(၁)လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး ကမ်းလှမ်းချက်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ထွက်ပေါ်ခဲ့ပါတယ်။ တစ်နှစ်နီးပါးကြာချိန် အောက်တိုဘာ ၃၁ ရက်မှာ နိုင်ငံရေးထိပ်သီးတွေရဲ့ တွေ့ဆုံပွဲကို သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အိမ်တော်မှာ ပြုလုပ်ပါတယ်။
အောက်တိုဘာတွေ့ဆုံမှုဟာ လေးပွင့်ဆိုင်မဟုတ်ပါဘူး။ ကိုးပွင့်ဆိုင်လို့ ကနဦးပိုင်းမှာ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်အားစုအဖွဲ့ငါးဖွဲ့ရဲ့ တွေ့ဆုံမှုအဖြစ် သတ်မှတ်ပါတယ်။ အစိုးရ၊ ဥပဒေပြုရေး၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဖြစ်ပါတယ်။
သမ္မတ၊ လွှတ်တော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံလိုတဲ့ လေးပွင့် ဆိုင်ပုံစံမျိုးနဲ့ အင်အားစုငါးဖွဲ့ တွေ့ဆုံမှုပုံစံက များစွာကွာခြားမှု ရှိပါတယ်။
အောက်တိုဘာ ၃၁ ရက်တွေ့ဆုံပွဲမတိုင်ခင် အချိန်ကတည်းက ဒီဆွေးနွေးပွဲဟာ ဟန်ပြဆွေးနွေးပွဲ (Show Business) ပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်သူအားလုံးကလည်း သံသယနဲ့ စောင့်ကြည့်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမား နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာဖို့ရှိတာ၊ မြန်မာ့ပြုပြင်ပြောင်းလဲရေး နှေးကွေးနေတာ၊ ဂျာနယ်လစ်တွေ ဖမ်းဆီးထောင်ချခံနေရတာ၊ ကိုပါကြီး အသတ်ခံရမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ ရှိနေတာ၊ ဒီအချက်တွေက သမ္မတဦးသိန်းစိန်ကိုရော တပ်မတော်အပေါ်မှာပါ ဖိအားတွေရှိနေခဲ့ ပါတယ်။ နိုင်ငံရေးအကျပ်အတည်း ရောက်နေချိန် ဖြစ်ပါတယ်။
(၂)အင်အားစုငါးဖွဲ့ တွေ့ဆုံပွဲကို နိုင်ငံရေးဆွေးနွေးပွဲလို့ မသုံးဘဲ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲလို့ အစိုးရက သုံးနှုန်းခဲ့ပါ တယ်။ တွေ့ဆုံပွဲ ခေါ်ယူမှုက ရုတ်တရက်စီစဉ်ပြီး တက်သုတ်ရိုက်ခေါ်ယူသလို ဖြစ်နေပါတယ်။ ဖိတ်စာတိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ဆိုတဲ့ စာသားကို ရိုက်နှိပ်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကမ်းလှမ်းချိန်မှာ အစိုးရဘက်က တုံ့ပြန်ခဲ့တာ ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံး သပ်မှုကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးနောက်ပိုင်းမှ စဉ်းစားမယ်ဆိုတဲ့ ပုံစံမျိုးပါ။ အောက်တိုဘာ ၂၂ ရက်မှာ ကော် မတီက အစီရင်ခံစာ သွင်းပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ တွေ့ဆုံပွဲလုပ်ပါတယ်။ လေးပွင့်ဆိုင်မဟုတ်ဘဲ အင်အားစုငါးစု ဖြစ်နေပါတယ်။ မြန်မာ့နိုင်ငံရေးက အားလုံးပါဝင်ပတ်သက်တဲ့ နိုင်ငံရေးဖြစ်တာမို့ အင်အားစုငါးစု ခေါ်ယူရခြင်းဖြစ်တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တွေ့ဆုံပွဲ တက်ခဲ့သူစာရင်းကို ပြန်ကြည့်တဲ့အခါ သမ္မတဘက်က သူတစ်ဦးတည်းမဟုတ်ဘဲ ဒုတိယသမ္မတနှစ်ဦးကို ခေါ်ယူခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း သူတစ်ဦးတည်းမတက်ဘဲ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ခေါ်ယူပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားပြု ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ စုစုပေါင်း နေရာ ၁၇ နေရာ အနိုင်ရရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီကိုလည်း သီးသန့်တက်ရောက်စေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပါတယ်။ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ဖိတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ နှစ်ဦးစလုံးကို ကိုယ်စားပြုအနေနဲ့ ဖိတ်ခဲ့တဲ့ပုံစံမျိုးပါ။ ဖိတ်ကြားချိန် နီးကပ်လွန်းတာကြောင့် သူတို့ကိုယ်စားပြုထားသူတွေရဲ့သဘောထားကို မယူနိုင်ခဲ့ကြပါဘူး။
လွှတ်တော်တွင်း ရောက်နေသူတွေ အပါအဝင် အဖွဲ့ဝင် ၂၃ ပါတီနဲ့ ဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ဖိတ်ပါတယ်။ FDA ကိုယ်စားပြုအနေနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကို ဖိတ်ပါတယ်။
လူစာရင်းကိုကြည့်ရင် အစိုးရဘက်က အားသာချက်အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ရာထူး၊ တာဝန်၊ ခေါင်းစဉ်ခွဲတွေနဲ့ လူစုံခေါ်တယ်ဆိုတဲ့ပုံစံမျိုး ထင်ရမယ့် အစိုးရနဲ့ အခြေခံသဘောထားတူညီသူ အများစုပါဝင်နေတာ ဖြစ်ပါတယ်။ ဒီအချက်ကပဲ တွေ့ဆုံပွဲပုံစံဟာ အရင်လုပ်ခဲ့တဲ့ အမျိုးသားညီလာခံပုံစံမျိုး ဖြစ်ခဲ့ရတာပါ။
(၃)တွေ့ဆုံပွဲပုံစံ အပြင်အဆင်ကအစ တွေ့ဆုံပွဲအပေါ် သံသယဖြစ်စေခဲ့ပါတယ်။ သတင်းထောက်တွေကို ခေါ်ယူခဲ့တယ်။ ဓာတ်ပုံရိုက်ခွင့်ပဲ ပေးခဲ့ပါတယ်။ တွေ့ဆုံမှုပြီးမှ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ ဦးရဲထွဋ်တစ်ဦးတည်းက ရှင်းခဲ့တာပါ။ တွေ့ရုံသာတွေ့ပြီး ပြီးသွားတဲ့ပွဲ ဖြစ်သွားပါတယ်။ ပူးတွဲကြေညာချက် မထွက်ခဲ့သလို တွေ့ဆုံပွဲကရတဲ့ ဘုံသဘောထား ကြေညာချက်လည်း မရှိခဲ့ပါဘူး။
တွေ့ဆုံပွဲမစခင်မှာ သမ္မတအိမ်တော်ကို အစောဆုံးရောက်လာခဲ့သူက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဖြစ်ပါတယ်။ နှစ်လိုဖွယ်ရာအပြုံးနဲ့ မီဒီယာတွေဘက် လက်ပြနှုတ်ဆက် ဓာတ်ပုံအရိုက်ခံပါတယ်။ ဒီနောက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန်ကို နှုတ်ဆက်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း မီဒီယာတွေဘက် လှမ်းကြည့်လက်ပြပြီး ဓာတ်ပုံအရိုက်ခံပါတယ်။ သူတို့နှစ်ဦးကလွဲပြီး ကျန်တဲ့သူအားလုံးက မီဒီယာတွေဘက်လှည့်ပြီး ပြုံးပြ၊ လက်ပြနှုတ်ဆက် ဓာတ်ပုံအရိုက်ခံတာမျိုး မရှိခဲ့ပါဘူး။
တွေ့ဆုံပွဲတက်ရောက်လာသူတွေကို သမ္မတဦးသိန်းစိန်က ကြိုပါတယ်။ ပြီးတော့ နားနေခန်းကို ပို့တယ်။ လူစုံတဲ့အခါ စုပေါင်းဓာတ်ပုံအရိုက်ခံ၊ တွေ့ဆုံပွဲ စကားဝိုင်းမှာ ဝင်ထိုင်၊ ပြီးတဲ့နောက် မီဒီယာတွေကို ထွက်ခွာခိုင်း။ ဒီပုံစံတွေက အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ လုပ်လေ့ရှိတဲ့ ပုံစံမျိုးပါ။ ဒီပုံစံအတိုင်းပဲ ဦးသိန်းစိန်က လုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲစကားဝိုင်းမှာ တက်ရောက်လာသူတွေက တစ်ဦးကို အချိန် ၁ဝ မိနစ် ပြောခွင့်ရခဲ့ပါတယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေမှာလည်း ခေါင်းဆောင်တွေက တစ်ဦးကို ပျှမ်းမျှ အချိန် ၁ဝ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီလို ၁ဝ မိနစ်၊ ၁၅ မိနစ်ပြောဖို့အတွက် အစည်းအဝေး ရာထောင်ချီကို ကြိုလုပ်ထားပြီးမှ ပြောကြတာပါ။ ကနဦး အကြိုဆွေးနွေးမှု၊ အစည်းအဝေး တစ်ခုမှမလုပ်ထားဘဲ ပထမဆုံးတွေ့ချိန်မှာ တစ်ဦးကျ ၁ဝ မိနစ်ပြောခွင့်နဲ့ နိုင်ငံအရေးဆွေးနွေးမှုဆိုတဲ့ အသုံးအနှုန်း လိုက်ဖက်ညီမှု မရှိပါဘူး။
တွေ့ဆုံမှုပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးတင်းမာမှု ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ အပြုံးအရယ်နည်းလှတဲ့ နိုင်ငံရေးထိပ်သီးတွေရဲ့ ဟန်ပန်ဟာ အေးစက်မှုကို ပိုပြီးပေါ်လွင်စေပါတယ်။
တွေ့ဆုံပွဲမစခင် သမ္မတဦးသိန်းစိန် အကြိုနှုတ်ဆက်ချိန်ကတည်းက တင်းမာမှုအခြေအနေကို တွေ့ခဲ့တာတွေ ရှိပါတယ်။
ကနဦး အကြိုနှုတ်ဆက်ချိန်မှာ သမ္မတဦးသိန်းစိန်နဲ့ မတ်တတ်ရပ် စကားကြာကြာပြောခဲ့သူက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပါ။ သမ္မတဦးသိန်းစိန် တတွတ်တွတ်ပြောနေတဲ့ စကားတွေကို ဦးခင်အောင်မြင့် အပြုံးအရယ်နည်းပါးစွာနဲ့ အေးစက်စွာ နားထောင်ခဲ့ပါတယ်။ ကနဦး နှုတ်ဆက်ချိန်မှာ အချိန်အတိုဆုံး နှုတ်ဆက်စကားပြောသူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ နောက်ဆုံးမှ ရောက်ခဲ့တာဖြစ်ပါတယ်။ ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်ပြီး ချက်ချင်းလှည့်ထွက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကို သမ္မတဦးသိန်းစိန်က လိုက်ပါပြီး ဧည့်ခန်းဝအထိ လိုက်ပို့ခဲ့ပါတယ်။
(၄)တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန် ပြောခဲ့တာတွေက သူ့ရဲ့လစဉ် ရေဒီယိုမိန့်ခွန်းတွေမှာ ပြောခဲ့တဲ့ စကားတွေပါပဲ။
၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်အောင်လုပ်နိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းဖို့လိုတယ်ဆိုတဲ့ အချက်ကို သမ္မတဦးသိန်းစိန်က ထပ်ပြောခဲ့ပါတယ်။ ဒီစကားကို အောက်တိုဘာလ ရေဒီယိုမိန့်ခွန်းမှာ ဦးသိန်းစိန်က ပြောခဲ့ပါသေးတယ်။ သူ့ပြောကြားချက်က ခြိမ်းခြောက်သလို ဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂ဝ၁၅ ရွေးကောက်ပွဲကို မှန်ကန်မျှတစွာ လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာတွေကို ပြောတယ်။ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့အခါ ဖက်ဒရယ်ဆန်အောင် ပြင်ဖို့လိုတာကို ပြောတယ်။ သူတို့သုံးဦးရဲ့ ပြောကြားချက်က ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုတွေကို အတန်အသင့် လျော့ကျစေနိုင်တဲ့ ပြောကြားမှုတွေ ဖြစ်ခဲ့ပါတယ်။ လက်တွေ့ကို စောင့်ကြည့်ရမှာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရဲ့မူတွေကို ပြောတဲ့အခါ သူတို့ဆုပ်ကိုင်ထားတဲ့ အချက်တွေကိုပဲ ပြန်ပြောခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနည်း ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကို လက်ခံပါတယ်။ တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ တခြား ထူးထူးခြားခြား ပြောတဲ့အရာတွေ မပါခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ထူးထူးခြားခြားပြောခဲ့တာ မရှိပါဘူး။ အထူးသဖြင့် ဖိတ်စာရတာ နောက်ကျတယ်။ ပါတီ ဗဟိုကော်မတီကို အစည်းအဝေး မခေါ်နိုင်ခဲ့ဘူး။ ဗဟိုကော်မတီနဲ့ ဘာမှမတိုင်ပင်ရသေးတဲ့အတွက် ဘာမှမပြောနိုင်ဘူးလို့ ပြန်ပြောခဲ့တာ ရှိခဲ့ပါတယ်။
တွေ့ဆုံပွဲမှာပြောခဲ့တာ အားလုံးက ယေဘုယျဆန်ခဲ့ပါတယ်။ နိုင်ငံ့အရေး ဆွေးနွေးပွဲဆိုပြီး အစိုးရဘက်က ခေါင်းစဉ်တပ်ခဲ့တာမို့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးကိစ္စတွေတင်မကဘဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေပါ ခေါင်းစဉ်တင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် တိတိကျကျ ဆွေးနွေးခဲ့တာ မရှိပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ထဲကနေဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးက သဘောတူတယ်ဆိုတာလည်း ထူးခြားတဲ့သဘောတူညီချက် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ လွှတ်တော်ထဲဝင်သွားတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကပြင်နိုင်ဖို့ အချက်တစ်ချက် ပါဝင်ပါတယ်။
တွေ့ဆုံပွဲဟာ ဆွေးနွေးပွဲပုံစံ မဟုတ်ပါဘူး။ အစိုးရပိုင်းက သူတို့ကိုယ်စီ ပြောထားပြီးဖြစ်တဲ့ စကားတွေကို အားလုံးမျက်နှာချင်းဆိုင်တွေ့ချိန်မှာ ပြန်ပြောတယ်။ ကျန်တဲ့သူတွေ နားထောင်တယ်။ အစိုးရမူဝါဒကို သဘောကျပြီး လိုက်ပါဆောင်ရွက်သူတွေက အစိုးရပြောဆိုချက်တွေကို ထောက်ခံပြောဆိုခဲ့ကြပါတယ်။
(၅)တွေ့ဆုံပွဲအပြီး မှတ်ချက်တွေက တွေ့ဆုံပွဲအပေါ် သက်ရောက်စေပါတယ်။ တွေ့ဆုံတာ ကောင်းတယ်။ ဒါပေမဲ့ ရေရှည်အကျိုးရှိဖို့အတွက် စနစ်တကျလုပ်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင်တွေ့ဆုံရေးမူကို ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ လေးပွင့်ဆိုင်တွေ့ဆုံပွဲ မဟုတ်ဘူးလို့ ပြောပါတယ်။ တွေ့ဆုံပွဲအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို အစိုးရဘက်က ဆက်လက်ပယ်ချထားပြီး နောင်တွေ့ဖြစ်ရင်လည်း အခုလူစာရင်းအတိုင်းပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက တွေ့ဆုံပွဲဟာ တွေ့ဆုံဆွေးနွေးပွဲမဟုတ်ဘဲ တွေ့ဆုံထမင်းစားပွဲပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဦးခွန်ထွန်းဦးကိုယ်စား ပြောကြားခဲ့တဲ့ ဦးစိုင်းညွန့်လွင်က တွေ့ဆုံပွဲဟာ မျှော်မှန်းထားသလောက် မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကိုလည်း တွေ့ဆုံပွဲမစခင်ကတည်းက ရိပ်မိတယ်လို့ သူကဆိုပါတယ်။
နောက်တစ်ချက်က တွေ့ဆုံပွဲဟာ အားလုံးပါဝင်ရေးဆိုတဲ့မူကို အခြေခံခဲ့တာဖြစ်လို့ အင်အားစုငါးစုကို ဆွေးနွေးတာဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒီပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို ၂ဝ၁၄ မကုန်ခင် ဒါမှမဟုတ် ၂ဝ၁၅ နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့၊ ဒါမှသာလျှင် ၂ဝ၁၆ မှာတက်လာမယ့် အစိုးရမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေ ချမှတ်နိုင်မယ်ဆိုတဲ့ အချက်ကို သဘောတူဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးအပိုင်းမှာ အရေးကြီးဆုံးက တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုယ်စားပြုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဖြစ်ပါတယ်။ သူတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (UPWC) တို့ ဆွေးနွေးမှုက အဆုံးသတ်ခါနီးလေ အဖြေရှာမရလေ ဖြစ်နေပါတယ်။ ရပ်တန့်နေပါတယ်။
အောက်တိုဘာ ၃၁ ရက်တွေ့ဆုံပွဲမှာ UPWC (ဗဟို)ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။ တပ်မတော် ပါဝင်ပါတယ်။ ငြိမ်းချမ်းရေး၊ NCA ကိစ္စအပြင် ဖက်ဒရယ်ကိစ္စတွေကို ထုတ်ဖော်ဆွေးနွေးပါတယ်။ ဒီလို ထုတ်ဖော်ဆွေးနွေးပေမယ့် တွေ့ဆုံမှုမှာ NCCT အဖွဲ့ကိုယ်စားလှယ် မပါခဲ့ပါဘူး။
NCCT ဘာကြောင့်မပါသလဲဆိုတဲ့ မေးခွန်းကို ဦးရဲထွဋ်က ပြန်ဖြေတဲ့အခါ တွေ့ဆုံပွဲမှာ သွားတဲ့အကြောင်းအရာ၊ ဆွေးနွေးတဲ့ Level မတူတာကြောင့် မပါဝင်တာပါလို့ ပြန်ဖြေခဲ့ပါတယ်။
သမ္မတအိမ်တော်မှာ နိုင်ငံရေးထိပ်သီးတွေ ဆွေးနွေးနေတဲ့နေ့မှာပဲ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) က တာဝန်ရှိသူတွေ နေပြည်တော်မှာ ရှိနေခဲ့ပါတယ်။ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (NBF) ရဲ့ အကြိမ် (၂ဝ) ပုံမှန်အစည်းအဝေးကိုလည်း နေပြည်တော်မှာ ပြုလုပ်နေပါတယ်။ UPWC နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ရဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာပဲ လုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်ညပိုင်းမှာ MPC က ညစာစားပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ဒီပွဲကိုတက်ဖို့ ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ SNLD ကို ဖိတ်ခဲ့ပါတယ်။ သွားဖို့၊ မသွားဖို့ကို မဆုံးဖြတ်ရသေးဘူးလို့ အဲဒီနေ့ ဆွေးနွေးပွဲပြီးချိန်မှာ ဦးစိုင်းညွန့်လွင်က ပြောခဲ့ပါတယ်။ MPC ကတော့ နေပြည်တော်နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲကို သူတို့စီစဉ်တာ မဟုတ်ဘူးလို့ ပြောထားကြောင်း ဦးစိုင်းညွန့်လွင်ကပဲ ဆက်ပြောပါတယ်။
တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ MPC က တာဝန်ရှိသူတွေကို မတွေ့ခဲ့ရပါဘူး။ ဦးရဲထွဋ်တစ်ဦးတည်းပဲ အခမ်းအနားမှူးပုံစံမျိုးနဲ့ တွေ့ဆုံပွဲအတွင်း ဝင်ရောက်နေရာယူခွင့်ရခဲ့တာ တွေ့ရပါတယ်။
(၆)နေပြည်တော်နိုင်ငံရေး ထိပ်သီးတွေ့ဆုံပွဲဟာ အဖြေမထွက်ခဲ့ပါဘူး။ ပြည်သူတွေလိုချင်နေတဲ့၊ ပြည်သူတွေလို လားနေတဲ့ အဖြေ မထွက်ခဲ့တာပါ။ လေးပွင့်ဆိုင်ကို ပယ်ချထားပြီး တစ်နှစ်နီးပါးကြာမှ အင်အားစုငါးစု တွေ့ဆုံမယ် ဆိုကတည်းက ဒီပွဲဟာ အဖြေထွက်ဖို့ မဟုတ်ဘူး။ ဟန်ပြသာဖြစ်မယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း နိုင်ငံရေး အကဲခတ်တွေက ပြောထားပြီးဖြစ်ပါတယ်။ အစိုးရဘက်က ဟန်ပြမဟုတ်ဘူးလို့ ငြင်းပယ်ထားပါတယ်။
ဒီပွဲမှာ အကျိုးဖြစ်ထွန်းခဲ့တာ တစ်ခုပဲရှိပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချက်ပါ။
သမိုင်းကိုပြန်ကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ်တွေ့ခဲ့ဖူး ပါတယ်။
၁၉၉၄ ခုနှစ်မှာ ဦးသန်းရွှေ (အငြိမ်းစားဗိုလ်ချုပ်မှူးကြီး)၊ ဦးခင်ညွန့် (အငြိမ်းစားဗိုလ်ချုပ်ကြီး) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနှစ်အတွင်းမှာပဲ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်ကြိမ်ထက်မနည်း တွေ့ခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ အနည်းဆုံး တစ်ကြိမ်၊ ၂ဝဝ၂ ခုနှစ်မှာ အနည်းဆုံး တစ်ကြိမ် တွေ့ခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဦးသန်းရွှေ၊ ဦးမောင်အေးတို့နဲ့အတူ ညစာစားခဲ့ကြပါတယ်။
၂ဝဝ၉ ခုနှစ်မှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ် မြန်မာနိုင်ငံကို ရောက်ချိန်မှာလည်း ဒေါ်အောင်ဆန်း စုကြည် နဲ့ ဦးသန်းရွှေတို့ သီးခြားတွေ့ဆုံခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ သုံးနှစ်အတွင်း လေးကြိမ်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာမှာ လေးပွင့်ဆိုင်တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုချက်ကို သမ္မတဦးသိန်းစိန်ဘက်က ပယ်ချခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ဦးအကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
နေပြည်တော် နိုင်ငံရေးထိပ်သီး တွေ့ဆုံပွဲပြီးချိန်မှာ ထိပ်သီးတွေအချင်းချင်း တစ်ဝက်တစ်ပျက် အပြုံးတွေနဲ့ နှုတ်ဆက် ခဲ့ကြပေမယ့် နိုင်ငံရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ ဆက်တွေ့ကြမယ်ဆိုပေမယ့် အခါအားလျော်စွာ လုပ်ဆောင် သွားမယ်ဆိုတဲ့ ပုံစံမျိုးက မရေရာမှုကို ပိုပြီးဖြစ်စေပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရအတွက် အချိန်တစ်နှစ်ပဲ ကျန်ပါတော့တယ်။
Eleven Media Group
No comments:
Post a Comment