Monday, November 10, 2014

ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုကို ပို၍ခိုင်မာစေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖက်ဒရယ်စနစ် ဆိုသည်မှာ ပြည်နယ်များ ခွဲထွက်ရေး မဟုတ်ဘဲ ပြည်ထောင်စုကို ပို၍ခိုင်မာစေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဒေသခံ များကို နိုဝင်ဘာလ ၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ပြောဆိုလိုက်သည်။ 

ပြည်နယ်များနှင့် ပြည်မအတွက် လုပ်ပိုင်ခွင့်များကို ဥပဒေဘောင်အတွင်းမှ နေ၍ ခွဲခြားထားရှိပြီး ခေတ် အလျောက် ပေါ်ပေါက်လာမည့် ကိစ္စများအပေါ် ပြည်နယ်နှင့် ပြည်မက တဝန်ယူ ဆုံးဖြတ်ရမည့် အပိုင်း များကိုလည်း ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဖက်ဒရယ် ခွဲထွက်ရေးနဲ့ ဘာမှမဆိုင်ပါဘူး။ ဖက်ဒရယ်စနစ်မို့လို့ ပြည်ထောင်စု ခွဲထွက်သွားမယ် ဆိုတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ တည်ထောင်ထားတဲ့ နိုင်ငံတွေမှာဆိုရင် ခွဲထွက်ချင် တာ နည်းတယ်။ အားလုံး သဘောတူညီမှုတွေနဲ့ ဖွဲ့ထားလို့ပါ။ အများက ထူထောင်ထားတဲ့စနစ်ဟာ ပိုပြီး ခိုင်မာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတစ်နိုင်ငံကို စစ်မှန်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တည်ထောင်ပါက ပြည်နယ်များအနေနှင့် ပြည်မ မှ ခွဲထွက်လိုမှု အားနည်းကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနှင့် ပြည်သူကို နှိပ်စက် မည့်စနစ်မျိုး အာဏာရှင် ဆန်သည့်စနစ် မည်သည့်အခါမျှ မပေါ်ပေါက်စေရန် တည်ထောင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“အာဏာရှင်ဆန်တဲ့ လူတွေက ပြည်သူလူထုကို နှိပ်စက်မယ့်စနစ်မျိုး ဘယ်တော့ အခါမှ မပေါ်ပေါက်စေရ ဘူး။ ပြည်သူတွေလည်း အာဏာရှင်စနစ်အောက်မှာ ခံစားနေကြရတာတွေကို မခံစားရလေအောင်နဲ့ အာဏာရှင်စနစ် ပြန်မဖြစ် ရလေအောင် ဒီအဖွဲ့ ထူထောင်ထားခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များကို တပ်မတော်က ထိန်းချုပ် ထားဆဲ ဖြစ်ကြောင်း ပုသိမ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လည်း ၎င်းက ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည် နယ် ခရီးစဉ်ကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီက စတင်ခဲ့ခြင်း ဖြစ်ပြီး ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ် တို့ရှိ ဒေသခံများနှင့်လည်း ခေတ္တတွေ့ဆုံခဲ့ကာ လွိုင်ကော် လူထုဟောပြောပွဲကို ညနေ ၄ နာရီတွင် ပြုလုပ် ခဲ့ပြီး ပြည်သူလူထု တစ်သိန်းကျော် တက်ရောက်ခဲ့သည်။ 

(မေဆူးလွင်)
The Voice Weekly

No comments:

Post a Comment

My Blog List