ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ ကြိုးတန်းပေါ်ကို လမ်းလျှောက် နေရတယ်လို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက လိုင်ဇာ တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ဒုတိယနေ့မှာ ပြောဆိုလိုက်ပါတယ်။
သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဆက်ဆံရေး အကောင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU အနေနဲ့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံပြီး တစ်နိုင်ငံလုံး အပစ်ရပ်ရေး ကြိုးပမ်းနေတာဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ KNU ရဲ့ မူလရည်မှန်းချက် အောင်မြင်စေဖို့ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ “ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို အချိန်ပြည့်ဖြစ်စဉ်အပေါ် စူးစိုက်မှုထား လုပ်နေရပါတယ်” လို့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောပါတယ်။
အစိုးရအဖွဲ့နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ KNU အဖွဲ့ကိုတိုင်းရင်းသား လက်နက် ကိုင်တွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့၊ ကရင်တိုင်းရင်းသားအချို့ကပါ ဝေဖန်မှုတွေ ပြင်းထန်လာချိန်မှာ ဥက္ကဋ္ဌကခုလို ပြောလိုက်တာပါ။ KNU အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြားမှာ ဟန်ချက်ညီအောင် မနည်းကြိုးစားနေရပြီး ဟန်ချက်ပျက်တာနဲ့ ကြိုးတန်းပေါ်က ပြုတ်ကျသွားမှာကို သိပါတယ်လို့ သူကပြောပါသေးတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ နီးပါးတို့ လက်မှတ်ထိုးဖို့ ကြိုးပမ်းနေတာမှာ စကားလုံး အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး သဘောမတူနိုင်ဘဲ ဖြစ်နေလို့ လိုင်ဇာညီလာခံ ပထမနေ့မှာ အဆုံးအဖြတ် မပေးနိုင်ခဲ့သလို ညတွင်းချင်းကျင်းပတဲ့ ဦးစီးကော်မတီကလည်း ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။
‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံး အသုံးအနှုန်းကို အလျှော့ပေးနိုင်ရင် အပစ်ရပ်စာချုပ်မှာ မြန်မြန် လက်မှတ် ထိုးနိုင်လိမ့် မယ်လို့ ချင်းအမျိုးသား တပ်ဦးရဲ့ အဓိပတိကောင်စီဝင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောပါတယ်။
The Voice Weekly
No comments:
Post a Comment