်း တင်စရာ မလိုဘူးလို့ ပြောတယ်” ဟု ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူကျော်က ဆိုသည်။
လက်ရှိတွင် အရေးပေါ် ကျောင်းသားထု အစည်းအဝေး ကျင်းပရန် ရန်ပုံငွေ ကျပ် ၆၅ သိန်း ရရှိထားပြီး အဆိုပါပွဲ စီမံခန့်ခွဲရေးအတွက် ကျပ် ၂၅ သိန်း သုံးစွဲထားကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
အရေးပေါ် ကျောင်းသားထု အစည်းအဝေးတွင် အမျိုးသားပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများ ဖြေရှင်းရန် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများကို အစည်းအဝေး ပထမရက်တွင် ဖိတ်ကြားထားပြီး ပညာရေး ဝန်ကြီးဌာနကိုမူ မဖိတ်ကြားကြောင်း ၎င်းတို့ကဆိုသည်။
ယင်းအစည်းအဝေးကို ကျောင်းသားသမဂ္ဂများက ဦးဆောင်စီစဉ်ခြင်း ဖြစ်ပြီး အစိုးရသစ်လက်ထက် ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေး ဖြစ်သည်။
No comments:
Post a Comment