Monday, November 10, 2014

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို မဲဆန္ဒရှင်တွေ ဆန္ဒပြမယ်


အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ဒဂုံမြို့သစ် မြောက်ပိုင်း နဲ့ အရှေ့ပိုင်းမြို့နယ် တွေမှာ ရှိတဲ့ မဲဆန္ဒရှင်တွေက ဆန္ဒပြဖို့ စီစဉ်နေကြ ပါတယ်။ ပြည်သူတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး ကစားတာ မကောင်းဘူးလို့ ဒေါ်ခင်ဝိုင်းကြည် ဘာကြောင့် ပြောရတာလဲ။

အမျိုးသား လွှတ်တော် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးဖို့ အဆိုတင်သွင်းခဲ့လို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ် များရှိ မဲဆန္ဒရှင်တွေက ကန့်ကွက်ဆန္ဒပြမယ်လို့ ဆန္ဒထုတ်ဖော် ထုတ်ပွဲ ဦးဆောင်မယ့်သူ ဦးအောင်ကိုဦးက ပြောပါတယ်။

ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံကနေ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် အိမ်တည်ရှိရာ ၄၆ ရပ်ကွက် ၅၀ ကွေ့ မှတ်တိုင်အနီးသို့ လမ်းလျှောက် ဆန္ဒပြမယ်လို့ သူက ပြောပါတယ်။

PR စနစ်တင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်တယ် စာသားပါ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှာလို့ ဦးအောင်ကိုဦးက ဆိုပါတယ်။

“ကျွန်တော်တို့ လူပေါင်း ၃၀၀ ကျော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက် တောင်းထားတယ်။ ဒေါ်ခင်ဝိုင်းကြည် အိမ်ရှေ့အထိ ဗွီနိုင်း ကိုင်ဆောင်ပြီး ဆန္ဒပြမယ်” လို့ သူက ရှင်းပြပါတယ်။

PR စနစ်တင်သွင်းတာကို ပြည်သူတွေက အမှန်တကယ် နားလည်မှု မရှိသေးလို့ ဆန္ဒပြတာဖြစ်နိုင်ပေမယ့် လူထုကို ခုတုံးလုပ်ပြီး နိုင်ငံရေးကစားကွက်တွေ မလုပ်သင့်ဘူးလို့ ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။

“ပြည်သူကနိုင်ငံရေးကို အတိုင်းအတာ တစ်ခုထိပဲ သိတယ်။ နောက်ပြီး PR နဲ့ လက်ရှိနိုင်ငံရေး အခြေ
အနေကို မသိဘူး။ အဲဒီတော့ ဘာမှမသိတဲ့ ပြည်သူကိုတော့ ခုတုံးလုပ်ပြီး နိုင်ငံရေး ကစားတာ မကောင်း ပါဘူး” လို့ သူက ပြန်လည် တုံ့ပြန်ပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ဟာ ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဖို့ အဆိုကို ဇွန်လ အတွင်း တင်သွင်းခဲ့ပါတယ်။ အမျိုးသားလွှတ်တော်သို့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ PR စနစ်ကို အကောင် အထည်ဖော်ဖို့ ကိုယ်စားလှယ် ၃၆ဦးပါဝင်တဲ့ PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လ ဒုတိယပတ်အတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုက လွဲလို့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် အသုံးပြုဖို့ အဲဒီကော်မတီက ဩဂုတ်လအတွင်းမှာ ဆုံးဖြတ်ထားပါတယ်။
အဲဒါအပြင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အသုံးပြုနေတဲ့ PR ပုံစံတွေထဲက မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ PR ဒီဇိုင်းကို အပြီးသတ်ရွေးချယ်ထားပြီး လွှတ်တော်သို့ အခုလအတွင်း တင်သွင်းမယ်လို့ PR စနစ် အကောင် အထည်ဖော်ရေး ကော်မတီဆီကနေ သိရှိရပါတယ်။

အလားတူ ပြည်သူ့လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ ပုံစံကို ပြောင်းလဲ အသုံးပြုဖို့ အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကိုလည်း သူ့ရဲ့ မဲဆန္ဒနယ် ပုဇွန်တောင် မြို့နယ်က မဲဆန္ဒရှင်ပြည်သူ ၃၀၀ ကျော်က စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းမှာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။


The Voice Weekly 

No comments:

Post a Comment

My Blog List