Tuesday, November 11, 2014

၅၆ ပါတီ၏ နိုင်ငံရေးမူဘောင်နှင့် ရေးဆွဲနေဆဲ မူဘောင်များ ညှိနှိုင်းရန် ပါတီအားလုံး တွေ့ဆုံမည်


မူကြမ်းအဆင့် ရေးဆွဲပြီးစီးပြီ ဖြစ်သော နိုင်ငံရေးပါတီ ၅၆ ပါတီ၏ နိုင်ငံရေး မူဘောင်ကို အခြားသီးခြား မူဘောင်များ ရေးဆွဲနေသော နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းရန် ယခုလအတွင်း နိုင်ငံရေးပါတီများ အားလုံး တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံရေးမူဘောင် ရေးဆွဲရေးလုပ်ငန်း အဖွဲ့ဝင် ဦးနေမင်းကျော်က ပြောကြားသည်။

နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြုအဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် နိုင်ငံရေး မူဘောင် ရေးဆွဲရေးလုပ်ငန်း ကော်မတီက နိုဝင်ဘာလ ၄ ရက်နေ့တွင် အပြီးသတ် ရေးဆွဲထားသော အချက် ၂၀ ပါ နိုင်ငံရေးမူဘောင်ကို အခြားအင်အားစု မဟာမိတ်အဖွဲ့များ၊ ပါတီများ၏ မူဘောင်များနှင့် ညှိနှိုင်းရန်အတွက် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ယခုလအတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“အခုထွက်ရှိလာတဲ့ နိုင်ငံရေးမူဘောင်ကို အချောသပ်နေတယ်။ ပြီးရင် ကျန်အဖွဲ့တွေက ရေးဆွဲနေတဲ့ မူဘောင်တွေနဲ့ ညှိနှိုင်းမယ်။ ပါတီအားလုံးကို ဖိတ်မယ်။ လာတာ မလာတာက သူတို့ရဲ့ သဘောပဲ” ဟု ၎င်းကဆိုသည်။

၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးမူဘောင်ကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမို ကရေစီ မဟာမိတ် FDA နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီတို့မှ ရေးဆွဲထားသော မူဘောင် များကို ပေါင်းစည်းကာ အခြားပါတီများမှ အကြံပြုချက်များကို ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးမူဘောင် ရေးဆွဲရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

သို့သော်လည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ကလည်း နိုင်ငံရေး မူဘောင်များကို သီးခြားရေးဆွဲလျက် ရှိသည်။

သို့သော်လည်း နိုင်ငံရေးပါတီ မဟာမိတ် အဖွဲ့အစည်းများအတွင်း မူဝါဒများ မတူညီသောကြောင့် နိုင်ငံရေး ပါတီများအားလုံး ဘုံသဘောတူညီသည့် နိုင်ငံရေး မူဘောင်တစ်ရပ် ထွက်ပေါ်ရန် မဖြစ်နိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က ထုတ်ပြန် ပြောကြားထားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်များ ချမှတ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား သဘော တူညီထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List