နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး နေပြည်တော်၌ ပြုလုပ်နေပြီဖြစ်သည်။နိုဝင်ဘာ ၉ ရက်နှင့် ၁၁ ရက် ကြားကာလတွင် အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်မှာမူ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ရန် ရှိသည်။
ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဩဂုတ်လက ပြုလုပ်ခဲ့သော အာဆီယံဒေသတွင်းဖိုရမ်၌ တောင်တရုတ်ပင်လယ် အရေးကိစ္စက လွှမ်းမိုးခဲ့ပြီး မြန်မာ့အရေး အပေါ် အာရုံစိုက်မှု နည်းပါးခဲ့သည်။
သို့သော် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ မြန်မာ့အရေးက ရှေ့တန်းရောက်လာနိုင်သည့် အခြေအနေ ရှိသည်။ ထိုသို့လွှမ်းမိုးရာတွင် အစည်းအဝေးအတွင်း လွှမ်းမိုးသည်ဆိုခြင်းထက် ခေါင်းဆောင် များ၏ အလွတ်သဘော ဆွေးနွေးမှုများ၌ နေရာယူလာနိုင်သည်။
မြန်မာ့အရေး ဘာကြောင့်လွှမ်းမိုးနိုင်သလဲ
ပုံမှန်အားဖြင့် အာဆီယံထိပ်သီးဆွေးနွေးပွဲများတွင်၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ(AC)၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကိစ္စရပ်များက အချိန်ပြည့် နေရာယူခဲ့သည်။ ၂ဝ၁၃ ခုနှစ်နှောင်းပိုင်းမှစ၍ ၂ဝ၁၅ အလွန် အာဆီယံ၏ မဟာဗျူဟာဖော်ဆောင်မှု မျှော်မှန်းချက်များ နေရာယူလာသည်။
၂ဝ၁၁ ခုနှစ်မတိုင်မီအချိန်က ပြုလုပ်သော အာဆီယံထိပ်သီးဆွေးနွေးပွဲများ၌ မြန်မာ့အရေးက ဒေသတွင်း ပြဿနာတစ်ရပ်အဖြစ် လွှမ်းမိုးခဲ့သည်။ အစိုးရ၏ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် လူနည်းစု အခွင့် အရေး မျက်ကွယ်ပြုခံရမှုများက မြန်မာအပေါ် ဖိအားများကျရောက်စေခဲ့သည်။
၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလှည့်အပြောင်း ဖြစ်ပေါ်လာသည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေးနှင့် ပြုပြင်ပြောင်းလဲရေး စတင်ပြီဟု ကြွေးကြော်သံနှင့် အတူ သမ္မတဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံကို တာဝန်ယူခဲ့သည်။ ဆုလာဘ် အဖြစ် ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အာဆီယံခေါင်းဆောင်များက အပ်နှင်းခဲ့သည်။ ထိုအချိန်မတိုင်မီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အခွင့်အရေးပေါ်ခဲ့သော်လည်း နိုင်ငံတွင်းဆိုးဝါးသော အခြေအနေအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂ(EU) တို့ ကန့်ကွက်ခဲ့သဖြင့် လက်လွှတ်ခဲ့ရသည်။
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာက အာရုံစိုက်ခဲ့ကာ လိုအပ်သောထောက်ပံ့ကူညီမှုများ ပေးခဲ့သည်။ သို့သော် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ယခုအချိန်၌ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းခဲ့သလောက် ခရီးပေါက်နိုင် ခဲ့ခြင်း မရှိခဲ့ပေ။ တရားမျှတမှုမရှိခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု မရေရာခြင်း၊ ဆင်းရဲမွဲတေမှု မြင့်မားလာခြင်းတို့အပြင် နိုင်ငံရေးပြဿနာများကိုလည်း ပြေလည်အောင်ဖြေရှင်းနိုင်စွမ်း မရှိခြင်းတို့ ဖြစ်ပေါ်လာသည်။
အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီ၏ အကျိုးစီးပွားကြောင့်သော် လည်းကောင်း၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးဆိုသည့် အာဆီယံမူကြောင့် လည်းကောင်း မြန်မာ့ပြုပြင်ပြောင်းလဲရေး နှေးကွေးလာမှုအပေါ် အာဆီယံနှင့် နိုင်ငံတကာခေါင်းဆောင်များက မျက်ကွယ်ပြုပေးခဲ့သော်လည်း ယခုအချိန်တွင်မူ မျက်ကွယ်ပြုရန် ခဲယဉ်းလာခဲ့သည်။
ထိုသို့ မျက်ကွယ်ပြုရန် ခဲယဉ်းလာမှုများက (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်အတူ ပြုလုပ်မည့် (၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ ရိုက်ခတ်လာနိုင်သည်။
နေပြည်တော် ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် အခြားနိုင်ငံတကာ ထိပ်သီးခေါင်းဆောင်များပါ တက်ရောက်မည်ဖြစ်သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ၎င်းတို့၏ တိုက်တွန်းပြောကြားချက်များက သမ္မတဦးသိန်းစိန် အစိုးရအပေါ် ဖိအားများ ပေါ်ပေါက်စေနိုင်သည်။
အာဆီယံထိပ်သီး ဆွေးနွေးပွဲများတွင် အာဆီယံနိုင်ငံအချို့၏ အကျိုးစီးပွားဖြစ်သော တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုက မြန်မာ့အရေး ဆွေးနွေးမှုအပေါ် လွှမ်းခြုံသွားသည့် အစဉ်အလာရှိသော်လည်း ယခုဆွေးနွေးပွဲကာလတွင် ထိုသို့ဖြစ်နိုင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။
တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၁ဝ ရက်နှင့် ၁၁ ရက်၌ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) ထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ် အရေးသာမက တရုတ်၏အငြင်းပွားဖွယ် ရေပိုင်နက်ဆိုင်ရာ ကိစ္စများကို ထည့်သွင်းဆွေးနွေးကြမည် ဖြစ်သည်။
ထိုဆွေးနွေးမှုများ အခြေခံဖြင့် နေပြည်တော် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ တောင်တရုတ်ပင်လယ်အရေးကို အပေါ်ယံသဘောဖြင့် အကြမ်းဖျဉ်း ထပ်မံဆွေးနွေးကာ ရလဒ်ထုတ်ပြန်ဖွယ် ရှိသည်။ ထိုရလဒ်၌ ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီကြသည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက် မပါဝင်နိုင်ချေ။
တရုတ်နိုင်ငံတွင် ပြုလုပ်နေသော APEC ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန်သမ္မတအိုဘားမား အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်အတွက် APEC ဥက္ကဋ္ဌမှာ တရုတ်နိုင်ငံဖြစ်ပြီး ၎င်း၏အကျိုးစီးပွားကို ကာကွယ်သည့် အခင်းအကျင်းများကိုသာ ဆွေးနွေးနိုင်သည်။ APEC အဖွဲ့ဝင်နိုင်ငံများ၌ တရုတ်နှင့် ရေပိုင်နက်အငြင်းပွားနေသည့် ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့လည်း ပါဝင်နေသည်။
၂ဝ၁၅ ခုနှစ်အတွက် APEC ဥက္ကဋ္ဌမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ ၂ဝ၁၅ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုများသည် ၂ဝ၁၅ ခုနှစ်တွင်သာ ပိုမိုလွှမ်းမိုးလာနိုင်ခြေ ရှိသည်။
တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှု၌ ဖိလစ်ပိုင်နှင့် တရုတ်အကြား သဘောထားတင်းမာမှုရှိပြီး မလေးရှားနိုင်ငံသည်လည်း ရေပိုင်နက်အငြင်းပွားမှု၌ ပါဝင်ပတ်သက်နေသည့်နိုင်ငံ ဖြစ်သည်။
အဆိုပါ အခြေခံအချက်များက လာမည့်နေပြည်တော် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးထက် မြန်မာ့အရေးက ပိုမိုလွှမ်းခြုံနိုင်ဖွယ်ရှိသည်ကို ဖော်ညွှန်းနေသည်။
အမေရိကန်၏ ဖိအား
သမ္မတဦးသိန်းစိန်အစိုးရက လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး ခရီးမတွင်မှုနှင့် နိုင်ငံရေးအကျပ်အတည်းကို ထွက်ပေါက်ဖြစ်စေရန် မြန်မာ့နိုင်ငံရေးထိပ်သီးများ တွေ့ဆုံပွဲကို အောက်တိုဘာ ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့သော လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ပယ်ချပြီး ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုမှာ ဟန်ပြအဖြစ် ပေါ်လွင်စေခဲ့ပြီး ရလဒ်မထွက်ခဲ့ပေ။ ထိုတွေ့ဆုံမှုသည် ဟန်ပြသာဖြစ်ပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် မလာရောက်မီ အချိန်ကိုက်ပြုလုပ်ခြင်းသာ ဖြစ်သည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
နေပြည်တော် နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲအပြီး နိုဝင်ဘာ ၁ ရက်တွင် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး စစ်အစိုးရလက်ထက် အမာခံအားထားရသူ တစ်ဦးဖြစ်သော ဦးအောင်သောင်းကို တစ်ဦးချင်းစီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်ခြင်းဆိုင်ရာ အမည်ပျက်စာရင်းအဖြစ် အမေရိကန်က ထုတ်ပြန်လိုက်သည်။
ထိုအချက်က မြန်မာ့အရေးကို အမေရိကန်က အာရုံစိုက်ထားဆဲဖြစ်ပြီး ၎င်းတို့အစဉ်တစိုက် ကျင့်သုံးနေသည့် တုတ်တစ်ဖက်၊ မုန့်တစ်ဖက် (Carrot and Stick) သီအိုရီဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ထားဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
မြန်မာ့အရေး အာရုံစိုက်ထားမှုနှင့် ဆက်ဖြစ်လာနိုင်သော အမေရိကန်၏ ခြေလှမ်းများက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်၊ နေပြည်တော်သို့ ပထမဆုံးလာရောက်မည့် သမ္မတအိုဘားမား ခရီးစဉ်အပေါ် များစွာသက်ရောက်မှု ရှိနေသည်။
သမ္မတ အိုဘားမား မရောက်ရှိမီ အခင်းအကျင်း
အမေရိကန်သမ္မတ အိုဘားမားသည် ၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေကို မှိတ်တုတ်မှိတ်တုတ်အလင်းရောင် (Flicker of Light) အဖြစ် တင်စားခဲ့သည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အခြားဆက်စပ် အစည်းအဝေးများကို တက်ရောက်ရန် လာရောက်သည့် သမ္မတအိုဘားမားသည် သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း သီးခြားစီတွေ့ဆုံရန် ရှိနေသည်။
နေပြည်တော် နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲအပြီး နိုဝင်ဘာ ၅ ရက်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ အိုဘားမားအနေဖြင့်လည်း မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က နိုဝင်ဘာ ၉ ရက်က ဖော်ပြခဲ့သော ဗွီအိုအေသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။
“...ခရီးစဉ်အတွင်းမှာ မြန်မာ့အပြောင်းအလဲ ဘာတွေတိုးတက်မှုရှိသလဲ။ ဘာတွေပြောင်းလဲမှု မရှိသလဲ ဆိုတာတွေကို သူကိုယ်တိုင်နားထောင်ပြီးတော့ အကဲခတ်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးမှာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက်ကျင့်သုံးဖို့အတွက် မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေကို ဆန်းစစ်ပြီးတော့ သမ္မတက ဘာတွေအကူအညီ ပေးနိုင်မလဲဆိုတာ အကဲခတ်မှာ ဖြစ်ပါတယ်” ဟု အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ဗွီအိုအေသို့ ပြောကြားသည်။
သမ္မတအိုဘားမား၏ ယခုခရီးစဉ်သည် ဩဂုတ်လအတွင်းက လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ ခရီးစဉ်နှင့် ကွဲပြားသော တိုက်တွန်းပြောကြားမှုများအပြင် ထိရောက်သော ဖိအားပေးမှုများ ရှိလာနိုင်သည်။
သမ္မတအိုဘားမား ခရီးစဉ်မတိုင်မီ နိုဝင်ဘာ ၆ ရက်၌ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော လူ့အခွင့်အရေး ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းရန်၊ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများကို အန္တရာယ်မရှိအောင် ဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။
နိုဝင်ဘာ ၅ ရက်တွင် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က သမ္မတအိုဘားမားကို တောင်းဆိုတိုက်တွန်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်မလှည့်စေရန် သမ္မတဦးသိန်းစိန်နှင့် ထိထိရောက်ရောက်ဆွေးနွေးရန် HRW က တိုက်တွန်းခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိကကျသော အချက်များဖြစ်သည့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေခြင်း အပါအဝင် အခြားကိစ္စရပ်များကို ဆွေးနွေးရာ၌ ပြတ်ပြတ်သားသား ဆွေးနွေးသင့်ကြောင်း တိုက်တွန်းသည်။
အကယ်၍ လိုက်ပါဆောင်ရွက်မှု မရှိပါက ကူညီထောက်ပံ့မှုများကို ရပ်တန့်မည်ဖြစ်ကြောင်း သတိပေးပြောကြားမှုများကိုပါ ပြုလုပ်သင့်သည်ဟု HRW က ဆိုသည်။
အမေရိကန် လွှတ်တော်အမတ်များ၏ သမ္မတအိုဘားမားထံ ပေးစာ
နိုဝင်ဘာ ၇ ရက်တွင် အမေရိကန် အောက်လွှတ်တော်အမတ် ၄၄ ဦး၏ သမ္မတအိုဘားမားထံ ပေးစာတစ်စောင် ထွက်ပေါ်ခဲ့သည်။
အဆိုပါပေးစာတွင်လည်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်မျှတသန့်ရှင်းစွာ ဖြစ်ပေါ်လာရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အပေါ် ပိတ်ပင်ထားသည့် ကိစ္စများကို ဖိအားပေးဆွေးနွေးရန် တိုက်တွန်းခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးသည့်ကိစ္စ၊ သတင်းလွတ်လပ်ခွင့် လျော့ကျလာခြင်းကိစ္စ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများအပေါ် အမုန်းပွားမှုဖြစ်အောင် လုပ်ဆောင်နေသည့်ကိစ္စ အစရှိသည်တို့သည် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေပြီဆိုခြင်းအား ပြသနေခြင်းဖြစ်သည်ဟု အမေရိကန်အောက်လွှတ်တော်အမတ်များက ဆိုသည်။
အမေရိကန် အောက်လွှတ်တော်အမတ်များ၏ ပေးစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကို ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စများတွင် အစိုးရနှင့်တပ်မတော်က တာဝန်သိ ပါဝင်ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် ထည့်သွင်းခဲ့သည်။ ထိုသို့လုပ်ဆောင်ရာ၌ ပါဝင်ဆောင်ရွက်မှု မရှိသူများကို အမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်အရေးယူမှု ပြုလုပ်ရန်ကိုလည်း သမ္မတအိုဘားမားထံ တောင်းဆိုခဲ့သည်။
အမေရိကန် အောက်လွှတ်တော်အမတ်များ၏ ပေးစာမတိုင်ခင်အချိန်တွင် အမေရိကန် အထက်လွှတ်တော်အမတ် ၂ဝ ကျော်ကလည်း သမ္မတအိုဘားမားထံ ပေးစာပေးပို့ခဲ့ပြီး မြန်မာအစိုးရကို ဖိအားပေးရန် တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၄ ရက်က ဖော်ပြခဲ့သော ရိုက်တာသတင်းတစ်ရပ်တွင်မူ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိစေရန် သမ္မတအိုဘားမားက ဖိအားပေးတိုက်တွန်းမည်ဖြစ်ကြောင်း အမေရိကန်အကြီးတန်း အရာရှိတစ်ဦး ပြောကြားချက်အား ကိုးကားဖော်ပြခဲ့သည်။
“သူတို့ (မြန်မာအစိုးရ) အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့အရာတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ ဖြောင့်ဖြောင့်တန်းတန်း မဖြစ်တာကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒီအတွက် ကျွန်တော်တို့စိုးရိမ်စရာတွေ အများကြီးရှိပါတယ်” ဟု အမေရိကန်အကြီးတန်းအရာရှိက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် သမ္မတအိုဘားမားအနေဖြင့် မြန်မာအစိုးရနှင့် သမ္မတဦးသိန်းစိန်ကို အကောင်းမြင်လွန်းမည် မဟုတ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများကို ထပ်မံဖြေလျှော့ပေးမည် မဟုတ်ကြောင်း၊ အမည်ပျက်စာရင်းဝင်သူများကိုလည်း ပယ်ဖျက်ပေးမည့်အစီအစဉ် မရှိသေးကြောင်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများလည်း ရှိမည်မဟုတ်သေးကြောင်း သမ္မတအိုဘားမား၏ လက်ထောက်များက ပြောကြားထားကြောင်း သိရသည်။
ထိုအချက်များက လာမည့်အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆွေးနွေးပွဲပြင်ပ အခြေအနေများတွင် မြန်မာ့အရေး လွှမ်းမိုးမှုများ ရှိလာနိုင်စေသော ကိစ္စရပ်များ ဖြစ်လာခဲ့သည်။
ဘယ်လိုပုံစံနဲ့ မြန်မာ့အရေး လွှမ်းမိုးမှုရှိမလဲ
(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရာ၌ အခြေခံရမည့်ဆိုင်ရာ နေပြည်တော်မူဘောင်တစ်ရပ်ကို အာဆီယံခေါင်းဆောင်များက အတည်ပြုလက်မှတ် ရေးထိုးကြမည်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကြေညာချက်များလည်း ထွက်ရှိမည်ဖြစ်သည်။
(၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် ကြေညာချက်လေးခု ထွက်ရှိရန်ရှိပြီး ထိုကြေညာချက်များမှာ သဘာဝဘေးအန္တရာယ် ကာကွယ်မှုဆိုင်ရာ၊ အစွန်းရောက် အကြမ်းဖက်မှုဆိုင်ရာ၊ အီဘိုလာရောဂါဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဆိုင်ရာ ကြေညာချက်များဖြစ်သည်။
ထိုသဘောတူညီချက်များနှင့် ကြေညာချက်များမှာ ခေါင်းဆောင်များ၏ ပုံမှန်အစည်းအဝေးများမှ ထွက်ရှိလာမည်ဖြစ်ပြီး မြန်မာ့အရေး ဆွေးနွေးမှုများမှာ ခေါင်းဆောင်များ၏ အလွတ်သဘောဆွေးနွေးမှုနှင့် နှစ်နိုင်ငံသီးခြားတွေ့ဆုံမှုများ၌ ရှိလာနိုင်ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
“အခုချိန်မှာ မြန်မာနိုင်ငံက အာဆီယံ ၁ဝ နိုင်ငံထဲမှာ GDP အပေါ်မူတည်တဲ့ တစ်ဦးချင်းဝင်ငွေမှာ အနိမ့်ဆုံးဖြစ်နေတယ်။ လာအိုနိုင်ငံအောက်ရောက်ပြီး အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးဖြစ်နေတဲ့အပြင် နိုင်ငံရေးအကျပ်အတည်းလည်း ရှိနေတယ်။ ဒီပြဿနာတွေကို အာဆီယံအစည်းအဝေးမှာ ဆွေးနွေးရလိမ့်မယ်။ မဆွေးနွေးဘူးဆိုရင် အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်သလို အာဆီယံရဲ့ သမိုင်းကြောင်းကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့နိုင်ငံများ ပူးပေါင်းပါဝင် အဖြေရှာရမည်ဖြစ်ပြီး မြန်မာ့အရေးသည် အာဆီယံအရေးနှင့် ဆက်စပ်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာကမူ မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် ရပ်တန့်နေခြင်းမဟုတ် အစိုးရအနေဖြင့် ယခုထက်ပိုပြီး ဖော်ဆောင်မှုမပြုလုပ်ရန် အစောပိုင်းကတည်းက ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“အာဆီယံကလည်း ဘယ်တုန်းကမှ ဒီမိုကရေစီဖွံ့ဖြိုးအောင် ကူညီပံ့ပိုးပေးတာ မရှိဘူး။ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဒီမိုကရေစီ လုံးဝမဟုတ်တဲ့ နိုင်ငံတွေရှိသလို (ဥပမာ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း) ဒီမိုကရေစီ အမည်ခံနိုင်ငံတွေ (ဥပမာ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား) ရှိပါတယ်။ အခုချိန်မှာ ထိုင်းနိုင်ငံဟာလည်း စစ်အုပ်ချုပ်ရေးအောက်မှာပါ။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ပဲ ဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့ ဆိုရမှာပါ” ဟု ဘာတေးလစ်တနာက သုံးသပ်သည်။
ထို့ကြောင့် နေပြည်တော် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း မြန်မာ့အရေးလွှမ်းမိုးမှုနှင့် ဖိအားပေးမှုများက အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများထံမှ အများဆုံးပေါ်ပေါက်လာနိုင်မည်ဖြစ်ပြီး ထိုဂယက်များက အာဆီယံဆွေးနွေးပွဲကိုပင် လွှမ်းခြုံသွားဖွယ် ရှိနေပါသည်။
နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင်ပြုလုပ်မည့် အစည်းအဝေးနှင့် အခမ်းအနားများ
နိုဝင်ဘာ ၁၂
၁။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲ
၂။ Asean Institute of Green Economy စတင်ခြင်း အခမ်းအနား
၃။ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး
၎။ (၁၂) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး
၅။ (၁၇) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး
၆။ (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး
၇။ အာဆီယံ-သြစတြေးလျ ပူးပေါင်းမှု နှစ် ၄၀ မြောက် အစည်းအဝေး
၈။ (၆) ကြိမ်မြောက် မဲခေါင်-ဂျပန် အစည်းအဝေး
၉။ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော ခေါင်းဆောင်များ ညစာစားပွဲ
နိုဝင်ဘာ ၁၃
၁။ (၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး
၂။ ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး
၃။ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး
၎။ (၁၇) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေး
၅။ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ အစည်းအဝေး
၆။ ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနား
-----------
(အာဆီယံအဖွဲ့ သမိုင်းကြောင်းနှင့် အခြေအနေအကျဉ်းချုပ်
၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်က ဘန်ကောက်ကြေညာစာတမ်း လက်မှတ်ရေးထိုးပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က အင်ဒိုနီရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ခဲ့ပြီး ပျော့ပျောင်းသော ဖွဲ့စည်းမှုပုံစံနှင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၄ ခုနှစ် ဇန်န၀ါရီ ၈ ရက်တွင် ဘရူနိုင်းနိုင်ငံသည် အာဆီယံသို့ ၀င်ရောက်ခဲ့သည်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ဗီယက်နမ်သည် ၇ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် အာဆီယံသို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့လည်း အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ၁၀ ဦးမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အာဆီယံ၏ အဓိကမူဝါဒသုံးရပ်မှာ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို လေးစားခြင်း၊ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှု မရှိခြင်း၊ ပဋိပက္ခများ ဖြေရှင်းရာတွင် ခြိမ်းခြောက်မှုများနှင့် လက်နက်ကိုင်ဖြေရှင်းခြင်းများ မပြုလုပ်ရန်တို့ ဖြစ်သည်။ အာဆီယံ၏ အဓိကရည်ရွယ်ချက်မှာ ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရန်ဖြစ်သည်။
အာဆီယံကို စတင်ထူထောင်စဉ်ကတည်းက ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ဘက်မလိုက်ရေးဝါဒများကို လက်ကိုင်ကျင့်သုံးခဲ့သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ‘ဒေသတွင်းငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ဘက်မရေးဝါဒကို စွဲမြဲစွာကျင့်သုံးပြီး ပြင်ပအင်အားစုများ၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရန် ကြိုးပမ်းရမည်။ အဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ပိုမိုခိုင်မာသောဆက်ဆံရေး ထူထောင်ရမည်’ ဟူသော အချက်များကို ပဋိဥာဉ်စာတမ်းတွင် ထည့်သွင်းခဲ့သည်။
သို့သော်လည်း အာဆီယံအနေဖြင့် အခြားသောနိုင်ငံများအပြင် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများနှင့်ပါ ဆက်ဆံမှုများ တည်ထောင်ခဲ့သည်။
အာဆီယံအနေဖြင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပလေ့ရှိသော်လည်း ပူးတွဲကြေညာစာတမ်းများသည် အများအားဖြင့် အကြံပြုချက်များသာ ဖြစ်လေ့ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်ခွင့်ကို ထိခိုက်စေမည့် ဖြေရှင်းချက်များနှင့် မူဝါဒများ ချမှတ်လေ့မရှိပေ။
အာဆီယံဖွဲ့စည်းပြီး ဖြစ်ပေါ်လာခဲ့သော ပဋိပက္ခများအနက် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစစ်ပွဲသည် ပထမဆုံးသော ထင်ရှားသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် ဗီယက်နမ်မှ ကမ္ဘောဒီးယားကို ကျူးကျော်တိုက်ခိုက်ခဲ့သည့်အတွက် အာဆီယံနိုင်ငံများအနေဖြင့် ထိုပဋိပက္ခကို လျင်မြန်စွာဖြေရှင်းရန် ကြိုးပမ်းခဲ့ရသည်။ ကုလသမဂ္ဂတွင် ဗီယက်နမ်တပ်များ ပြန်လည်ဆုတ်ခွာရေးအတွက် ဖြေရှင်းချက်များကို အာဆီယံမှ ဆက်တိုက်တင်သွင်းခဲ့ပြီး နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုများ ဖော်ဆောင်ရန်အတွက်လည်း အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။
၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အရှေ့အာရှ စီးပွားရေးအကျပ်အတည်းသည်လည်း အရှေ့တောင်အာရှဒေသကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ထိုစီးပွားရေး အကျပ်အတည်းကြောင့် အဓိကထိခိုက်ခဲ့သော နိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် တောင်ကိုရီးယားနိုင်ငံလည်း ပါဝင်ခဲ့သည်။ အဆိုပါ အကျပ်အတည်းက အာဆီယံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် အာဆီယံက အဖွဲ့အစည်းများနှင့် ပရိုဂရမ်များ အသစ်ဖွဲ့စည်းပြီး အဆိုပါပြဿနာ ကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာတွင် ASEAN Vision 2020 ကို ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကြီးစားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးမူဝါဒများ ပူးပေါင်းချမှတ်ခြင်းကို တိုးမြှင့်ပြီး ဒေသတွင်းစီးပွားရေးတည်ငြိမ်မှု ထိန်းသိမ်းရန်၊ စီပွားရေးဝန်ဆောင်မှု လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရန်၊ ငွေကြေး၊ ဈေးကွက်၊ အခွန်၊ အာမခံနှင့် အခွန်စည်းကြပ်မှုများတွင် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ နောက်ထပ် စီးပွားရေးအကျပ်အတည်းများ ထပ်မံမဖြစ်ပွားစေရန် ASEAN Surveillance Process ကို ၁၉၉၈ ခုနှစ် အောက်တိုဘာတွင် ဖော်ဆောင်ခဲ့ပြီး နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံအလိုက် စီးပွားရေးအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်လေ့လာခဲ့သည်။ ထို့အပြင် အာဆီယံသည် ပြင်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် စတင်ခဲ့သည်။
၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရှေ့တောင်အာရှ အဏုမြူ လက်နက်ကင်းမဲ့ဇုန် စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါစာချုပ်တွင် အဏုမြူလက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးအပေါ် အာဆီယံ၏ စိုးရမ်မှုများကို ဖော်ပြခဲ့သည်။ အလားတူ အဏုမြူ ထုတ်လုပ်မှုမှ ထွက်ပေါ်လာမည့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကို အဆိုပါစာချုပ်တွင် ဖော်ပြထားသည်။
ထိုစာချုပ်သည် ၁၉၉၇ ခုနှစ် မတ်လ ၂၇ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး အဏုမြူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံငါးနိုင်ငံနှင့်လည်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
အာဆီယံအနေဖြင့် ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်သည့် မူဝါဒကို အစဉ်လက်ကိုင်ထားခဲ့သော်လည်း ဆူဟာတိုအလွန်ကာလတွင် ညင်သာသည့်ဆက်ဆံမှုပုံစံကို စတင်ဖော်ဆောင်လာခဲ့သည်။ အဆိုပါပုံစံကို ထိုင်းနိုင်ငံမှ အကြံပြုခဲ့ပြီး အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအပေါ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရှုထောင့်များမှ ဝေဖန်ရှုတ်ချမှုများ ပြုလုပ်နိုင်စေရန် လမ်းစဖွင့်ပေးခဲ့သည်။
လက်ရှိတွင် အာဆီယံအတွက် အရေးပါသော ပြဿနာတစ်ရပ်မှာ တောင်တရုတ်ပင်လယ်အရေးဖြစ်ပြီး မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌသက်တမ်း ပထမအကြိမ် ထိပ်သီးအစည်းအဝေးကာလက အငြင်းပွားရေပိုင်နက်အတွင်း စစ်ရေယာဉ်များချထားကာ တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ အဆိုပါ အငြင်းပွားမှုမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေနံထွက်ရှိသော ကျွန်းစုများနှင့် ရေပိုင်နက်အပေါ် ဒေသတွင်းနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့မှ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် မလေးရှားအပါအ၀င် အခြားနိုင်ငံများ၏ နယ်နိမိတ်များသည် တရုတ်ရေပိုင်နက်အတွင်း ရောက်ရှိနေခြင်းမှစ၍ အဆိုပါအငြင်းပွားမှု စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ညီလာခံမှစ၍ တင်းမာမှုများ စတင်ပေါ်ပေါက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အဆိုပါ အငြင်းပွား ပိုင်နက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ အသီးသီး နယ်မြေပိုင်ဆိုင်မှုများ သတ်မှတ်ခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။
Eleven Media Group
No comments:
Post a Comment