လွတ်လပ်ပြီး ပွင့်လင်းတဲ့ စာနယ်ဇင်းဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးမှာ အခြေခံ အုတ်မြစ်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျာနယ်လစ် ၇၀၀ ကျော် သူတို့အလုပ် သူတို့လုပ်နေရင်း အသတ်ခံ ခဲ့ကြရတယ်။ တချို့အမှုတွေ အပြည်ပြည်ဆိုင်ရာက စိတ်ဝင်တစားဖြစ်ခဲ့ကြတယ်။ တချို့ အမှုတွေ စိတ်ဝင် စားမှု နည်းနည်းပဲ ရကြတယ်။
မနှစ်က တနှစ်တည်းမှာကို ဥပမာပြရရင် အီရတ်နိုင်ငံသား သတင်းထောက် အနည်းဆုံး ၁၇ ယောက် အကျဉ်းချုံး သတ်ဖြတ်ခံခဲ့ရပါတယ်။ ကမ္ဘာတလွှား ဂျာနယ်လစ်တွေ၊ မီဒီယာလုပ်သား အမြောက်အမြား ခြိမ်းခြောက် နှောင့်ယှက်မှု၊ အသက်အန္တရာယ် ရန်ရှာမှုနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ခံစားခဲ့ရ ပါတယ်။
ဆယ်မှုမှာ ကိုးမှုက အရေးယူ မခံကြရဘူး။ ရလဒ်အနေနဲ့ ရာဇဝတ်သားတွေ ဟာ ပိုဆိုးလာနေကြတယ်။ လူတွေဟာ ခြစားမှုတွေ၊ နိုင်ငံရေး ဖိနှိပ်မှုတွေနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ပြောဖို့ ကြောက်နေကြတယ်။ ဒါကို ရပ်ပစ်ရပါမယ်။
ဒါ့ကြောင့် ကုလသမဂ္ဂက နိုဝင်ဘာ ၂ ရက်နေ့ကို ဂျာနယ်လစ်များအပေါ် တရားလက်လွတ် ရာဇဝတ် ကျူးလွန်မှု ရပ်တန့်ရေး အပြည်ပြည်ဆိုင်ရာနေ့ the International Day to End Impunity for Crimes against Journalists အဖြစ် ကြေညာရခြင်း ဖြစ်တယ်။
နေရာတိုင်းက ဂျာနယ်လစ်တွေ၊ မီဒီယာလုပ်သားတွေအတွက် စိတ်ချလုံခြုံတဲ့ ဝန်းကျင်တရပ် ကူညီဖန် တီးပေးမယ့် ကုလသမဂ္ဂရဲ့ လုပ်ငန်းအစီအစဉ် ကျနော်တို့မှာ ရှိပါတယ်။
တရားလက်လွတ်မှုတွေကို ရပ်တံ့စေခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို ကျနော်တို့ နက်ရှိုင်းစေပါမယ်။ ဆွေးနွေးပြောဆိုမှုကို အားမြှင့်စေပါမယ်။ လူ့အခွင့်အရေးကို ကျနော်တို့ ဖွံ့ဖြိုးစေမယ်။ လူ့အဖွဲ့အစည်းတွေကို အားကောင်းစေပါမယ်။
ဘယ်နေရာက ဂျာနယ်လစ် တဦးတယောက်မှ သတင်းပေးပို့ဖို့ သူတို့အသက်ကို မရင်းသင့်ပါဘူး။ ဂျာနယ်လစ်များအတွက် ကျနော်တို့ အတူတကွ ရပ်တည်ကြပါစို့။ တရားမျှတမှုအတွက် ကျနော်တို့ ရပ်တည်ကြပါစို့။
ဧရာဝတီ
No comments:
Post a Comment