Friday, November 14, 2014

မြန်မာ့ပြုပြင်ပြောင်းလဲရေး နှောင့်နှေးမှုကို အိုဘားမား အသိအမှတ်ပြု


အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုမှာ အိုဘားမားက မြန်မာ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် နှောင့်နှေး
နေတာကို အသိအမှတ်ပြုသွားပြီး နည်းလမ်းရှာမယ်လို့ ပြောဆိုသွားခဲ့ကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ မိတ္ထီလာ အမတ် ဦးဝင်းထိန်က ပြောပါတယ်။

အိုဘားမားဟာ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် အမတ်တချို့ နေပြည်တော်၊ နန်းဝတီဟိုတယ်မှာ နိုဝင်ဘာ ၁၃ ရက်က တနာရီခွဲ ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အိုဘားမားနဲ့ သီးခြားတွေ့ဆုံဖို့ ရှိတဲ့အတွက် ၀င်ရောက်ဆွေးနွေးခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

အန်ကယ် ဘယ်သူတွေက ဘာတွေ ဆွေးနွေးသွားကြလဲ။

သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီ တိုးတက် ရရှိရေးအတွက် ဘယ်လိုနည်းနဲ့ အကောင်အထည်ဖော်ရမလဲဆိုတာ ဘယ်လို အကူအညီ ပေးရမလဲဆိုတာကို လာပြီး စူးစမ်းလေ့လာတာ၊ အခုထိအနေအထားကိုတော့ သူ အထိုက်အလျောက် ကျေနပ်တယ်။ သို့သော်လည်း ရှေ့မှာ ဆက်ပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်လို့ ပြောတယ်။

သူရဦးရွှေမန်းကတော့ လုပ်ရမယ်ဆိုတာ မြန်မာနိုင်ငံလွှတ်တော်မှာ သူဘယ်လို လုပ်ကိုင် ဆောင်ရွက်နေ တယ်။ ဥပဒေပြုရေးကို ဦးစားပေးပြီးတော့ ဘာတွေ လုပ်နေတယ်။ အဲ့ဒီ အကြောင်းတွေ ပြောပြတယ်။ ပြည်ခိုင်ဖြိုးပါတီက ဦးညွန့်တင်တို့ ဦးလှမြင့်ဦးတို့ကတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အမေရိ ကန်အစိုးရနဲ့ အတွေ့အကြုံဖလှယ်တဲ့ ခရီးစဉ်တွေ အများကြီးရှိခဲ့ပြီး နောင်ကိုလည်း အလားတူ ဆက်လက် အကူအညီပေးဖို့ ပြောပါတယ်။

တိုင်းရင်းသားအမတ်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အခွင့်အရေးတွေ ပိုရဖို့ မျှော်လင့်တဲ့အကြောင်း ပြောတယ်။

ဒေါ်ဖြူဖြူသင်းကတော့ နယ်ဒေသတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးနေတဲ့ အတွက်ကြောင့် ကိုင်တွယ်ရခက်တဲ့အကြောင်း ပြောပါတယ်။

ကျနော်က ၂ ချက်ပြောတယ်။ တချက်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်နေပြီ။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အတိတ်က ခါးသီးတဲ့ ကိစ္စတွေကို မေ့ဖျောက်ထားပြီး တော့ အနာဂတ်မှာ လက်စားချေဖို့ဆိုတဲ့ စိတ်မျိုးတွေ မမွေးဘဲနဲ့ ဆက်လုပ်သွားဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ အကြောင်း၊ နောက်တချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ၂၀၁၃ ခုနှစ် နှောင်းပိုင်း ၂၀၁၄ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးအရှိန်နှေးသွားတယ်လို့ ခံစားရတဲ့အကြောင်း၊ သမ္မတအနေနဲ့ ဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ပိုပြီးတော့ အားစိုက်ခွန်စိုက်လုပ်ပေးဖို့ မေတာရပ်ပါတယ်လို့ ကျနော်ပြောပါတယ်။

အိုဘားမားက ဘာပြန်ဆွေးနွေးသလဲခင်ဗျ။

နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် မလွယ်ဘူးဆိုတာ သူသိတယ်။ မြန်မာနိုင်ငံ ဖြတ်သန်းလာ တဲ့ သမိုင်းကြောင်းကိုလည်း သူသိတယ်။ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒိုနီးရှားမှာ အင်ဒိုတပ်မတော် ဟာ အမျှော်အမြင်ကြီးကြီးနဲ့ ဆုတ်ခွာတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ရောက်အောင်သွားတဲ့အတွက် အင်ဒိုနီးရှား ဟာ အခုအောင်မြင်တဲ့ ဒီမိုကရေစီ ဖြတ်သန်းမှုကို ဖြတ်သန်းခဲ့တယ်။ မြန်မာနိုင်ငံ လည်း အလားတူ ဖြတ်သန်းနိုင်မယ်လို့ သူ မျှော်လင့်တယ်။ ဘယ်နိုင်ငံမဆို တပ်မတော်လွှမ်းမိုးမှုများရင် တိုးတက်မှု နှောင့်နှေး မှာ သေချာတယ်။ နောက် ကျနော်တင်ပြသွားတဲ့ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတယ်ဆိုတာကို ပွင့်ပွင့် လင်းလင်း တင်ပြသွားတာ သူသတိထားမိတယ်။ ဒါကြောင့်မို့ နောင်မှာ ဘယ်လို မြန်မြန်ဆန်ဆန် ပြုပြင် ပြောင်းလဲနိုင်မလဲဆိုတာ သူ နည်းလမ်းရှာမယ်လို့ ပြောသွားပါတယ်။

အဲ့ဒီတော့ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေတယ်ဆိုတာကို သမ္မတအိုဘာမားက အသိအမှတ်ပြုသွားတဲ့ အတွက်ရော နည်းလမ်းရှာမယ်လို့ ပြောသွားတဲ့ အတွက်ရော အလားအလာ ကောင်းမယ်လို့ မမျှော် လင့်ရတာပါပဲဗျာ။

DVB

No comments:

Post a Comment

My Blog List